ဖမ်းဆီးခံကဗျာဆရာ ရုပ်အလောင်းပဲ ပြန်ထွက်လာ

AAPP က ထုတ်ပြန်တဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ကျဆုံးသူစာရင်းမှာ ဖော်ပြထားတဲ့ ကဗျာဆရာ ခက်သီ။ (ဓာတ်ပုံ - AAPP)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ စစ်တပ်နဲ့ရဲတွေ စနေနေ့ညက ဖမ်းဆီးတာခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ (အမည်ရင်း ဦးဇော်ထွန်း) ဟာ တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ကဗျာဆရာ ခက်သီဟာ ပုလဲမြို့ဇာတိဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်နေစဉ် အဖမ်းခံခဲ့ရတာပါ။

စနေနေ့က သူနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ သူ့ဇနီး မချောစုတို့ကို စစ်ဆေးမေးမြန်းဖို့ စစ်တပ်နဲ့ရဲက ရွှေဘိုကနေ ခေါ်ဆောင်သွားတာ ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်မှာတော့ သူ့အလောင်းကိုသာ ဇနီးဖြစ်သူက မုံရွာဆေးရုံကနေ ပြန်ရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ သူဟာ စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းတာ ခံခဲ့ရတဲ့အတွက် ဆေးရုံကိုပို့ချိန်မှာ သေဆုံးသွားတာလို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး သေဆုံးရတဲ့ ကဗျာဆရာ အနည်းဆုံး ၃ ယောက်ရှိပြီဖြစ်ပြီး မုံရွာက သူ့သူငယ်ချင်း ကေဇဝင်းကလည်း မတ်လအစောပိုင်းတုန်းက ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်အာဏာပိုင်တွေက ခေါင်းတွေကို သေနတ်နဲ့ ပစ်နေပေမယ့် တော်လှန်ရေးဆိုတာ နှလုံးသားထဲမှာ ရှိတာကို သူတို့ မသိကြဘူးလို့ ကဗျာဆရာ ခက်သီက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားတာပါ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-poet-khet-thi-died/5884505.html

ဖမ်းဆီးခံကဗျာဆရာ ရုပ်အလောင်းပဲ ပြန်ထွက်လာ ဖမ်းဆီးခံကဗျာဆရာ ရုပ်အလောင်းပဲ ပြန်ထွက်လာ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.