မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ၁၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာမှာ မေလ ၇ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ပစ်ခတ်တဲ့အတွက် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ထက်အောင် (ခေါ် ) မောင်ဖိုးချစ် သေဆုံးသွားပါတယ်။

လယ်သစ်ကျေးရွာမှာ "စစ်ကောင်စီသတင်းပေး" အဖြစ် စွပ်စွဲခံရသူတစ်ဦးရဲ့ နေအိမ်ကို အမည်မသိ လူတစ်ချို့ တူမီးသေနတ်နဲ့ လာရောက် ပစ်ခတ်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာကိုရောက်လာကြတာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်သားတွေရောက်လာပြီး ရွာထဲမှာ လှည့်ပတ်နေတဲ့အတွက် အမျိုးသားတွေ လတ်တလော ရွာထဲမှာ မနေရဲတော့ဘဲ ထွက်ပြေးနေရတယ်လို့ လယ်သစ်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၅ နာရီကျော်လောက်မှာ ဒလံအိမ်ဘက်က ပစ်သံတွေကြားရတယ်။ အဲဒါပြီးတော့ ဒလံက စစ်သားတွေကို ဖုန်းဆက်ခေါ်တော့ ရောက်လာတယ်။ ကလေးက တောသွားတာကို လမ်းမှာနောက်ကနေ ပစ်လိုက်တာ။ တောသွားတဲ့ လမ်းမှာတွေ့တဲ့ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကိုလည်း စစ်ကောင်စီက ဖမ်းခေါ်သွားတယ်”

သေဆုံးသူ မောင်ဖိုးချစ်ဟာ နေအိမ်ကနေ တောကို အလုပ်လုပ်ဖို့အသွားမှာ စစ်ကောင်စီက ပစ်လိုက်တဲ့ကျည် ဦးခေါင်းကိုထိမှန်ခဲ့တာပါ။ မြင်းခြံမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ် ရှိနေပါတယ်။ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်သွားမယ်ဆိုပြီး မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အခုလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/soldiers-killed-15years-old-child-in-myinchan-05072021084934.html

မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ၁၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး  မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ၁၅ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.