ပြန်ဖွင့်မယ့်ကျောင်းတွေကို မတက်မယ့်သူ အများအပြားရှိနေ



ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ခံ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တွေက ပါရဂူဘွဲ့ကြိုသင်တန်းတွေ၊ မဟာတန်း(ရေးဖြေ) နဲ့ နောက်ဆုံးနှစ်သင်တန်းတွေ၊ နည်းပညာ၊ အသက်မွေးပညာ၊ စက်မှုလက်မှုသိပ္ပံကျောင်းတွေရဲ့နောက်ဆုံးနှစ်သင်တန်းတွေနဲ့ အစိုးရနည်းပညာအထက်တန်းကျောင်း တွေရဲ့ နောက်ဆုံးနှစ်သင်တန်းတွေကို မေလ ၅ ရက်နေ့ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ က ဧပြီလ ၁၇ ရက်နေ့နေ့စွဲနဲ့ ကြေညာထားပါတယ်။

ဒါပေမဲ့ နိုင်ငံအဝှမ်းက တက္ကသိုလ်အတော်များများက ကျောင်းသားတွေကတော့ ကျောင်းပြန်မတက်ဘူးလို့ ပြောကြပါတယ်။ အာဏာရှင်လက်အောက်မှာပေးတဲ့ ပညာရေးကို မလိုချင်လို့ ကျောင်းပြန်မတက်ဘူးလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတယောက်က ပြောပါတယ်။

"ကျနော်ကတော့ လုံးဝကို တက်မှာမဟုတ်ပါဘူး။ ကျနော့်သူငယ်ချင်းတွေကိုလည်း ပြန်တက်မလား မေးကြည့် တယ်။ သူတို့ကလည်း မတက်ဖြစ်ဘူးလို့ပြောတယ်။ အားလုံးက CDM လုပ်ပြီး ပါဝင်သွားမယ်လို့ result တော့ ထွက်လာပါတယ်ဗျ။ အာဏာရှင်လက်အောက်မှာပေးတဲ့ပညာရေးကိုမလိုချင်ဘူး။ အဓိကက တန်းတူညီမျှတဲ့ နိုင်ငံတော်က ပေးအပ်တဲ့ ပညာရေးနဲ့ပဲ ကျနော်တို့ဘဝတွေကို ရှေ့ဆက်မယ်။ ပြီးရင် တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီသွားမယ်ဆိုတဲ့ စိတ်ပဲ ရှိပါတယ်။ ကျနော်တို့သူငယ်ချင်းတွေထဲမှာလည်း ကျဆုံးသွားကြတဲ့သူတွေ ရှိတယ်။ သူတို့ရဲ့သွေးတွေလည်းမခြောက်သေးပါဘူး။ အဲဒီအတွက် လုံးဝမတက်ဘဲနဲ့ အဆုံးထိ CDM လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်"

ပညာရေးကောလိပ်ကျောင်းသူတယောက်ကလည်း ပြည်သူ့အစိုးရတက်မှာ ကျောင်းပြန်သွားမယ်လို့ ပြောပါတယ်။

"ညီမ ကျောင်းလုံးဝမတက်ပါဘူး။ စစ်ကျွန်ပညာရေးကို လုံးဝမသင်ယူနိုင်ပါဘူး။ ညီမရဲ့အကိုတွေ၊ မောင်လေးတွေ၊ သူငယ်ချင်းတွေအားလုံးက ထောင်ထဲမှာ။ အဲဒါကို ညီမက ကျောင်းတက်မနေနိုင်ပါဘူး။ ပြီးတော့ သွေးစွန်းနေတဲ့ လက်မှာ စာမသင်ယူနိုင်ပါဘူး။ ညီမတို့ရဲ့ ပြည်သူ့အစိုးရ ပြန်တက်လာမှ ကျောင်းပြန်တက်မှာပါ။ ညီမယုံကြည်နေတာကလည်း ပြည်သူ့အစိုးရကိုပဲ ယုံကြည်တယ်။ ပြည်သူ့အစိုးရကလည်း ပညာရေးနဲ့ ပတ်သက်ပြီး ကတိကဝတ်တွေ ပြုထားတယ်။ ဒီကတိကဝတ်အတိုင်း လုပ်နိုင်မယ်လို့လည်း မျှော်လင့်တယ်"

တနင်္သာရီတိုင်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ ကိုအောင်မြင့်မြတ်ကတော့ စစ်ကောင်စီရဲ့ ဘယ်လိုအုပ်ချုပ်ရေး ယန္တရားနဲ့မှ ပတ်သက်မှာ မဟုတ်လို့ ကျောင်းပြန်တက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"လုံးဝကျောင်းပြန်တက်ဖို့ မရှိပါဘူး။ စစ်အာဏာရှင် လက်အောက်မှာမှမဟုတ် ဘယ်အာဏာရှင်လက်အောက်မှာမဆို ကျောင်းပြန်တက်မှာမဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ဘယ်လိုအုပ်ချုပ်ရေး ယန္တရားနဲ့မှ ပတ်သက်မှာမဟုတ်လို့ ကျောင်းပြန်မတက်တာပါ။ ဒီမိုကရေစီအစိုးရလက်အောက်မှာမှ ကျောင်းတက်ပါမယ်။ ကျနော်တို့က တက္ကသိုလ်ကျောင်းသားတွေဖြစ်တယ်။ ဒါ့ကြောင့် ဓမ္မနဲ့အဓမ္မကို တခြားသူတွေထက်ပိုပြီး ပိုပြီး ခွဲခြားတတ်ရမှာပေါ့ နော်။ လက်ရှိမှာ အားလုံးသိတဲ့အတိုင်း စစ်ကောင်စီ လက်ချက်ကြောင့် လူ ၇၀၀ ကျော် အသက်ပေးခဲ့ရပြီ။ လူပေါင်းထောင်နဲ့ချီပြီး အဖမ်းခံထားရတယ်။ ဒါမတရားမှုပါ။ မတရားမှုကို မျက်ကွယ်မပြုကြပါနဲ့။ မတရားမှုကို တော်လှန်ကြပါ။ ဖီဆန်ကြပါ။ လက်ရှိမှာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေအနေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားနဲ့မပတ်သက်ဖို့၊ စစ်ကောင်စီအုပ်ချုပ်တာ မခံယူကြောင်းပြဖို့ အခွင့်အရေးရပါပြီ။ ကျောင်းမတက်ခြင်းအားဖြင့် CDM လုပ်ကြပါ။ မတရားမှုကို ဖီဆန်ကြပါ။ ဒါ ကျနော်တို့ရဲ့ သမိုင်းဖြစ်ပါတယ်။ နောင်တချိန် ကျနော်တို့ရဲ့ တူသားနောင်မယ်ကို ကျနော်တို့ အမှန်တရားအပေါ်မှာ ရပ်တည်ကြောင်း ဂုဏ်ယူစွာ ပြောပြလို့ရမယ့် ကျနော်တို့အတွက် အခွင့်အရေး ဖြစ်ပါတယ်"

သန်လျင်နည်းပညာတက္ကသိုလ်က ကျောင်းသား ၉၀ ရာခိုင်နှုန်းအထက် ကျောင်းပြန်တက်မှာမဟုတ်ဘူးလို့ သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသားတယောက်က ပြောပါတယ်။

"ကျနော်ကိုယ်တိုင်လည်း ကျောင်းပြန်မတက်ဘူး။ ဒီစစ်အာဏာရှင်တွေ လက်အောက်မှာဖွင့်တဲ့ ဘယ်တက္ကသိုလ်မှ ကျနော်တို့တက်မှာ မဟုတ်ဘူး။ လောလောဆယ် ကျနော်တို့ သန်လျင်နည်းပညာ တက္ကသိုလ်က ၉၀ ရာခိုင်နှုန်းအထက် ကျောင်းသားများက ကျောင်းမတက်ဘူးဆိုတာရှိတယ်။ ဒီ ၅ ရက်နေ့မှာ မဟာတန်းနဲ့ ဖိုင်နယ်ရီးယားတွေ ကျောင်းပြန်ဖွင့်မယ်ဆိုတာ ရှိတယ်။ နောက်ဆုံးနှစ်ကျောင်းသားတွေကလည်း ၁၀၀ ရာခိုင်နှုန်းနီးပါးထိ ကျောင်းမတက် ဘူးဆိုတာ ရှိတယ်ဗျ။ အကြောင်းရင်းကတော့ ဒီ စစ်အာဏာရှင်တွေလက်အောက်မှာ ပညာမသင်ချင်လို့ပဲဖြစ်တယ်ဗျ"

ဧပြီလ ၁၇ ရက်နေ့စွဲနဲ့ အဆင့်မြင့်ပညာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းလက်မှတ်ထိုးပြီးထုတ်ထားတဲ့ အမိန့်စာမှာတော့ တက္ကသိုလ်၊ ကောလိပ်၊ ပညာရေးကောလိပ် အသီးသီးက ဆရာ၊ ဆရာမနဲ့ စီမံဝန်ထမ်းများ အားလုံးအနေနဲ့ အားအင်အပြည့်နဲ့ ကျောင်းပြန်တက်ကြဖို့၊ ခွင့်မဲ့ပျက်ကွက်ပြီး ပြန်လည် ဝင်ရောက်လာသူတွေကိုလည်း ကတိခံဝန်ချက် ရေးထိုးစေပြီး နွေးနွေးထွေးထွေးကြိုဆိုဖို့ ရေးသားထားပါတယ်။

စစ်ကောင်စီအာဏာပိုင်တွေက ဆရာ၊ ဆရာမအားလုံးကို ကျောင်းပြန်တက်ဖို့ ဖိအားပေးတာ၊ ကျောင်းပြန် မတက်ရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တဲ့အကြောင်း ဆရာ၊ ဆရာမတချို့က RFA ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာပြောခဲ့ပါတယ်။ ဒီတော့အားအင်အပြည့်နဲ့ ကျောင်းပြန်တက်မယ့် ဆရာ၊ ဆရာမတွေ ဘယ်လောက်ရှိနိုင်ပါသလဲ။

"ကျနော်တို့နဲ့ နီးစပ်တဲ့ တက္ကသိုလ်တွေ အသိုင်းအဝိုင်းကအများစုကတော့ ၈၀ ရာခိုင်နှုန်း အထက်ကတော့ ဆရာ ဆရာမ တွေကတော့ CDM အနေနဲ့ပဲရှိပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းက မိသားစုဝင် ဆရာဆရာမတွေကတော့ အစထဲက Non-CDM တွေပဲ။ CDM လုပ်ရာကနေ Non-CDM ပြန်ပြောင်းသွားတဲ့ သူတွေမှာ နှစ်ပိုင်း ရှိတယ်။ တချို့ကတော့ ခြိမ်းခြောက်တဲ့ ဒဏ်၊ ဖိအားပေးတဲ့ဒဏ်ကို မခံနိုင်လို့ ပြောင်းသွားရတဲ့သူတွေ ရှိတယ်။ တချို့ကတော့ သူတို့ရဲ့ မိသားစု စားဝတ်နေရေးနဲ့ မိသားစု အခက်အခဲတွေကြောင့် ဒီဟာကို ဆက်လုပ်ဖို့ အနေအထားမရှိတော့ ဒီ CDM တိုက်ပွဲမှာတော့ မပါတော့ဘူးဆိုပြီးတော့ ရပ်နားသွားရတဲ့ ဟာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီပမာဏက ကျနော်သိတဲ့အ သိုင်းအဝိုင်းမှာတော့ များများစားစားမရှိဘူးလို့ ကျနော်သိထားပါတယ်"

လုံခြုံရေးအရအမည်မဖော်လိုတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ပြောခဲ့တာပါ။

ကျောင်းပြန်တက်ရေး၊ မတက်ရေးနဲ့ပတ်သက်ပြီး ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ သဘောထားကိုသိရပြီမို့ မိဘတွေရဲ့သဘောထားကို မေးကြည့်တဲ့အခါမှာတော့ တခုခုဖြစ်ခဲ့ရင် ကျောင်းသားတွေကို ဓါးစာခံလုပ်မှာ စိုးရိမ်လို့ ကျောင်းမတက်ခိုင်းဘူးလို့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က မိခင်တယောက်က ခုလိုပြောပါတယ်။

"စစ်အာဏာရှင်အစိုးရကိုလက်မခံလို့ ကျောင်းမတက်ခိုင်းဘူး။ ဘာမှ မတတ်တဲ့ပညာရေး၊ ဘာမှ တိုးတက်လာ မှာမဟုတ်တဲ့ပညာရေးမို့လို့ မတက်ခိုင်းဘူး။ တိုင်းပြည်ရဲ့အခြေအနေအရ တခုခုဖြစ်ခဲ့ရင် ကျောင်းသားတွေကို ဓါးစာခံလုပ်မှာ အစိုးရိမ်ဆုံးပါပဲ။ ဘယ်မိဘတိုင်းမဆို အဲဒီကိစ္စကိုတော့ အလေးအနက်ထားပြီး စိုးရိမ်ကြပါ တယ်။ အခုလိုတိုင်းပြည်ရဲ့အချိုးအကွေ့၊ အရေးကြီးတဲ့ အခြေအနေတခုမှာ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်သူတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ရတဲ့နည်းနဲ့ တွန်းလှန်မယ်၊ ဘယ်သူမှမကူရင်နေ၊ ကိုယ့်ဟာ ကိုယ်၊ ကိုယ့်ပြည်တွင်းထဲက ညီအကိုမောင်နှမတွေနဲ့၊ ကိုယ့်မိသားစုတွေနဲ့ ပူးပေါင်းတွန်းလှန်မယ်ဆိုတဲ့ ဒီအခြေအနေကို လက်လွတ်မခံပါနဲ့။ စစ်အာဏာရှင်တွေဆီ ကျမတို့ကလေးတွေကို မအပ်ပါနဲ့။ စစ်အာဏာရှင် ရပ်တည်နိုင်မယ့် ဘယ်နည်းလမ်းကိုမှ အခွင့်အရေး မပေးပါနဲ့။ ကလေးတွေကို ကျောင်းမပို့ဖို့ ကျမက အနူးအညွတ် မေတ္တာရပ်ခံပါတယ်"

ပညာရေးကောလိပ်တက်နေတဲ့ကျောင်းသားတယောက်နဲ့ အထက်တန်းပြဆရာသား နှစ်ယောက်ရှိတဲ့ မန္တလေးက ဖခင်တဦးကလည်း....

"မတရားမှုဆိုတာ ဘာမှန်းမသိတဲ့ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို ဘယ်လိုသင်ပေးမှာလဲ။ အဲဒီဆရာ ဆရာမတွေလက်အောက်မှာ၊ မကောင်းတဲ့ စစ်အစိုးရ လက်အောက်မှာ ကျနော့်သားကို ကျောင်းမတက်ခိုင်းပါဘူး။ ကျနော့်သား ကျောင်းဆရာကိုလည်း စာမသင်ခိုင်းပါဘူး။ သူတို့လည်း မသင်ကြ မတက်ကြပါဘူး။ ကလေးတွေကို ကျောင်းတက်ခိုင်းပြီဆိုရင် စစ်အာဏာရှင် အုပ်ချုပ်တာကို အလိုတူရာ ရောက်ပါတယ်။ မိဘတိုင်းတင် မဟုတ်ပါဘူး။ ပြည်သူတိုင်း မတရားမှုကို အစွမ်းကုန်တွန်းလှန်ပေးကြပါ"

လောလောဆယ်မှာတော့ ထားဝယ်နည်းပညာတက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ် ဥပဒေအထူးပြုနောက်ဆုံး နှစ်ကျောင်းသားတွေ၊ ရန်ကုန်တက္ကသိုလ် ဓာတုအထူးပြု နောက်ဆုံးနှစ်ကျောင်းသားတွေ၊ ရတနာပုံတက္ကသိုလ် ဘူမိဗေဒ မဟာသိပ္ပံသင်တန်း ပထမနှစ်ကျောင်းသားတွေ၊ ကော့သောင်းခရိုင်အတွင်းက တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်အသီးသီးကကျောင်းသားတွေ၊ ရခိုင်ကျောင်းသားများသမဂ္ဂ၊ ဒဂုံတက္ကသိုလ် သင်္ချာဌာန စတုတ္ထနှစ်ကျောင်းသားတွေ၊ အပါအဝင် တက္ကသိုလ် ကောလိပ်အများစုက ကျောင်းသားတွေက ကျောင်းပြန်မတက်ဘူးဆိုတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်မှာ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်သင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၊ နည်းပညာနဲ့ ကွန်ပျုတာတက္ကသိုလ် ပညာရေးကောလိပ်တို့ ပါဝင်ပြီး တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်ပေါင်း (၁၃၄) ကျောင်းရှိပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်စာရင်းအရ ကျောင်းသား၊ ကျောင်းသူ သင်တန်းသားပေါင်း ၆၀၉၁၁၄ ယောက်နဲ့ ဆရာ၊ ဆရာမဝန်ထမ်းပေါင်း ၃၇၁၄၉ ယောက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

RFA Burmese



ပြန်ဖွင့်မယ့်ကျောင်းတွေကို မတက်မယ့်သူ အများအပြားရှိနေ ပြန်ဖွင့်မယ့်ကျောင်းတွေကို မတက်မယ့်သူ အများအပြားရှိနေ Reviewed by THITHTOOLWIN on 06:55 Rating: 5

No comments:

Powered by Blogger.