မိုးဗြဲ၊ လွိုင်ကော်နဲ့ ဒီမော့ဆို မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွား

လွိုင်ကော်မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းမှုကြောင့် တိမ်းရှောင်နေရတဲ့ ဆန္ဒပြလူငယ်များ။ (မတ် ၉၊ ၂၀၂၁)

မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆို အစရှိတဲ့ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒီပစ်ခတ်မှုနဲ့အတူ ဒေသခံတွေလည်း ဘေးလွတ်ရာ စစ်ရှောင်နေကြရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ မိုးဗြဲမြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ်တွေမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒီကနေ့မှာ တိုက်ပွဲဖြစ်ပွားနေတာပါ။

ဖယ်ခုံမြို့နယ် မိုးဗြဲဘက်မှာ ဒီမနက် ပစ်ခတ်မှုမှာ ဒေသခံ ကာကွယ်ရေးအဖွဲ့ကနေ မိုးဗြဲရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အနှံ့မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ မိုးဗြဲမြို့ခံတဦးက ပြောပါတယ်။

“နောက်ဆုံးအခြေအနေတော့ ပြည်သူဘက်တော့ ရဲစခန်းကို သိမ်းပိုက်လိုက်တယ်ပေါ့။ ရဲ ၄ ယောက်ကို ဖမ်းမိထားတယ်။ အဲဒီအဖွဲ့တွေကတော့ အကျများတယ်။ ပြည်သူဘက်ကတော့ ၂ ယောက်ထိတယ်။ ၂ ယောက်ဒဏ်ရာရတယ်။ PDF ဘက်က သူက ပြန်ဆုတ်တယ်။ စစ်ကူတွေလာလို့တဲ့။ အခုက ကျနော်တို့ ဒီဘက်မှာတော့ တိုက်ပွဲကတော့ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း ဖြစ်နေတယ်။”

ပစ်ခတ်မှုတွေအတွင်း မိုးဗြဲမြို့က ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ သူကပြောပါတယ်။

မနက်တုန်းက မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းကိုလည်း PDF အဖွဲ့တွေကနေ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မိုးဗြဲမြို့တွင်းပစ်ခတ်မှုမှာ မြို့ခံတွေ ရာနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

“ဒီမှာ ပြေးလာတာ အများကြီးပဲ။ တပုံတပါး။ ဒီမနက် မြို့ထဲကလူတွေ အကုန်လုံး ဒီဘက်မှာ ပြေးလာတာ အများကြီးပဲ။ ဒီ အနောက်ပဒေါင် သယ်ရင်းရွာမဘက်။”

ဒီနေ့မွန်းလွဲပိုင်းမှာ မိုးဗြဲမြို့နဲ့ ၄ မိုင်ခန့်ဝေးတဲ့ လွိုင်ကော်မြို့နယ် ပီကင်းကောခူကျေးရွာက စစ်ဘေးဒုက္ခသည် စခန်းမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“အခု ကျနော်တို့ကျေးရွာမှာလည်း PDF အဖွဲ့နဲ့ စစ်တပ်အဖွဲ့ ဆက်ပစ်နေတယ်။ တနာရီကျော်မှာ။ အခု ရွာသားတွေလည်း ကျည်ထိတာ လေးငါးယောက်ရှိလာပြီပေါ့။ သွားကူလို့လည်း မရဘူး။”

ဒီပစ်ခတ်မှုမှာ စစ်ရှောင်တွေ ဒဏ်ရာရတာတွေ ရှိနေပေမယ့် အကူအညီ မရရှိသေးဘူးလို့ ဆိုပါတယ်။

အလားတူ လွိုင်ကော်မြို့အတွင်းမှာလည်း PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မှုတွေ ရှိနေသလို လွိုင်ကော်နဲ့ ဒီမော့ဆိုအကြားမှာလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

“မြို့ထဲမှာဆိုရင် သေနတ်သံတွေရော ပေါက်ကွဲသံတွေရောပဲ။ အခု လွိုင်ကော်မြို့အထွက် ပန်ကန်း(ဂိတ်)ဘက်မှာတော့ ပစ်သံတွေ ထပ်ကြားနေတယ်ပေါ့။ အဖွဲ့ကတော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး အဲဒါတွေပဲဖြစ်မှာ။ လွိုင်ကော်နဲ့ ကပ်ရက် ၆ မိုင် ဒီမော့ဆိုမှာလည်း တောက်လျှောက်ပစ်နေတယ်။”

သောကြာနေ့နဲ့ စနေနေ့တုန်းကလည်း ဒီမော့ဆိုမြို့မှာ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီစခန်းတခုဖြစ်တဲ့ ဒေါတဝီဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း ဒီရက်ပိုင်းတွေမှာ ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့နဲ့ ကယားပြည်နယ် အခြေပြု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့လည်း မေလ ၂၀ ရက်နေ့က ဘော်လခဲနဲ့ ဖားဆောင်းမြို့နယ်ဘက်မှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။


နိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/myanmar-army-pdf-fighting-in-kayah-shan/5901089.html

မိုးဗြဲ၊ လွိုင်ကော်နဲ့ ဒီမော့ဆို မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွား မိုးဗြဲ၊ လွိုင်ကော်နဲ့ ဒီမော့ဆို မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.