နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက်

နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက် နမ့်ဖတ်ကာရွာမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်အချို့ကို တွေ့ရစဉ် / Photo: Northern Alliance (Burma)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-ကွတ်ခိုင်လမ်းမပေါ် နမ့်ဖတ်ကာကျေးရွာက စစ်ကောင်စီ ခလရ (၁၂၃) တပ်နဲ့ရွာထဲက ကင်းပုန်းစခန်းတွေကို မြောက်ပိုင်းညီနောင် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေက မေ ၃၁ ရက် ဒီမနက် တစ်နာရီလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

နမ့်ဖတ်ကာ အဝင် လျှပ်စစ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နေရာကို ဝင်ရောက်တိုက်ခိုက်ရာမှာ ဒု-တပ်ရင်းမှူး အပါအဝင် ဆယ့်တစ်ဦး ကျဆုံးခဲ့သလို မြောက်ပိုင်းမဟာမိတ်ဘက်က နှစ်ဦး ကျဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

နမ့်ဖတ်ကာ ပြည်ထောင်စုလမ်းမကြီး ဘေးတစ်လျှောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေ ရှိတဲ့ နေရာကို မနက်တစ်နာရီလောက်မှာ မြောက်ပိုင်းအဖွဲ့တွေက အုပ်စုလိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနက်လေးနာရီလောက်အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာရွာက အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ဦး ခြေထောက်မှာ ကျည်ဆန်ထိမှန်ခဲ့လို့ ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် နေအိမ်တစ်လုံး လက်နက်ကြီးကျည် ထိမှန်ခဲ့သလို နမ့်ဖတ်ကာရပ်ကွက် (၆)က နေအိမ်တွေအနီးမှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆန်တွေ ကျန်နေသေးတယ်လို့ ပြောပါတယ်။

ဒီမနက်တိုက်ပွဲကြောင့် မန္တလေး-မူဆယ် ခရီးသွားကားတွေ ပိတ်မိခဲ့ပြီး စစ်ကောင်စီဘက်က မနက်ပိုင်း ကိုးနာရီမှာ တစ်ကြိမ် နေ့လယ် ဆယ့်နှစ်နာရီမှာ တစ်ကြိမ် အလှည့်ကျ လွှတ်ပေးနေတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ မြေပြင်သတင်းဖော်ပြမှုအရ စစ်ကောင်စီဘက်က ဆယ့်တစ်ဦး ကျဆုံးသလို လက်နက်အချို့ သိမ်းဆည်းရမိကြောင်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြနေကြပေမယ့် TNLA ပြန်ကြားရေးဌာနကတော့ မြေပြင်တပ်တွေနဲ့ အဆက်အသွယ်မရသေးလို့ အတိအကျမသိရသေးဘူးလို့ TNLA ပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လာတာမျိုးကို မတွေရသေးပါဘူး။

စစ်ကောင်စီဘက်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ကာလကို ဇွန်လကုန်အထိ သက်တမ်း ထပ်တိုးမယ်လို့ ထုတ်ပြန်ထားပေမယ့် မြောက်ပိုင်းအဖွဲ့တွေကတော့ အပစ်ရပ်ကာလ သက်တမ်း ထပ်တိုး လာတာ မရှိတော့ပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က နောင်မွန် ရဲကင်းစခန်းကို မြောက်ပိုင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးကျော် သေဆုံးခဲ့ရပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ် လမ်းပိုင်းတစ်လျှောက် အခုရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA အပါအဝင် မြောက်ပိုင်းညီနောင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/namhpatkar-camp-attack-05312021033051.html

နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက်  နမ့်ဖတ်ကာ စစ်ကောင်စီစခန်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင်တိုက် Reviewed by THITHTOOLWIN on 22:35 Rating: 5

No comments:

Powered by Blogger.