စစ်ကောင်စီ ထိန်းချုပ်မရခဲ့တဲ့ အာဏာသိမ်း ရက် ၁ဝဝ



မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီကနေ့ မေလ ၁၁ ရက်နေ့ ဆိုရင် ရက်ပေါင်း ၁၀၀ တိတိရှိသွားပါပြီ။

ဒါပေမယ့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေဆက်ရှိနေပြီး အစိုးရဝန်ထမ်းတော်တော်များများလည်း အမိန့် မနာခံရေး CDM မှာပါဝင်နေတာကြောင့် စစ်ကောင်စီရဲ့ ယန္တရားတော်တော်များများ မလည် မပတ်နိုင်ဖြစ်နေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ရန်ကုန်မြို့က သတင်းစာဆရာ ဦးစည်သူအောင်မြင့်က စစ်အာဏာသိမ်းမှု အခုထိ အောင်မြင်မှု မရသေးဘူးလို့သုံးသပ်ပါတယ်။

"စစ်တပ်က အာဏာသိမ်းလိုက်တာ အထမြောက်သွားတယ်၊ အောင်တော့ မအောင်မြင်သေးဘူး။ ပြည်သူလူထုတွေရဲ့ ဆန္ဒပြတုန့်ပြန်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းပြည်တည်ငြိမ်သွားအောင် မလုပ်နိုင် ဘူး၊ နိုင်ငံတကာ အသိအမှတ်ပြုမှာလည်း သုံးလသာကျော်သွားတယ်၊ တစ်နိုင်ငံမှ အသိအမှတ်ပြု တယ်ဆိုတာ မတွေ့ရဘူး။ စစ်ကောင်စီက သူ့ရဲ့ ယန္တရားကို အတင်းလည်ပတ်ဖို့ ကြိုးစားနေ တယ်၊ဒါပေမဲ့လည်း မလည်ပတ်နိုင်သေးဘူး"

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ ရက်ပေါင်း ၁၀၀ အတွင်းမှာ လူ ၇၈၀ ကျော် ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၄၉၀၀ ကျော်ဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထား ပါတယ်။ အဲဒီထဲက လူပေါင်း ၃၈ဝဝ ကျော်ကတော့ အကျဉ်းထောင်အသီးသီးမှာရှိနေသေးတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကတော့ အာဏာသိမ်းလိုက်တဲ့နေ့ကစပြီး ဒီနေ့ထိ မလုံမခြုံနဲ့ နေနေရတယ်လို့ ဆိုပါတယ်။

"ရက်ပေါင်း ၁၀၀ ရှိလာပြီ၊ ကိုယ့်အိမ်ပေါ်မှာကိုယ်နေရတာ မလုံမခြုံခံစားနေရတယ်၊ အပြင်သွားရင် လည်း မလုံခြုံသလို အိမ်ပေါ်မှာနေရတာလည်း မလုံခြုံဘူး။ ပြည်သူလူထုလုံခြုံရေး လုံးဝမရှိဘူး၊ စားဝတ်နေရေးနဲ့ ပြောလို့ရှိရင် ဝင်ငွေလုံးဝ မရှိဘူး၊ ဈေးသွားရင် ပိုက်ဆံ ၃၀၀၀၀ ကိုတစ်ပတ်စာ ဈေးဝယ်လို့ရတဲ့ အချိန်မှာ အခုဆို သုံးရက်စာလောက်ပဲရတယ်။ လုံးဝအဆင်မပြေဘူး။ အလုပ်ထွက်လုပ်ဖို့ အဆင်မပြေသလို ကုန်ဈေးနှုန်းကတက်၊ နေထိုင်ဖို့ကလည်း မလုံခြုံဘူး၊ အာဏာရှင်အောက်မှာ လုံးဝမနေချင်ဘူး"

အာဏာသိမ်းပြီးကတည်းက နိုင်ငံအတွက်အဓိက အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေ ဘဏ်လုပ်ငန်း တွေလည်း လည်ပတ်ဖို့ ခက်ခဲနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ရင်ဆိုင်နေရတဲ့အပြင် ပြည်သူတွေတော်တော်များများ ငွေကြေးခက်ခဲနေတာပါ။ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်ကထက် အခုအာဏာသိမ်းပြီးနောက် အနုတ် ၁၀ ရာခိုင်နှုန်းနီးပါးထိ ကျဆင်းမယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ဘဏ္ဏာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က " နိုင်ငံတကာရင်းနှီး မြုပ်နှံမှုတွေလည်းပြန်ထွက်ကုန်ကြပြီ၊ ထပ်ပြီး ရင်းနှီးမြုပ်နှံတာကလည်း မရှိသလောက်ဖြစ်နေတယ်၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေ အကုန်လုံးကလည်း အာဏာသိမ်းလိုက်တဲ့ အကျိုးဆက်ကြောင့် လုံးဝ ရပ်တန့်သလောက်ဖြစ်နေပါတယ်" လို့ RFA ကိုပြောပါတယ်။

ရက်ပေါင်း ၁၀၀ အတွင်းမှာ စစ်ကောင်စီမှာလည်း ဘဏ္ဏာရေး ခက်ခဲလာတယ်လို့ ဆိုပါတယ်။ ငွေကြေးဖောင်းပွမှုတွေလည်း ရှိလာနေပြီး အမေရိကန်တစ်ဒေါ်လာကို အာဏာမသိမ်းခင်က မြန်မာ ကျပ်ငွေ ၁၃၀၀ ရှိခဲ့ရာကနေ အာဏာသိမ်း ရက်ပေါင်းတစ်ရာအတွင်းမှာ ၁၇၀၀ ကျပ်အထိဖြစ်သွား လို့ ၄၀၀ လောက်ထိုးတက်သွားခဲ့ပါတယ်။

စီးပွားရေးနည်းတူ ကျန်းမာရေးကဏ္ဏလည်း ယိုယွင်းနေပါတယ်။ တစ်နိုင်ငံလုံးမှာ အစိုးရဝန်ထမ်း ဆရာဝန် ၂ သောင်းလောက်ရှိတဲ့ထဲက ၇၅ ရာခိုင်နှုန်းလောက်ဟာ CDM လှုပ်ရှားမှု မှာပါဝင်နေ တာကြောင့် ပြည်သူ့ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေ အခုအချိန်ထိ ပိတ်ထားရဆဲဖြစ်တယ်လို့ CDM ဆရာဝန်တွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဆရာဝန်မရှိတဲ့ဆေးရုံတွေမှာ သူတို့ရဲ့ စစ်သားဆရာဝန်တွေနဲ့ လည်ပတ်နေတယ်လို့ ပြောဆိုနေတာပါ။

အလားတူ ပညာရေးကဏ္ဏမှာလည်း တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမ ၈၀ ရာခိုင်နှုန်းက အမိန့်မနာခံရေး CDM လှုပ်ရှားမှုမှာပါနေကြပါတယ်။ အခုအချိန်ဟာ တက္ကသိုလ်ကျောင်းတွေပြန်ဖွင့်တဲ့အချိန်ဖြစ်ပေမယ့် တစ်နိုင်ငံလုံးက ကျောင်းသား အများဆုံး ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျောင်းပြန်တက်တာရှိတယ်လို့ သမဂ္ဂတွေက ပြောကြပါတယ်။

မန္တလေးမြို့ကသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းကတော့ အာဏာသိမ်းမှု ရက်ပေါင်း ၁၀၀ ကနေ လူများစုဗမာတွေနဲ့ တိုင်းရင်းသားတွေကြား တစ်ဦးနဲ့ တစ်ဦး ပိုနားလည်လာနိုင်တာဟာ ပြည်သူတွေ အတွက် အမြတ်ဖြစ်တယ်လို့ဆိုပါတယ်။

"ကရင်တို့ ကချင်တို့ ရှမ်းတို့ စသဖြင့် ဒီလူမျိုးတွေရဲ့ နှစ်ပေါင်း ၇၀ နီးပါးတွန်းလှန် တော်လှန်ခဲ့တဲ့ ဒီစစ်အာဏာရှင်ကို တိုက်ပွဲတွေကို ကျနော်တို့ဗမာတွေက ပိုနားလည်လာတယ်၊ အခုဆိုရင် ပြည်သူတွေ တရပ်လုံးက လူမျိုးစွဲ ဘာသာစွဲတွေ မရှိတော့ဘဲ တိုင်းပြည်ရဲ့ ဘုံရည်မှန်းချက်ပန်းတိုင် ဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်တယ်ဆိုတာကို တသွေးတည်း တသံတည်း သဘောပေါက်လာတယ်"

ဒီရက်ပေါင်း ၁၀၀ အတွင်းမှာပဲ NLD ပါတီက ရွေးကောက်ခံကိုယ်စားလှယ်တွေပါတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီကော်မတီကနေ ဝန်ကြီးဌာန ၂၁ ခုပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုဖွဲ့စည်းခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ လက်ရှိပြည်သူကာကွယ်ရေးတပ် PDF ကိုလည်းဖွဲ့စည်းထားပါတယ်။ အဲဒီအပြင် အရင်စစ်အစိုးရ စိတ်တိုင်း ကျရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းတယ်လို့လဲ ကြေညာခဲ့ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေဦးဆောင်ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာအဖွဲ့က ဦးသိန်းထွန်းဦး ကတော့ ဒီရက် ၁၀၀ အတွင်း စစ်တပ်ဟာလုံခြုံရေးပိုင်းမှာ ကောင်းကောင်းထိန်းနိုင်ခဲ့တယ် လို့ ကာကွယ်ပြောဆိုပါတယ်။

"ဆန္ဒပြသူတွေဘက်က ပုံစံမျိုးစုံနဲ့ပြ အကြမ်းဖက်ပုံစံမျိုးစုံနဲ့ ဖြစ်လာပေမယ့် စစ်တပ်က လုံခြုံရေးပိုင်း ဆိုင်ရာ အမြင်နဲ့ ပြောရရင် အတော်တည်ငြိမ်တယ်၊ ဒါတိုးတက်မှုပါ။ ပြည်တွင်းစစ်ဆိုတာ ဖြစ်စရာ မရှိဘူး၊ ဖြစ်ချင်းဖြစ် အကြမ်းဖက် နှိမ်နင်းမှု စစ်ပွဲ ပုံစံမျိုးပဲဖြစ်မယ်၊ ဒါတောင် ကြီးကြီးမားမား မဖြစ်နိုင်ဘူး"

စစ်အာဏာသိမ်းမှု ရက်ပေါင်း ၁၀၀ အတွင်း အစောပိုင်းမှာ ပြည်သူတွေဟာ လမ်းမပေါ်ထွကပြီး ငြိမ်းချမ်းတဲ့ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆန့်ကျင်လှုပ်ရှားခဲ့ရင်းက စစ်တပ်ကအကြမ်းဖက်သတ်ဖြတ်နှိပ်စက်တာ တွေဖြစ်လာတဲ့အတွက်၊ နောက်ပိုင်းမှာတော့ ပြန်လည်ခုခံတိုက်ခိုက်တဲ့ ပုံစံအသစ်နဲ့ စစ်အာဏာရှင်ကို တွန်းလှန်လာကြပါတယ်။

ဒေသလုပ် တူမီးသေနတ်တွေရှိတဲ့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ပြန်လည်ခုခံမှုတွေအများဆုံးဖြစ်နေပါတယ်။ ခုခံတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်း ကျဆုံးခဲ့တယ်လို့ ချင်းပြည်သူ့ကွယ်ရေးအဖွဲ့ CDF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights အဖွဲ့မှ ကိုနစ်ကီဒိုင်းမွန်းက "၂၀၁၆၊ ၂၀၁၇ ခုနှစ်တုန်းက အာဆာအဖြစ်အပျက်မှာ စစ်တပ်ကလူထုထောက်ခံမှု တော်တော်ရခဲ့ တယ်၊ ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ချိန်မှာတော့ လူထုထောက်ခံမှုက သုညပဲ၊ လူထုက သူတို့ပြိုင်ဘက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ထောက်ခံလာကြတယ်၊ စစ်တပ်က တိုက်ပွဲကျရင် ဝမ်းသာတယ်၊ စစ်တပ်ရဲ့စခန်းတွေကို တက်သိမ်းရင် ဝမ်းသာကြတယ်"

ဆန္ဒပြ လူငယ်တချို့လည်း တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကို သွားရောက် စစ်ပညာသင်ကြား နေကြောင်း သတင်းတွေမှာဖော်ပြနေပါတယ်။
KNU၊ KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေလည်း အာဏာသိမ်းပြီးနောက် ဆက်တိုက်ပြန်ပြင်းထန်နေတာပါ။

စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေအထိ ရှိလာတာကြောင့် ဒုက္ခသည်သောင်းနဲ့ချီလည်း ထွက်ပြေးနေရ တယ်လို့ တိုင်းရင်းသားအဖွဲ့တွေကပြောပါတယ်။

ဒေသတချို့မှာလည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေပေါ်ပေါက်လာပြီးစစ်ကောင်စီကို ပြန်ခုခံလာတာတွေကို သတင်းတွေမှာတွေ့နေရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက "ဒီတိုင်းပြည်အခြေအနေက ပြည်တွင်းစစ်ဖြစ်ဖို့ အလားအလာရယ် အနည်းဆုံးတိုင်းပြည်က ကျဆုံး နိုင်ငံ Failed State ဖြစ်မယ့် အခြေအနေကို ဦးတည်နေပါတယ်။ မကြာခင်ကာလအတွင်းမှာ တိုက်ပွဲတွေပိုပြင်းထန်လာမယ်၊ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရမယ် တိုင်းပြည်က ပျက်လုနီးနီးရောက် နေပါပြီ"

အခုဆိုရင် စစ်တပ်ကအာဏာသိမ်းတာကို ပြည်တွင်းမှာ အများစုလက်မခံသလို၊ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရော၊ ဒေသတွင်းနိုင်ငံတွေကပါ တရားဝင်အသိအမှတ်ပြုတာမရှိသေးပါဘူး။

ပြည်တွင်းမှာဆိုရင် နှစ် ၇၀ ကျော်ကြာနေပြီဖြစ်တဲ့ ပြည်တွင်းစစ်မီး ချုပ်ငြိမ်း‌ဖို့ တိုင်းရင်းသားပြည်သူ အားလုံးက မျှော်လင့်နေကြချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ တည်ငြိမ်စပြုနေတဲ့အခြေအနေကနေ ပြည်တွင်းစစ်ပိုပြီးပြင်းထန်မယ့် လမ်းကြောင်းကို ဦးတည်နေတာလို့ လေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

RFA Burmese



စစ်ကောင်စီ ထိန်းချုပ်မရခဲ့တဲ့ အာဏာသိမ်း ရက် ၁ဝဝ စစ်ကောင်စီ ထိန်းချုပ်မရခဲ့တဲ့ အာဏာသိမ်း ရက် ၁ဝဝ Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.