ကျောင်းပြန်ဖွင့်ရေး ဆန့်ကျင်သူတွေ အကြမ်းဖက် နှိမ်နင်းခံရ

မှတ်တမ်းဓါတ်ပုံ - ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာပါဝင်နေတဲ့ ဆရာ၊ ဆရာမများ

ဆရာ၊ ဆရာမတွေအပါအဝင် အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လုပ်ကြဖို့ တိုက်တွန်းဆော်သြမှုတွေရှိနေချိန် ကျောင်းပြန်တက်တဲ့ ကျောင်းဆရာတွေကို နယ်မြို့တချို့မှာ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

တောင်သာမြို့က နန်းမြင့်ကျေးရွာမှာ ခုလို ဆန္ဒပြသူတွေကို တပ်တွေပစ်ခတ်ပြီး အမျိုးသမီးတယောက်ကို ဖမ်းဆီးသွားပါတယ်။ မနေ့က ၂ ဦးသေဆုံးတဲ့ ဝက်လက်မြို့မှာလည်း လုံခြုံရေးတင်းကြပ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

မကြာခင်ကျောင်းတွေ ပြန်ဖွင့်မှာမို့ အလုပ်ခွင်ပြန်ဝင်မယ့် ဆရာ၊ ဆရာမတွေ ဒီနေ့ မေလ ၃ ရက်နေ့မှာ နောက်ဆုံး သတင်းပို့ရမယ်လို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ဒါကြောင့် မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က နန်းမြင့်ကျေးရွာမှာ ကျောင်းတက်ဖို့လာကြတဲ့ ဆရာမတွေကို ဒေသခံ ရွာသားတွေကို ဆန္ဒပြကြပါတယ်။ အဲဒီလိုဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲပြီး ဆန္ဒထုတ်ဖော်သူ အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ နန်းမြင့်ကျေးရွာမှာဖြစ်ခဲ့တဲ့ အခြေအနေကို ရွာသားတယောက်က ဗွီအိုအေကို အခုလိုပဲပြောပါတယ်။

“ပစ်ခတ်မှုဖြစ်တာ ဒီလိုပေါ့ ဆရာမတွေလေ ကျောင်းမှာ ကျောင်းတက်ဖို့ရာပေါ့နေ စုရုံးတာပေါ့။ စုရုံးတဲ့အခါမှာ ပြည်သူကလည်း ဆန္ဒပြဖို့ ထွက်တာပေါ့။ တယောက်နဲ့တယောက် စကားတွေပြောပြီးတဲ့အချိန်မှာ စစ်တပ်က ရောက်လာတာလေ။ ဆရာမတွေကကျောင်းဖွင့်ရာမှာ ပြည်သူက စစ်အာဏာရှင်ဆန့်ကျင်ပြီး စစ်အာဏာရှင် အလိုကျ မဖွင့်ဖို့ရာ တယောက်နဲ့ တယောက် စကားပြောကြတာပေါ့။ အခြေတင်စကားပြောရာကနေ ဆရာမတွေက ကျောင်းပိတ်သွားပြီးတော့ ဆန္ဒပြပြည်သူတွေကလည်း ရွာထဲပြန်တဲ့အချိန်မှာ တောင်သာ ကနေပြီး နန်းမြင့်ကျေးရွာကို စစ်ကား ၂ စီးနဲ့ ရဲကား ၁ စီး အင်အား ၃၀ လောက်ပေါ့နော် ရောက်လာတယ်။ ရောက်လာပြီးတော့ ရွာထဲမှာ ဟိုလမ်းဝင် ဒီလမ်းထွက်နဲ့ သေနတ် ၇ ချက်ဖောက်ပြီး ဦးဆောင်သူ ဒေါ်ဝင်းသန်းကို ဖမ်းပြီးတော့ တောင်သာ ခေါ်သွားတယ်။”

အလားတူပဲ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် တင်ပင်းကျေးရွာမှာလည်း ကျောင်းဖွင့်ဖို့ လာရောက်တဲ့ ဆရာမတွေကို ဒေသခံရွာသားတွေက ဆန္ဒပြလို့ စစ်တပ်က ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ရွာထဲက နေအိမ်အချို့ကနေ ရွေငွေတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားပါသေးတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တင်ပင်းရွာသား တဦးက

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာ စစ်ကျွန်ပညာရေး အလိုမရှိပေါ့ဗျာ။ စစ်အာဏာရှင်ကို ထောက်ခံတဲ့ ဆရာမတွေကို လက်မခံနိုင်ကြောင်း အလိုမရှိပေါ့ဗျာ။ သူတို့က ကျွန်တော်တို့သိသလောက် စစ်အာဏာရှင် စနစ်က ကျောင်းဖွင့်တယ်ဆိုတဲ့ သဘောမျိုးနဲ့ လာဖွင့်တာ။ ကျွန်တော်တို့ ဆန္ဒပြတော့ သူတို့က ဘာမှ မပြောဘူးဗျ။ တခါတည်းပဲကျွန်တော်တို့ကို ဓာတ်ပုံရိုက်တယ် အဝေးကနေ လှမ်းရိုက်တယ်။ ရိုက်ပြီးတော့ စစ်ကောင်စီကို တခါတည်း ခေါ်လိုက်တာပေါ့ဗျာ။ ပြီးတော့ စစ်ကား ၃ စီး ၄ စီးနဲ့ အယောက် ၃၀ ကျော်လောက် ကျေးရွာကိုလာပြီး ပစ်ခတ်သွားတာပေါ့ဗျာ။ ၁၀ ချက်လောက် ပစ်ခတ်သွားတယ်။ ထိခိုက်မှုတော့မရှိဘူး။ ကျွန်တော်တို့ ပစ္စည်းတွေ ပါသွားတာပေါ့ဗျာ။ အသံချဲ့စက်တွေ ရွှေတိုငွေစလေးနဲ့ အသံချဲ့စက်တွေ ပါသွားတာပေါ့။”

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် သနပ်စစ် ကျေးရွားနဲ့ နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာတို့မှာလည်း စစ်ကောင်စီ ဆန့်ကျင် ဆန္ဒပြပွဲပြုလုပ်လို့ စစ်တပ်က လာရောက်ပစ်ခတ်တာရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

မနေ့ မေ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ စစ်တပ်က ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးပြီး ၇ ဦးအထိ ဒဏ်ရာရခဲ့တဲ့ ရွှေဘိုခရိုင် ဝက်လက်မြို့မှာ ဒီကနေ့တော့ တည်တည်ငြိမ်ငြိမ်ရှိပေမဲ့ လမ်းတွေမှာ အစစ်အဆေး အမေးအမြန်းတွေလုပ် တင်းကြပ်နေတယ်လို့ ဝက်လက် ဒေသခံတဦးကပြောပါတယ်။

“ဒီနေ့အနေနဲ့က ထူးထူးခြားခြားမရှိဘူး။ လုံခြုံရေးအနေနဲ့က သူတို့ဘက်ကတော့ လုံခြံုရေးတွေ အများကြီး ယူထားတာပေါ့။ သူတို့ရဲဌာနအောက်မှာလည်း တွင်းတွေတော့ တူးထားတယ် ဗုံးတွင်းတွေလားမသိဘူး။ သဲအိတ်တွေကို သူတို့ရဲစခန်းမရောက်ခင် အလွန်လောက်မှာ သဲအိတ်တွေ ကာထားတယ်။ သူတို့ဘာသာ သူတို့ လုံခြံုရေးတွေ ချထားတာပါ။ လူဖမ်းတာတော့မတွေ့သေးဘူး စစ်ဆေးတာတော့ သူတို့နေတဲ့နေရာမှာ သွားလိုက်မိလို့ရှိရင် သူတို့အလှည့်ကျရှိတဲ့နေရာ သွားလိုက်လို့ရှိရင် အကုန်စစ်တာ ပါသမျှအကုန်စစ်တာ ဖမ်းဆီးတာတော့ လတ်တလော မကြားရသေးဘူး။”

ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီက ကြေညာထားတာချိန်မှာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်းပြသတဲ့ အနေနဲ့ နေပြည်တော်၊ ဂန့်ဂေါ၊ မြိုင်နဲ့ ဆားလင်းကြီးမြို့တွေမှာလည်း စစ်ကျွန်ပညာရေးအလိုမရှိ စာသားတွေကိုင်ဆောင်ပြီး လမ်းလျှောက်ချီတက်ကြတာ ၊ ကျောင်းဝန်းရှေ့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားတွေကို ဆေးနီးတွေနဲ့ ရေးသားထုတ်ဖော်ကြပါတယ်။ 


 ရဲ မွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-cdm-teachers-and-protestors-arrested-/5877172.html

ကျောင်းပြန်ဖွင့်ရေး ဆန့်ကျင်သူတွေ အကြမ်းဖက် နှိမ်နင်းခံရ ကျောင်းပြန်ဖွင့်ရေး ဆန့်ကျင်သူတွေ အကြမ်းဖက် နှိမ်နင်းခံရ Reviewed by THITHTOOLWIN on 07:34 Rating: 5

No comments:

Powered by Blogger.