တိုင်းပြည်စီးပွားပျက်အောင် လှုံ့ဆော်မှုတွေကြောင့် ဘဏ်တွေမှာ ငွေအကန့်အသတ်နဲ့ ထုတ်ပေးနေ (ဗဟိုဘဏ် ဒုဥက္ကဌ)

ဘဏ်ရှေ့ ငွေထုတ်ရန် စောင့်ဆိုင်းနေသူများ။

ဘဏ်တွေမှာ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာဟာ တိုင်းပြည် စီးပွားရေးစီမံချက်တွေ ပျက်ပြားအောင် နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကြောင့် ဖြစ်ပြီး အခု မိုဘိုင်းဖုံးကတဆင့် ငွေလွှဲတဲ့လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲ ကြုံနေရပြီး ATM ငွေထုတ်စက်တွေမှာ နေ့စဉ်နဲ့အမျှ ငွေထုတ်သူတွေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။

အကန့်အသတ်နဲ့ ငွေထုတ်ခွင့် ပေးနေတဲ့အပေါ် ငွေအပ်နှံသူတွေရဲ့ စိုးရိမ်စိတ်တွေကြောင့် ဘဏ်လုပ်ငန်း အကျပ်အတည်းကို ပိုပြီး ရင်ဆိုင်နေရတာလို့ ဗဟိုဘဏ် တာဝန်ရှိသူ တဦးကလည်း ဗွီအိုအေကို ပြောဆိုပါတယ်။ လူတော်တော်များများက ဘဏ်တွေအပေါ် ယုံကြည်မှုနည်းလာပြီး အိမ်မှာပဲ ငွေတွေ သိမ်းထားချင်ကြတာကြောင့် အပ်တဲ့သူတွေက မအပ်ဘဲ ထုတ်တဲ့သူတွေက များလာနေပါတယ်။

ဘဏ်ဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ရုံးမတက်ကြတာကြောင့် ဘဏ်တွေ ဖွင့်ဖို့ အခက်အခဲဖြစ်ခဲ့ရတယ်လို့ ဘဏ်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဘဏ်လုပ်ငန်း အကျပ်အတည်းကြောင့် COVID-19 ရောဂါကူးစက်မှုတွေကြား ထိခိုက်ခဲ့ရတဲ့ တိုင်းပြည်စီးပွားရေးဟာ နောက်ထပ် ပိုဆိုးလာနိုင်သလို၊ အစားအသောက် ရှားပါးမှုတွေ ကြုံရတဲ့ အန္တရယ်ကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက သတိပေးနေကြပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/bank-myanmar-/5881854.html

တိုင်းပြည်စီးပွားပျက်အောင် လှုံ့ဆော်မှုတွေကြောင့် ဘဏ်တွေမှာ ငွေအကန့်အသတ်နဲ့ ထုတ်ပေးနေ (ဗဟိုဘဏ် ဒုဥက္ကဌ) တိုင်းပြည်စီးပွားပျက်အောင် လှုံ့ဆော်မှုတွေကြောင့် ဘဏ်တွေမှာ ငွေအကန့်အသတ်နဲ့ ထုတ်ပေးနေ (ဗဟိုဘဏ် ဒုဥက္ကဌ) Reviewed by THITHTOOLWIN on 22:51 Rating: 5

No comments:

Powered by Blogger.