ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ

ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ ဗန်းမော်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနရှေ့ ၂၀၂၁ မေလ ၄ ရက်နေ့က ဗုံးပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ် / Photo: RFA

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ဗန်းမော်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အရေးပေါ်လူနာဌာနရှေ့ ပန်းခြံမှာ ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်ခန့်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အသံအကျယ်ကြီး ကြားလိုက်ရတာ။ တမြို့လုံး ဒီအသံကျယ်ကြီးက လွှမ်းသွားတယ် ။ ဘာဖြစ်တာလဲ အစက မသိဘူး ။ နောက်တော့ ဆေးရုံးကြီးထဲ OPT ရှေ့မှာ ဗုံးပေါက်တာတဲ့။"

ဗုံးပေါက်ကွဲမှုကြောင့် လူအသေအပျောက်နဲ့ အထိအခိုက် ဒဏ်ရာရသူ တစ်ဦးမှမရှိဘဲ အရေးပေါ်ဌာနရှေ့က ပန်းခြံရဲ့ အုတ်ခုံတွေ ပဲ့ပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း တဝက်လောက်ဟာ စစ်ကောင်စီကို အာဏာဖီဆန်ရေးလုပ်တဲ့ အနေနဲ့ CDM ပြုလုပ်ထားတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ပြုလုပ်ထားတဲ့ ဆေးရုံရဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ် ။

တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်ပြည်သူ့ဆေးရုံးကြီးရှိ ဆေးရုံအုပ်ဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းအများစု CDM လုပ်ခဲ့တာကြောင့် ဆေးရုံကို ဆေးကုသဖို့လာတဲ့ လူနာအတော်နည်းတယ် လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဗန်းမော်ပြည်သူ့ဆေးရုံ အနီးနားဝန်းကျင်ကို တပ်မတော်က တားဆီးပြီး ကန့်သတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်ဆေးရုံးဝင်းကြီးအတွင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဘယ်သူ့လက်ချက်လဲဆိုတာကို RFA က စုံစမ်းနေဆဲဖြစ်ပါတယ် ။

စစ်ကောင်စီရဲ့လက်အောက်မှာ တာဝန်ဆက်လက်မထမ်းဆောင်နိုင်ဘူးဆိုပြီး CDM ပြုလုပ်ခဲ့တဲ့ ဗန်းမော် ပြည်သူ့ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာမင်းဇော်အေးဟာ၊ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က နေအိမ်မှာ တိတ် တဆိတ် သေဆုံးခဲ့ပြီး ဆရာဝန်ကြီး သေဆုံးမှုနဲ့ ပတ်သက်လို့ ဘယ်လိုကြောင့် သေဆုံးခဲ့သလဲဆိုတာကို စစ်ကောင်စီ တာဝန်ရှိသူတွေက အခုထိ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/bamaw-hospital-bomb-05042021084727.html

ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ  ဗန်းမော်ဆေးရုံ အရေးပေါ်ဌာနရှေ့ ဗုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.