နာမည်ကြီး အနုပညာရှင် ၂၀ နီးပါး အဖမ်းခံရ၊ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ



စစ်အာဏာရှင်ရဲ့ ယန္တရားတွေ ရပ်တန့်သွားဖို့၊ စစ်အာဏာရှင် သက်ဆိုး မရှည်စေဖို့အတွက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ ဝန်ထမ်းတွေကို စည်းရုံးလှုံ့ဆော်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ဒါရိုက်တာနဲ့ မော်ဒယ်တွေအပါအဝင်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ အနုပညာရှင် ၁၇ ယောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ အယောက် ၁၀၀ ကျော်ကတော့ ဖမ်းဝရမ်း ထုတ်ခံ ထားရပါတယ်။

အဲဒီထဲက သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို မနေ့က မေ ၂၇ တရားရုံးထုတ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ အမှုစွဲတင်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝန်းက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်ဆန္ဒပြပွဲတွေ၊ အထိုင်သပိတ်တွေမှာ ရှေ့ကနေ ဒိုင်းကာအဖြစ် ကာကွယ်ပေးခဲ့ကြတဲ့၊ နာမည်ကြီး မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နဲ့ ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ရဲတိုက် တို့လည်း ပြီးခဲ့တဲ့ ဧပြီလထဲမှာ အဖမ်းခံရပြီး၊ အင်းစိန်အကျဉ်းထောင် သီးသန့်ဆောင်မှာ အကျဉ်းချ ခံထားရ ပါတယ်။

သူတို့နှစ်ယောက်ရဲ့အမှုကတော့ ရိုးရှင်းတဲ့အမှုထဲမှာ ရှိနေတဲ့အတွက် ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးကြမှာ ဖြစ်တယ်လို့ သူတို့နှစ်ယောက်အတွက် ဥပဒေဆိုင်ရာ လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။

"ရိုးရိုး ၅၀၅ (က) ဆိုရင်တော့ ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်တာပေါ့။ ဒါနဲ့ဆက်စပ်ပြီးတော့ နောက်ထပ် လူသေမှု၊ လူသတ်မှု၊ လက်နက်မှုတွေ ပါလာရင်တော့ ရှုပ်ထွေးသောအမှုလို့ သတ်မှတ်တဲ့အတွက် ရက်အကန့်သတ် ပိုများသွားတာပေါ့နော်။ ကိုပိုင်တံခွန်ကတော့ ပုဒ်မ ၅၀၅ (က) တစ်ခုတည်းပဲ စွဲထားတော့ ရိုးရှင်းတဲ့အမှုအနေနဲ့ သတ်မှတ်ပြီးတော့ ရက်ပေါင်း (၁၈၀) အတွင်းမှာ အပြီးစစ်ဖို့ လုပ်ထားပါတယ်။ ကိုရဲတိုက်ကတော့ နှစ်မှုစွဲထားတယ်။ ၅၀၅ (က) အဲဒီအမှုလည်း ဒီအတိုင်းပါပဲ။ နောက် မရမ်းကုန်းမှာ စွဲထားတဲ့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆ (ဂ) ဒါကလည်း ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ တရားလိုကို စစစ်ပါမယ်။"

ပိုင်တံခွန်ရဲ့အမှုအတွက် လာမယ့် ဇွန် ၉ ရက်မှာ တရားလိုဖြစ်တဲ့ ဒုရဲမှူး မျိုးမြင့်အောင်ကို စပြီး စစ်မှာ ဖြစ်ပါတယ်။ ရဲတိုက်ကို တရားစွဲထားတဲ့ ၅၀၅ (က) အတွက် ဇွန်လ ၁ ရက် ၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၁၆ (ဂ) အတွက် ဇွန်လ ၃ ရက်မှာ တရားလိုတွေကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောရေးစခန်းထဲကို ရဲတိုက်ကတော့ မရောက်ခဲ့ပေမယ့် ပိုင်တံခွန်ကတော့ ရောက်ခဲ့ပြီး ရှေ့နေနဲ့ ဧပြီ လကုန်ပိုင်းမှာ စတွေ့ခွင့်ရခဲ့ပါတယ်။ ပိုင်တံခွန် စစ်ကြောရေးကာလမှာ ဘယ်လို တွေ ရင်ဆိုင်ခဲ့ရတယ်၊ ဘယ်လိုအစစ်ဆေးခံခဲ့ရတယ်ဆိုတာကိုတော့ ရှေ့နေတွေ ကျင့်ဝတ်အရ မမေးဖြစ်ခဲ့ဘူး လို့လည်း ပြောပါတယ်။

    "အနုပညာရှင်တွေမှ မဟုတ်ပါဘူး ကျနော်တို့ တစ်နိုင်ငံလုံးပါ ထောင်ကျနေတာပါ"

သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၁၃ ခုနှစ်မှာ မူးယစ်ဆေးဝါးမှုနဲ့ ပြစ်ဒဏ်ကျခံဖူးပြီး ၂၀၁၇ ခုနှစ်မှာ ပြန် လွတ်မြောက်လာသူပါ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ သရုပ်ဆောင် ရဲတိုက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီရဲ့ အာဘော် သတင်းဌာန ဖြစ်တဲ့ MRTV က ဧပြီ ၄ ရက်မှာ ကြေညာထားပါတယ်။

အဖမ်းခံရတုန်းက မူးယစ်ဆေးဝါး မပါခဲ့တာကို မူးယစ်ပုဒ်မ ထပ်တပ်ခံရတဲ့အတွက် သရုပ်ဆောင် ရဲတိုက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတယ်လို့ သူ့အတွက် ကူညီပေးနေတဲ့ ဒါရိုက်တာ ရီဇော်က RFA ကို ပြောပါတယ်။

"သူပုံမှန်သောက်နေကျ မနက်ဆေး၊ ညဆေးတွေ ရှိတယ်ခင်ဗျ။ အဲဒီဆေးတွေကို ထောင်ဆေးရုံကနေ ပေးပြီး တိုက်နေတယ်လို့ ပြောပါတယ်။ သူ့ပုံမှန် ကျန်းမာရေးအတွက်ပါပဲ။ သူ့ကျန်းမာရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရရော ထိခိုက်နေတာတော့ အမှန်ပါပဲ။ သူက ကျန်းမာရေးကောင်းတဲ့သူ မဟုတ်ဘူးလေ။ ကျန်းမာရေး အရမ်းမကောင်းတော့ ထောင်ထဲမှာဆိုတော့ ခက်ခဲတာပေါ့နော်။ အတွေ့အကြုံ ရှိပေမယ့် လည်း အခုဟာက မူးယစ်ပုဒ်မ ထပ်တပ်တော့ နာမည်ထိခိုက်တာပေါ့နော်။ သူ့ကိုဖမ်းတဲ့အချိန်မှာ မူးယစ်ဆေးဝါး သူ့မှာ မပါဘူးလို့ ပြောပါတယ်။"

အနုပညာရှင်တွေဟာ ပြည်သူ့ဝန်ထမ်းတွေကို CDM မှာ ပါဝင်လာအောင်နဲ့ အများပြည်သူ အထိတ်တလန့် ဖြစ်အောင် သွေးထိုးလှုံ့ဆော်တာတွေကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ ဖော်ပြနေတာကြောင့် အရေးယူတာဖြစ်တယ်လို့ အာဏာသိမ်း စစ်ကောင်စီပိုင် သတင်းဌာနတွေကနေ ဧပြီ ၂ ရက်ကစပြီး ဓာတ်ပုံတွေ၊ လူမှုကွန်ရက်လိပ်စာတွေနဲ့တကွ ကြေညာခဲ့တာပါ။
paingtakhon.jpg
(ရန်ကုန်မြို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြပွဲမှာ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို တွေ့ရစဥ်) AFP Photo

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ပိုင်တံခွန် (ခေါ်) စစ်ကိုပိုင်၊ ရဲတိုက် အပါအဝင် CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ စည်းရုံးလှုံ့ဆော်ခဲ့တဲ့ ဇင်ဝိုင်း၊ လူမင်း၊ သူရိန်လွင် (ခ) လင်းသစ်၊ ဇာဂနာ၊ ခင်မင်းခန့်၊ ပိုပို၊ မျိုးသန္တာထွန်း၊ အေသင်ချိုဆွေ တို့ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲ အဖမ်းဆီး ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

အာဏာစသိမ်းတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့အတူ တစ်ရက်တည်း အဖမ်းခံခဲ့ရတာက ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား ဖြစ်ပါတယ်။

သူတို့တွေဟာ အင်းစိန် ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။ ရှေ့နေအသိုင်းအဝန်းကနေ နောက်ထပ် သိရတာကတော့ ဦးဇင်ဝိုင်းနဲ့ မင်းမော်ကွန်းတို့ သားအဖကိုတော့ အမှုရုပ်သိမ်းလိုက်တယ်လို့ သိရပေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွက် မဲဆွယ်ခဲ့တာ၊ ဇာတ်လမ်းရိုက်ကူးတာတွေ ရှိခဲ့တဲ့ သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံကို ထိုင်းနိုင်ငံကို အသွား၊ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး နေအိမ်အကျယ်ချုပ်ထားရှိတယ်လို့ စစ်ကောင်စီက ဧပြီ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ သူတို့တွေ ကတော့ အမေရိကန်နိုင်ငံသား ခံယူထားသူတွေ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းတဲ့အချိန်တုန်းက ဖမ်းဝရမ်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

စစ်ကောင်စီကို ဆန့်ကျင်လို့ အဖမ်းခံရတဲ့ အနုပညာရှင်တွေ ရှိနေသလို၊ အနုပညာရှင် ၁၀၀ ကျော်ကလည်း ဖမ်းဝရမ်း အထုတ်ခံရလို့ တချို့ ပြည်တွင်းမှာပဲ တိမ်းရှောင်နေရသလို၊ တချို့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေတွေထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲခံရလို့ အိမ်ကနေ ရှောင်နေရတဲ့ အဆိုတော် Novem Htoo ကတော့၊ လက်ရှိ သူ့ရဲ့အိပ်မက်တွေကို ခဏဘေးဖယ်ထားပြီး အနာဂတ်အတွက် ရောက်တဲ့နေရာကနေ တော်လှန်ရေးလုပ်မှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
novemhtoo.jpg
အဆိုတော် Novem Htoo

"လက်ဝါးကြီး အုပ်ထားတဲ့လက်အောက်မှာ ကျနော်တို့က မဖြစ်စလောက် အသက်ရှူနေရသလိုပေါ့နော်။ မဖြစ်စလောက် အခွင့်အရေးတွေနဲ့ ရှင်သန် နေတာထက်စာရင် ကိုယ်တော်ရင်တော်သလို အခွင့်အရေးတွေ၊ အနာဂတ် တွေ ရလာမှာကို ပုံဖော်ကြမယ့် သဘောမျိုးပေါ့။ ဖက်ဒရယ်ပေါ်လာမယ်၊ အဲဒါတွေကို ထောက်ခံ တယ်။ အခုချိန်မှာ လုပ်ကိုလုပ်ရမှာ၊ အိပ်မက် ပျက်စီးတယ်ဆိုတာ ခဏလေးတော့ သည်းခံရမှာပေါ့။ ကိုယ်အစွမ်း ရှိနေ သရွေ့၊ တော်နေ၊ ဖန်တီးနိုင်သရွေ့ နေရာကတော့ ပျောက်သွားမှာတော့ မဟုတ်ဘူးပေါ့ နော်။ ဒီစနစ်အောက်မှာ နေမှသာ ဖန်တီးသမျှအားလုံး၊ ဦးနှောက်ပိုင်းဆိုင်ရာတွေမှာပါ နိမ့်ကျမှာ၊ အဘက်ဘက်က နိမ့်ကျမယ့်အတူတူ တော်လှန်ရေးလုပ်တာ ပိုကောင်းတယ်လို့ မြင်တာပေါ့နော်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတစ်ယောက်ကတော့ တခြား အာဏာရှင်နိုင်ငံတွေမှာတောင်၊ ပြည်သူတွေငြိုငြင်မှာစိုးတာကြောင့် ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးတဲ့ကိစ္စမျိုးကို အလွယ်တကူ လုပ်လေ့မရှိဘူးလို့ ထောက်ပြဝေဖန်ပါတယ်။

"တခြား အာဏာရှင်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေတောင်မှ တကယ့်ကို ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေလေးစားရတဲ့သူတွေကို အပြစ်ပေး အရေးယူတော့မယ်ဆိုရင်၊ ဖမ်းဆီးတော့မယ်ဆိုရင် တော်တော်ကြီးကို စဉ်းစားရတာ။ အနုပညာရှင်တွေမှ မဟုတ်ပါဘူး ကျနော်တို့ တစ်နိုင်ငံလုံးပါ ထောင်ကျ နေတာပါ။ ဘယ်နေ့၊ ဘယ်အချိန် အဖမ်းခံရမလဲ။ ဘယ်နေ့ အပြင်သွားရင်း အပစ်သတ်ခံရမလဲ။ ဘယ် အချိန်မှာများ ညှဉ်းပန်းနှိပ်စက်ခံရမလဲ၊ ငါပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို လုယူခံရမလဲဆိုတာ တစ်နိုင်ငံ လုံးက ပြည်သူတွေ စိုးရိမ်ရတဲ့ အနေအထားမျိုးကို ရောက်နေပြီပေါ့။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က “မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစလို့ လေးလနီးပါး ကာလအတွင်း၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၈၃၁ ယောက်၊ အဖမ်းခံထားရသူ ၄၃၀၀ ကျော်နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရသူ ၁၈၀၀ ကျော် ရှိကြောင်း" မေလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese





နာမည်ကြီး အနုပညာရှင် ၂၀ နီးပါး အဖမ်းခံရ၊ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ နာမည်ကြီး အနုပညာရှင် ၂၀ နီးပါး အဖမ်းခံရ၊ ၁၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေ Reviewed by THITHTOOLWIN on 02:57 Rating: 5

No comments:

Powered by Blogger.