တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ

တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့က ကိုရိုနာရောဂါပိုး တွေ့ရှိထားတဲ့ လူနာများကို တွေ့ရစဉ် / Photo: CJ

ဒီကနေ့မနက်ပိုင်းက ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့ တိုက်နယ်ဆေးရုံကို အသက်ရှူကြပ် ဖျားနာတာကြောင့် ဆေးရုံလာပြသူတွေကို ဆေးစစ်ရာမှာ၊ ကိုရိုနာရောဂါပိုး တွေ့ရှိသူ ၂၄ ဦး ရှိတယ်လို့ ဆေးရုံတာဝန်ကျ သူနာပြု ဆရာမတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

“ကိုဗစ် ၁၉ positive ဖြစ်တာတွေ ရှိပါတယ်။ ဆေးရုံတက် လူနာ ၁၁ ယောက်ထဲမှာ ဒီနေ့ ကျွန်မတို့ စစ်လိုက်တာ ခုနစ်ယောက်က ကိုဗစ် Positive ဖြစ်သွားတယ်။ OPD လာပြတဲ့ လူတွေကို စစ်လိုက်တော့ လည်း ၁၀ယောက် positive တွေ့တယ်။ လက်ရှိမှာ အားလုံးပေါင်း ၂၄ ယောက် positive ဖြစ်ထားတယ်။”

အခု ဆေးရုံတက် ကုသနေသူတွေဟာ မေလ ၁၁ ရက်နေ့ကစပြီး ချောင်းဆိုး၊ ဖျားနာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အန်တာ၊ အသက်ရှူကြပ်တာစတဲ့ ရောဂါလက္ခဏာတွေ ခံစားရတာကြောင့် ကျီးခါးတိုက်နယ်ဆေးရုံကို လာရောက် ပြသရာကနေ အခုလို ကိုရိုနာရောဂါပိုး တွေ့ရှိတာလို့ အဲဒီ သူနာပြုဆရာမက ပြောပါတယ်။

ကိုရိုနာပိုး တွေ့ရှိသူတွေဟာ ကျီးခါးမြို့အနီးရှိ တွီးမွေ၊ ဟိုင်ကျင်း၊ ကန်ဆောက်ဇန် ကျေးရွာတွေက အများစု ဖြစ်ပြီး၊ အသက်ရှူကြပ်ရောဂါ ခံစားနေရသူ စုစုပေါင်း ၅၀ ကျော် ရှိတယ်လို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။ 

“ကျီးခါးမြို့ နီးနားမှာရှိတဲ့ ရွာတွေမှာ ဖြစ်တာများတယ်။ တကယ် အသက်မရှူနိုင်တဲ့ သူတွေ ဆေးရုံမှာ ပို့ထားတယ်။ အခု ဒီအသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ရောဂါနဲ့ ဖျားနာသူ စုစုပေါင်း ၅၀ ကျော် ရှိမယ်။ အခု ဆေးရုံမှာ ၁၈ယောက်ပဲ ထားတယ်။ ဆေးရုံတင်တာ ၁၈ ဦးပဲ ရှိတယ်။ အိမ်မှာကျတော့ ဖျားတဲ့ လူများတယ်။ ဆေးရုံက ပစ္စည်း မလုံလောက်ဘူးပေါ့နော်။ ကျီးခါးမြို့မှာဆို ဖျားတဲ့လူ တစ်ဝက်လောက် ရှိမယ်။ အောက်ဆီဂျင် ပေးဖို့လိုတယ်။ ဒီမှာ ငါးလုံးပဲရှိတယ်ဆိုတော့ အလှည့်ကျနဲ့ ရှူခိုင်း ကြတယ်။” 

ကျီးခါးမြို့ တိုက်နယ်ဆေးရုံမှာ ဆရာဝန်က နေရပ်ပြန်သွားပြီး၊ သူနာပြု ခြောက်ဦးရှိတဲ့အနက်  ငါးဦးက အာဏာဖီဆန်ရေး CDM လုပ်နေတာကြောင့် သူနာပြုတစ်ဦးနဲ့ ဆေးရုံဝန်ထမ်း နှစ်ဦးသာရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဒါကြောင့် ကိုဗစ်လူနာတွေအတွက် ကြည့်ရှုစောင့်ရှောက်မယ့် ကျန်းမာရေး ဝန်ထမ်း အပြင်၊ ဆေးဝါးနဲ့ အောက်ဆီဂျင်ပေး အသက်ရှူစက်တွေပါ လိုအပ်နေတယ်လို့လည်း ဆေးရုံတာဝန်ကျ သူနာပြုဆရာမတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ 

    "အိမ်မှာကျတော့ ဖျားတဲ့လူများတယ်။ ဆေးရုံက ပစ္စည်း မလုံလောက်ဘူးပေါ့နော်"

တွန်းဇန်အနီးက တီးတိန်မြို့မှာတော့ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကိုရိုနာ ပိုး‌တွေ့လူနာ သုံးဦး ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့၊ မေ ၂၅ ရက် ည ၈ နာရီကနေ မေ ၂၆ ရက် ည ၈ နာရီအချိန်ထိ ၂၄ နာရီ အတွင်း၊ တစ်နိုင်ငံလုံးမှာ ကိုရိုနာရောဂါပိုး တွေ့ရှိသူ လူနာသစ် ၂၂ဦး ရှိပြီး၊ အဲဒီ လူနာတွေကို ရန်ကုန်၊ နေပြည်တော်နဲ့ ပြင်ဦးလွင် စစ်ဆေးရုံတွေနဲ့ နေပြည်တော်ကောင်စီနယ်မြေက တိုင်းနဲ့ပြည်နယ်ဆေးရုံ ဓါတ်ခွဲခန်းတွေမှာ ဓါတ်ခွဲ စစ်ဆေးခဲ့တာလို့ ဖေါ်ပြထားပါတယ်။ 

ဒီကနေ့ထိ ကျန်းမာရေးဝန်ကြီးဌာနစာရင်းမှာ ချင်းပြည်နယ် တွန်းဇန်မြို့နယ်က လူနာ ၂၄ ဦးအကြောင်း ဖေါ်ပြထားတာ မတွေ့ရသေးပါဘူး။

 ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၆ ရက် ည ၈ နာရီအချန် ထုတ်ပြန်ချက်အရ၊ မြန်မာနိုင်ငံမှာ အခုချိန်ထိ ကိုရိုနာ ကပ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၁၄၃,၃၁၈ ဦး ရှိပြီး၊ ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၃၂,၂၆၄ ဦး ရှိကြောင်း ဖေါ်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/24-covid-positive-in-tunzan-05272021080223.html

တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ  တွန်းဇန်မြို့နယ်၊ ကျီးခါးမြို့မှာ လူ၂၄ ဦး ကိုရိုနာရောဂါပိုး တွေ့ရှိ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.