မူဆယ် လူငယ် (၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်


မေ ၁၃ရက် ၂၀၂၁

မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။

ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။

မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ် မောင်ရဲသုဝေလင်း နှင့် မောင်ဟိန်းအောင်ဆက် တို့သည် ရဲစခန်းရှေ့တွင် ဖြတ်သန်းသွားသဖြင့် စစ်ကောင်စီ က ခေါ်ယူဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ လူငယ်(၂)ဦးသည် ဆိုင်ကယ်နှင့်အတူ M-22  ၅လက်၊  လက်လုပ်မိုင်း ၁၆လုံး နှင့် အတူ ဖမ်းဆီး ရမိဟု စစ်ကောင်စီ သတင်းမီဒီယာ MWD တွင်ယမန် (မေ ၁၂)တွင် သတင်းမှားယွင်းကြေညာခဲ့သည်။

ထိုဖမ်းခံရသည့် အသက် (၁၈) နှစ် မပြည့်သေးသည် မောင်ရဲသုဝေလင်း ကိုလည်း အသက် (၁၈)နှစ် ဟု ထည့်သွင်းကြေညာခဲ့သေးသည်။

ထိုလူငယ် (၂)ဦး သည် လက်ရှိအချိန်ထိ မိသားစုဝင်များနှင့်ရှေ့နေကို တေ့ွခွင့်မရသေးဘဲ၊ မူဆယ်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း၊ ထို့အပြင် ထိုးနှက်ထားသည့် ဒဏ်ရာလည်း ရှိသည် ဟု မိသားစုဝင်များ ပြောပြချက် အရသိရသည်။

“ မနေ့က ရဲစခန်းမှာ တနေ့ကုန်စောင့်တယ်။ တွေ့ခွင့်မရဘူး။ ကလေးတွေနဲ့ ရှေ့နေတွေနဲ့လည်း ပေးမတွေ့ဘူး။ နောက် ည သတင်းမှာ လက်နက်တွေနဲ့ အတူဖမ်းမိတယ်ဆိုတာထွက်လာတော့ အံ့သြတုန်လှုပ်သွားတယ်။ ကလေးတွေ မျက်နှာလည်း ထိုးခံထားတဲ့ ဒဏ်ရာရှိတယ်။ သတင်းတွေလုပ်ကြံပြီး လွှင့်တယ်” ဟု အသက် (၁၇)နှစ်အရွယ် မောင်ရဲသုဝေလင်း ၏ မိသားစုဝင် တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုလူငယ်(၂)ဦးသည် အိမ်ပြင်မှ ထွက်သွားသည်အချိန် ဆိုင်ကယ်တစီး၊ ဖုန်းတလုံးမှ အပ မည်သည့်လက်နက်မှ မပါကြောင်း၊ ထိုလက်နက်များသည် စစ်ကောင်စီ မှ လုပ်ကြံဖန်တီးထားသည့်သတင်းဖြစ်ကြောင်း၊ ထို့ပြင် အသက်မပြည့်သေးသည့်ကလေးကိုလည်း အသက် (၁၈)နှစ် ဟု ပြောဆိုကြေညာခဲ့ကြောင်း မိသားစုဝင်တဦးက ပြောပြသည်။

“ ကလေးတွေ မှာ ဘာလက်နက်မှ မရှိဘူး။ ဒါဂွင်ဆင်တာ။ လုပ်ကြံတာ။ ကျမတို့ လူငယ်တွေမှာ ဘယ် M-22ဆိုတာ ရှိမှာလား။ စဉ်းစားလည်း လွှင့်ပါဦး။ စစ်တပ်က တော့ သူလုပ်ချင်တိုင်ဆက်လုပ်နေမှာပဲ” ဟု မူဆယ်မြို့တွင် နေထိုင်သည့် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် တရားမျှတမှု မရှိ၊ ဥပဒေမဲ့လုပ်ရပ်များ နေ့တိုင်းမြင်တွေ့နေရကြောင်း၊ စစ်အာဏာရှင် မကျဆုံးမချင်း စစ်ကောင်စီ၏ မတရားမှုကို ဆက်လက်ခံနေရမည် ဟု ၎င်း အမျိုးသမီး ကပြောသည်။

“ စစ်တပ်ရှိနေသရွေ့ ကျမတို့ ကြောက်နေရမယ်။ ကျမတို့ခံနေရမယ်။ ဒါကြောင့် စစ်တပ် အမြစ်ဖြတ်ချေမှုန်းဖို့ ကျမတို့ပြည်သူတွေအင်အားလိုတယ်” ဟု အမျိုးသမီး က ထပ်လောင်းပြောသည်။

ယခုရက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှုတင်းကြပ်လာပြီး၊ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရန် အတွက် ပြည်သူများခက်ခဲလာကြောင်း၊ ဆန္ဒပြ လူငယ်များကို ဓာတ်ပုံရိုက်ယူပြီး နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးနေကြောင်း သိရသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ ယနေ့ချိန်ထိ မူဆယ်မြို့တွင် ဆန္ဒပြ ပြည်သူ (၃၀)ထက်မနည်း ဖမ်းဆီး ခံနေရကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မူဆယ် လူငယ် (၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့် မူဆယ် လူငယ် (၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့် Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.