ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည် ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ



ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲက ကယန်းသာယာ(တောင်)ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းပေါ်ကို မေလ ၂၄ ရက် ဒီနေ့မနက် တစ်နာရီလောက်က စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ဘုရားကျောင်းထဲမှာ ခိုလှုံနေတဲ့ အရပ်သား လေးဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီးနောက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မြို့တွင်းလှုပ်ရှားနေတာ ကြောင့် သေဆုံးသူတွေ ဘယ်သူတွေလဲဆိုတာကို တိတိကျကျ မပြောနိုင်သေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။

အဲဒီဘုရားကျောင်းမှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ခိုလှုံနေကြပြီး ဘုရားကျောင်းတွေ မှာလည်း အလံဖြူတွေ ထောင်ထားကြပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က တိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲရဲစခန်းကို စစ်ကောင်စီတပ်တွေက ဒီကနေ့မနက်ပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်ကြည့်ရှုနေတယ်လို့ ဒေသခံက ပြောပါတယ်။

မနေ့ကတိုက်ပွဲအပြီးမှာ မိုးဗြဲမြို့ဒေသခံ ထောင်နဲ့ချီပြီး ဘေးလွတ်ရာတောတောင်တွေထဲမှာ တိမ်းရှောင်နေ ကြသလို မြို့ပေါ်မှာလည်း ခြောက်သွေ့တိတ်ဆိတ်နေပြီး၊ ဈေးတွေလဲပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

မေလ ၂၃ ရက်နေ့က မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ဆယ့်လေးဦး သေဆုံးခဲ့ပြီး လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီဘက်က ဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ထားရာမှာတော့ သေဆုံးသူ အရေအတွက်ကို ထုတ်ပြန်ထားတာ မရှိပါဘူး။

တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက်နေ့ကစပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာကနေစတင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။

မနေ့က ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာအထွက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လေးဦးဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ သူကပြောပါတယ်။

တိုက်ပွဲဟာ ဒီးမော့ဆိုရဲစခန်းအနီးမှာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်လို့ ဆောက်လုပ်ရေး ရုံး စသုံးလုံးရုံးတွေ မီးလောက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာ စစ်ကောင်စီဘက်က ကျေးရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ပစ်လို့ နေအိမ်အချို့ လက်နက်ကြီးကျည်ဆန်အစတွေ ထိမှန်ခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လတ်တလော ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက တောတောင်တွေထဲမှာ ပုန်းအောင်းနေရသူတွေနဲ့ မိုးဗြဲကနေ ထွက်ပြေးလာရသူ ဒုက္ခသည် စုစုပေါင်း ထောင်နဲ့ချီပြီးရှိလိမ့်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ကူညီပေး နေတဲ့သူတွေက ပြောပါတယ်။

လက်တလောမှာ မတည်ငြိမ်တဲ့ အခြေအနေကြောင့် ထွက်ပြေးရတဲ့လူဦးရေစာရင်းကို ခန့်မှန်းအနေနဲ့ ကောက်ယူထားတာသာဖြစ်ပြီး အလျော့အတင်းရှိနိုင်သလို ဒီဒုက္ခသည်တွေကို လုံခြုံတဲ့နေရာတွေကို ရောက်ဖို့ ကြိုးစားနေကြပေမယ့်လက်တွေ့မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ စစ်ရေးကြောင့် အခက်အခဲရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ပီကင်းကော်ခူကျေးရွာမှာလည်း မနေ့ကစပြီး ဒုက္ခသည်စခန်းတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီစခန်းကို မနေ့က တစ်ရက်တည်းမှာတင် လူဦးရေ ရှစ်ရာလောက်ရောက်လာပြီး၊ တောတောင်တွေထဲမှာ လည်း ရှိနေသေးတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

ပီကင်းကော်ခူ ဒုက္ခသည်စခန်းဟာ ရှမ်းနဲ့ကယားပြည်နယ် နယ်နိမိတ်အစပ်၊ ကယားပြည်နယ်ရဲ့ အနောက် တောင်ဘက်မှာရှိပြီး ဒီးမော့ဆိုမြို့နဲ့ဆိုရင် ဆယ်မိုင်ကျော်လောက်ဝေးတဲ့နေရာမှာရှိပါတယ်။

RFA Burmese



ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည် ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ ခရစ်ယာန်ကျောင်းပေါ် လက်နက်ကြီးကျည် ကျ အရပ်သား လေးဦး သေဆုံး၊ ရှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.