ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ တအာင်း၊ ကိုးကန့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ



ကွတ်ခိုင်မြို့ကနေ မူဆယ်ဘက်ကိုအထွက် မန်ဘန်နဲ့ နောင်ဆွေကြား အမှိုက်ပုံအနီးမှာ မေလ လေးရက်နေ့ နေ့လယ်နှစ်နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာလို့ ကွတ်ခိုင်မြို့ခံတွေက RFA ကို ပြောပါတယ်။

ကွတ်ခိုင် အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာကို ကြားရတယ်လို့ ပြောပါတယ်။

ညနေပိုင်းမိုးချုပ်ခါနီးမှာတော့ တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ပြီး ကွတ်ခိုင် ရပ်ကွက် (၁) အနီးထိ ပစ်ခတ်လာ တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက RFA ကိုပြောပါတယ်။

“၆ နာရီခွဲကတည်းက အေးရှားဝေါထဲမှာဖြစ်နေတာ၊ ညတော်တော်လေး မိုးချုပ်တဲ့အထိပဲ အကြီးအကျယ် ကိုဖြစ်နေတာ၊ အိမ်ရှေ့မှာတောင် လက်နက်ငယ်တွေကျတယ်၊ နောင်ဆယ်ရွာနားမှာ လက်နက်ကြီးတွေနဲ့ ချနေကြတယ်”

ကွတ်ခိုင်ရပ်ကွက် (၁) ဟာ စစ်ကောင်စီရဲ့တပ်ဗျူဟာကုန်းနဲ့ တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့နေရာဖြစ်သလို ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွေ တစ်စုတစ်စည်းထဲရှိတဲ့ နေရာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အထွက် တိုးဂိတ်ဝန်ထမ်းတွေ အပါအဝင် အမျိူးသား ငါးဦးလက်နက် ထိမှန်ဒဏ်ရာရခဲ့လို့ ညပိုင်းမှာပဲ လားရှိုးစစ်ဆေးရုံကို လေးဦး၊ ကွတ်ခိုင်ဆေးရုံကို တစ်ဦး ပို့ဆောင် ပေးလိုက်ရတယ်လို့ ကူညီပေးခဲ့တဲ့ ကွတ်ခိုင်မြို့ ဗြဟ္မစို လူမှုကူညီရေးက ကိုတင်ဝင်းက ပြောပါတယ်။
“ကားမောင်းတဲ့ ကောင်လေး တစ်ယောက်ပါတယ်၊ အေးရှားဝေါကလည်းပါတယ် ဒီကွတ်ခိုင်ထဲကပဲ အားလုံး အမျိုးသားတွေပဲ၊ ဗိုက်တွေ၊ ခါးတွေမှာ ထိကြတယ်၊ တင်ပါးထိထားတဲ့သူတွေရော သူတို့က အစတွေမှန်တာလေ’’

တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့အထွက် ပြည်လုံးချမ်းသာ စုစည်းရပ်ကွက်က လူဦးရေနှစ်ရာကျော်ဟာ ကွတ်ခိုင်အထွက် အော်ရီယန်တယ် ဟိုင်းဝေး တိုးဂိတ်အနီးက ပြည်လုံးချမ်းသာ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေကြရပါတယ်။ ဒီနေ့နေ့လယ်အထိတော့ ဘုန်းကြီးကျောင်းကပဲ ကူညီနေပြီး အကူအညီတွေ မရသေးဘူလို့ ဘုန်းကြီး ကျောင်းကိုရောက်နေတဲ့ ကွတ်ခိုင်မြို့ခံ မိုင်းနေဝင်းအောင်က ပြောပါတယ်။

“ပြည်လုံးချမ်းသာက လူတွေပေါ့၊ သူက ဘုန်းကြီးကျောင်းဘေးနားပဲ၊ မြို့မစစ်တပ်စခန်းနဲ့လည်း နီးတယ်ပေ့ါ၊ အိမ်ခြေ ၅၀ ကျော်လောက်ရှိတယ်၊ မနေ့ညကတည်းက လူ ၂၅၀ လောက် ဘုန်းကြီး ကျောင်းမှာ လာနေကြတာ၊ တချို့လည်း သူတို့ အမျိုးတွေဆီမှာပဲ၊ လက်ရှိလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ၊ သူတို့လည်း အကူအညီတွေ မရသေးဘူး’’

ထွက်ပြေးလာသူတွေမှာ သက်ကြီးရွယ်အိုတွေ ကလေးငယ်းတွေ အများအပြားပါဝင်ပါတယ်။ မနေ့ညက တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက်တစ်က နေအိမ်အချို့နဲ့ ခရီးသည်တင်ကားတွေ ပျက်စီးတာရှိသလို ဒီကနေ့ နေ့လယ်ပိုင်းအထိ ကွတ်ခိုင်ကနေ ညောင်ရွှေရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံကို ကြားနေရဆဲဖြစ်တယ် ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကြားမှာတော့ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ ယူဆနေကြပြီး နေအိမ်တွေထဲမှာ နေထိုင်နေကြတယ်လို့ ပြောပါတယ်။

TNLA ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ TNLA နဲ့ မဟာမိတ် ကိုးကန့် MNDAA တပ်ဖွဲ့တွေရှိတဲ့ မန်လုံနဲ့ မန်ဘန်ရွာဘက်ကို စစ်ကောင်စီတပ်တွေဘက်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်တာလို့ ပြောပါတယ်။

“မန်ပန်ရွာနားမှာတော့ ၃ နာရီ ၁၅ လောက်ကဖြစ်တယ်။ ကျွန်တော်တို့ရှိနေတဲ့ တပ်နေရာကို စစ်တပ်ဘက်က ထိုးစစ်ဆင်တက်လာတော့ ရင်ဆိုင်တိုက်ပွဲဖြစ်ကြတာ၊ ဒီမနက်မှာ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတယ်ပြောတယ်’’

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့တုန်းကလည်း ကွတ်ခိုင်နဲ့ မူဆယ်ကြားက နမ့်ဖတ်ကာကျေးရွာအုပ်စု ဟန်ကိုင်ရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး၊ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

RFA Burmese



ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ တအာင်း၊ ကိုးကန့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ တအာင်း၊ ကိုးကန့် ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ် အရပ်သားထိခိုက်မှုရှိ Reviewed by THITHTOOLWIN on 19:28 Rating: 5

No comments:

Powered by Blogger.