မေ ၂ ရက် နွေဦးတော်လှန်ရေးနေ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၆ ဦးသေဆုံး

သီပေါသပိတ် ပစ်ခတ်မှုမှာ ကျည်ထိမှန်ခဲ့သူတစ်ဦး

မေ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ မေလ နွေဦးတော်လှန်ရေး အထွေထွေသပိတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ သီပေါ၊ နောင်ချို၊ ဖားကန့်နဲ့ နိုင်ငံအဝှမ်း မြို့တွေမှာ လူထောင်သောင်းချီ ပြန်ထွက်လာခဲ့ကြပြီးဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီ့ သပိတ်စစ်ကြောင်းထွက်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကပစ်ခတ်ဖြိုခွင်းခဲ့လို့ သီပေါ ၊ နောင်ချို၊ ဖားကန့်နဲ့ ဝက်လက်မြို့တွေမှာ ၆ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

သေဆုံးခဲ့သူတွေကတော့ ဝက်လက်က နှစ် ဦး ၊‌ဖားကန့်က တစ် ဦး၊သီပေါက တစ်ဦး၊ နောင်ချိုက နှစ်ဦး ဖြစ်တယ်လို့လည်း ဘီဘီစီက ကနဦးစုံစမ်းသိရှိရပါတယ်။

ဝက်လက်မှာ ထပ်မံသေဆုံးမှုတွေရှိတယ်လို့သိရသလို မန္တလေးမှာတစ်ဦးသေဆုံးတယ်လို့ သိရပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြစ်ကြီးနား သပိတ်စစ်ကြောင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကမော်ဝမ်းနဲ့ လုံးခင်း ကျေးရွာအုပ်စု ပူးပေါင်းသပိတ်စစ်ကြောင်းတွေကိုလည်း မေလ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့သလို မရှီကထောင်က လူငယ်ဆန္ဒပြသပိတ်ကိုလည်း ဆက်လက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြောင့် လုံးခင်း၊ မော်ဝမ်းနဲ့ မရှီကထောင် သပိတ်စစ်ကြောင်းတို့က ထိခိုက်ဒဏ်ရာရသူ ပြည်သူ(၅)ဦးထက်မနည်း ရှိသလို လုံးခင်းက(၇)ဦး၊ မော်ဝမ်းက(၃)ဦးတို့ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လုံးခင်းက အသက် ၃၃ နှစ်အရွယ် ကိုဝေဖြိုးကတော့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့ သပိတ်ကို ပစ်ခတ်ဖြိုခွင်းခံခဲ့ရမှာတော့ သေနတ်ကျည်ထိမှန်ခဲ့သူဟာ အသက် ၂၀ နှစ်ကျော်အရွှယ် အမျိုးသားတစ်ဦးဖြစ်ပြီးတော့ သပိတ်စစ်ကြောင်း ပြီးဆုံးကာနီးမှာ အပစ်ခံခဲ့ရတာဖြစ်တယ်လို့ လည်းသူကပြောပါတယ်။

ဒါ့အပြင် အခြား ၃ ဦးလည်းကျည်ထိမှန်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နောင်ချိုမှာ ပစ်ခတ်မှုကြောင့် နှစ်ဦးအထိသေဆုံး

ရှမ်းပြည်နယ်နောင်ချိုမြို့နဲ့ စစ်ကိုင်တိုင်းဝက်လက်မြို့မှာလည်း လူထုသပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခွင်းခံရလို့ အမျိုးသား ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။

နောင်ချိုမြို့မှာ သေဆုံးခဲ့သူ တော့ အသက်၄၀ နှစ်အရွယ်ကို ဝင်းနိုင်ဆိုသူဖြစ်ပြီးတော့ နောင်ချိုမြို့နယ် စျေးရပ်ကွက် နယ်မြေ ၉ က ဖြစ်ကာ ၊အခြားဒဏ်ရာရရှိခဲ့သူ အချို့လည်း ရှိခဲ့တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

နောင်ချိုမှာ ညနေပိုင်းမှာတော့ တစ်ဦးထပ်မံသေဆုံးခဲ့တာကြောင့်သေဆုံးသူ နှစ်ဦးထိရှိလာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်မြို့မှာလည်း ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး မြို့လယ် နာရီစင်အနီးမှာ ပစ်ခတ်တာခံခဲ့ရတာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်၊

ဝက်လက်မှာသေဆုံးခဲ့သူ နှစ်ဦးက တစ်ဦးကမြို့ပေါ်က ဖြစ်ပြီးတော့ ၊နောက်တစ်ဦးက မှတ်ထိရွာက ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မန္တလေးမြို့မှာလည်း ဆန္ဒပြသပိတ်ကို စစ်တပ်ကကားနဲ့ဝင်တိုက်တာ အရပ်ဝတ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပြီး လူငယ် ၅ဦးဖမ်းဆီးခံခဲ့ရသလို ၂ဦး ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ မန္တလေးမြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။

လူထုသပိတ်တွေကို ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့သလို ပရဟိတအသင်းအချို့ကိုလည်း ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။

မနေ့က မေ ၁ရက်နေ့ကလည်း မန္တလေးက မဟာလူမှုကူညီရေးအသင်းသားအချို့ကို အသင်းရုံးခန်းကို ဝင်ရောက်စီးနင်းကာ ရိုက်နှက်စစ်မေးတာတွေရှိခဲ့သလို ဒီကနေ့ မေ ၂ရက်နေ့မှာတော့ မိုးကုတ်မြို့နယ်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ရဲ့ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၁၆ဦးကို အသင်းကား ၆စီးနဲ့အတူ ဖမ်းဆီးထိမ်းသိမ်းထားခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56965562

မေ ၂ ရက် နွေဦးတော်လှန်ရေးနေ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၆ ဦးသေဆုံး  မေ ၂ ရက် နွေဦးတော်လှန်ရေးနေ့ ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:45 Rating: 5

No comments:

Powered by Blogger.