ကျောင်းတွေကို လုံခြုံရေးပေးပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော

မနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အထက ၅ ဗိုလ်တထောင်

စာသင်ကျောင်းတွေ အပါအဝင် နေရာအနှံ့အပြား နေ့စဥ်နီးပါး ပေါက်ကွဲမှုတွေ ရှိနေတဲ့ကြားမှာ ဇွန်လ ၁ ရက်မှာ လုံခြုံရေးပေးပြီး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီက ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖောက်ခွဲ ဖျက်ဆီးမှုတွေဟာ မတရားအသင်း ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည့်သူ့ကာကွယ်ရေးတပ် PDF တို့ရဲ့လက်ချက်တွေလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

မတရားအသင်းနဲ့ဆက်သွယ်ရင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရမယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကျောင်းတွေဖွင့်တဲ့အခါ ကိုဗစ်ကြောင့် နှောင့်နှေးခဲ့တာတွေ ရှိတဲ့အတွက် တစ်နှစ်ကို နှစ်တန်းတက်ဖို့လျာထားတယ်လို့ ပြောထားပေမဲ့ စစ်ကောင်စီ လက်ထက် ကျောင်းအပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားတဲ့ ကျောင်းသားမိဘတွေလည်း ရှိနေပါတယ်။ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေလ ၂၄ ရက်နေ ၃၁ ရက်အထိ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာ အခြေခံပညာကျောင်းတွေက ဆရာတွေနဲ့ပညာရေးဝန်ထမ်းတွေလည်း လှုံ့ဆော်မှု၊ သတင်းမှားဖြန့်မှု ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဝရမ်းထုတ်ခံနေရပြီး ရာထူးကယာယီ ရပ်ဆိုင်းခံရသူတွေလည်း အများအပြားရှိနေလို့ ဆရာအင်အားလည်း နည်းပါးနေချိန်ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေ မဖွင့်ခင် ပြီးခဲ့တဲ့ သီတင်းပတ်တွေက တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့ရာမှာတော့ ကျောင်းတက်သူ အလွန်နည်းပါးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ကျောင်းတွေကို လုံခြုံရေးပေးပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော ကျောင်းတွေကို လုံခြုံရေးပေးပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 21:34 Rating: 5

No comments:

Powered by Blogger.