တိုင်းရင်းသားလက်နက်ကိုင်များ အနေနဲ့ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပေးဖို့ ပြည်သူများတောင်းဆို


နေအိမ်ပြာကျသည့်အထိ မီးလောင်ဆုံးရှုံးသွားသော မန်လီကျေးရွာပြည်သူရဲ့ သောကပူဆွေးတဲ့ငိုကြွေးသံ ၊ အားကိုးရာမဲ့ ပြည်သူတွေဘဝကို စာနာပြီး မီးရှို့မှုတွေရပ်တန့်ပေးပါ။ 
စစ်မီးတွေငြိမ်းပေးပါ။ 

သျှမ်းပြည်တောင်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အနီးတွင်  အရပ်သား နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ် မန်လီကျေးရွာ တွင်  (မေ ၂  ) ရက် ညနေပိုင်းအထိ ဒေသခံနေအိမ် (၄၄) အိမ် မီးရှို့ခံရကြောင်း၊ မီးရှို့ခံရချိန်တွင် မန်လီဒေသခံများ စစ်ဘေးရှောင်နေရသည့်အချိန်ဖြစ်နေကြောင်း  နေအိမ်မီးရှို့ခံရသူ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို နေအိမ်များ မီးလောင်သည့် နေရာသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသော တအောင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်သည့် နေရာဖြစ်ကြောင်း သိရသည်။
“ဘယ်လက်နက်ကိုင်လဲတော့ ကျမတို့ မသိဘူး။ မတွေ့ရဘူး။ တိုက်အိမ်တွေ အိမ်ကောင်းတွေပဲ လာရှို့သွားတာများတယ်။ ကျမအိမ်ဆို ၂ ထပ်အိမ် အသစ်ဆောက်ထားတာ မကြာသေးဘူး။ မနက်ပိုင်းရှို့တာ ကျမတို့အိမ်မပါသေးဘူး။ ညနေပိုင်း အိမ်မှာ ပစ္စည်းပြန်သိမ်းမလို့ ပြန်သွားတာ။ ကျမတို့အိမ်လဲ ပြာကျသွားပြီး ဘာမှ ရစရာမရှိတော့ဘူး။ နှစ်ဖက် တိုက်ပွဲတွေလည်း ဖြစ်နေတုန်းပဲ”ဟု နေအိမ်မီးရှို့ခံရသည့် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး တိုက်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့က မေ (၂) ရက်မနက် ပိုင်းတွင် နေအိမ် (၄) အိမ် မီးရှို့ပြီး ညနေပိုင်းတွင် နေအိမ် (၄၀) မီးထပ်မံလောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
နမ္မတူမြို့နယ် မန်လီကျေးရွာတွင် အိမ်ခြေ စုစုပေါင်း (၁၁၂) အိမ်ရှိပြီး တစ်ဝက်နီးပါးခန့် မီးရှို့ခံရကြောင်း လက်ရှိ မန်လီကျေးရွာ ပြည်သူများသည်  သီပေါ စစ်ရှောင်စခန်းသို့ နေထိုင်ခဲ့ရသည်။
“တိုက်ပွဲကြောင့် လောင်တာက အနည်းစုပါ။ အများစုက ရှို့ခံရပြီး လောင်တာပါ။ ကျမတို့ အခု ထွက်ပြေးလာရပြီး သီပေါစစ်ရှောင်စခန်းမှာ ခိုလှုံနေရတယ်။ အိမ်လည်းမရှိတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ဝမ်းနည်းလိုက်တာ။”ဟု ဒေသခံ တစ်ဦးကပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဧပြီ (၂၁) ရက်တွင် နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံကျေးရွာ၊ ရေအိုးကျေးရွာ နှင့် မန်ဆာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ်များ မီးလာင်ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည်။

သျှမ်းမြောက် အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည်ကို ချက်ချင်းရပ်တန့်ရန် နှစ်ဖက်တိုင်းရင်းသားများ၊ သံဃာတော်များ က အကြိမ်ကြိမ်တောင်းဆို ခဲ့သော်လည်း တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။


SHAN News (Burmese Version)



တိုင်းရင်းသားလက်နက်ကိုင်များ အနေနဲ့ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပေးဖို့ ပြည်သူများတောင်းဆို တိုင်းရင်းသားလက်နက်ကိုင်များ အနေနဲ့ တိုက်ပွဲတွေ အမြန်ချုပ်ငြိမ်းပေးဖို့ ပြည်သူများတောင်းဆို Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.