စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိတဲ့ ကုလားတန်မြစ်ကမ်းအနီးက BXI ဆိပ်ကမ်းမှာ ရခိုင်အမျိုးသားပါတီ(ANP) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဇက်ရေယာဉ်နဲ့ ၂၀၂၀ နိုဝင်ဘာ ၂ရက်နေ့က မဲဆွယ်စည်းရုံးပွဲ ပြုလုပ်နေစဉ် / Photo: RFA

ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ဖို့ စစ်တွေမြို့ (ANP) ပါတီရုံးမှာ မနေ့ကပြုလုပ်တဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်သူလူထုအကျိုးစီးပွားအတွက် အခုလိုဆုံးဖြစ်လိုက်တာလို့ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှ က ပြောပါတယ်။

“ကျွန်တော်တို့က တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ ကျွန်တော်တို့ကို တစ်စုံတစ်ရာ သဘောထား မှတ်ချက်လည်း ပေးခဲ့တာမရှိဘူး။ ကျွန်တော်တို့ တောင်းဆိုခဲ့တယ်ဆိုတာကလည်း ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူလူထုတွေကို ကျွန်တော်တို့ကိုယ်တိုင် စီမံခန့်ခွဲပြီး ကျွန်တော်တို့ကိုယ်တိုင်က အလုပ်အကျွေး ပြုချင်တဲ့ ဆန္ဒရှိလို့ တောင်းဆိုခဲ့တာဖြစ်တယ်။ အဲဒါကြောင့် အခုလိုပုံစံမျိုးဆိုရင် ကျွန်တော်တို့နဲ့ တစ်စုံတစ်ရာဆက်စပ်ပြီး ဆောင်ရွက်တဲ့အချိန်မှာ အဲဒါကိုကျွန်တော်တို့ အားရကျေနပ်မှုမရှိဘူး။ အခုလို ပုံစံမျိုးနဲ့လည်း ရခိုင်ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ်လို့ မယူဆဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ဒီစီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုကို ကျွန်တော်တို့ ရပ်နားဖို့ဆိုပြီး CEC က သဘောထားပေးတာဖြစ်တယ်။”

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ဖို့ အတည်ပြုချက်ယူမယ့် ဗဟိုအစည်းအဝေးကိုတော့ ဘယ်နေ့ ဘယ်ရက် ကျင်းပမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း သူကဆိုပါတယ်။

လက်ရှိမှာ ပါတီရဲ့ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်ဟာ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်နေပါတယ်။ သူ့ကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဒေါ်အေးနုစိန်ကို စစ်ကောင်စီဘက်က ကမ်းလှမ်းခဲ့တာပါ။

နောက်တစ်ရက် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာတော့ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနဲ့ ဗဟို အလုပ် အမှုဆောင် စုစုပေါင်း ၁၅ ဦးက အစည်းအဝေးပြုလုပ်ပြီး လတ်တလော ဖြေရှင်းဖို့လိုအပ်ချက်ကြောင့် ယေဘုယျသဘောတူခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီအချိန်က (ANP) ဘက်က အချက်(၆)ချက်ကို စစ်ကောင်စီဘက်က လိုက်လျောပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။ အဲဒီအချက်တွေထဲမှာ ရက္ခိုင့်တပ်တော် (AA)ကို အကြမ်းဖက်အဖွဲ့လို့ ကြေငြာထားတာကို ရုပ်သိမ်းပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲ ခံထားရသူတွေကို အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာအများစုကို ရခိုင်အမျိုးသား ပါတီ (ANP) က ခန့်ထားပေးဖို့တို့ ပါဝင်ပါတယ်။

ဒီတောင်းဆိုချက်တွေမရရင် စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုကို ရုပ်သိမ်းပြီး ပုံမှန်အတိုင်းရပ်တည်သွားဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရတယ်။

အခုလက်ရှိ ဒေါ်အေးနုစိန် စစ်ကောင်စီမှာ ပါဝင်နေခြင်းဟာ သူ့ရဲ့တစ်ဦးချင်း သဘောထားအရ ပါဝင်ခြင်းသာ ဖြစ်ပြီး၊ ကောင်စီမှာ ပါဝင်ကတည်းက ရခိုင်အမျိုးသားပါတီရဲ့ကိစ္စတွေကိုလုပ်ကိုင်တာ မရှိတော့သလို လုပ်ကိုင်လို့ရတဲ့ အခြေအနေလည်း မရှိတော့ဘူးလို့ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ က ပြောပါတယ်။

“ပါတီက ရပ်လိုက်တယ်ဆိုတော့ ဒေါ်အေးနုစိန်ကပါဝင်ကတည်းက ပုဂ္ဂိုလ်ရေးအရပါဝင်တာဖြစ်တဲ့ အတွက်ကြောင့် သူကိုယ်တိုင်ကလည်း အဲဒီပါတီသဘောထားအပေါ်မှာမူတည်ပြီး ဒေါ်အေးနုစိန် ကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်ချက်ဖို့လိုအပ်နေပြီလို့ ကျွန်တော်တို့မြင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အေးနုစိန် ကောင်စီမှာ ပါဝင်ကတည်းက ပါတီတာဝန်ကို ဘာမှထမ်းဆောင်လို့ရတဲ့ အခြေအနေမရှိတော့ဘူး။ ဒေါ်အေးနုစိန် က ပါတီမှာ ထမ်းဆောင်ကတည်းက ပါတီလုပ်ငန်းတွေကို ဘာမှလုပ်ကိုင်တာလည်း မရှိတော့ဘူး။ ဝင်ရောက်လုပ်ကိုင်လို့ရတဲ့အခြေအနေလည်း မရှိတော့ဘူး။”

ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဝံလက် ဖောင်ဒေးရှင်းရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကတော့ အခုလို စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်မှုဟာ မှန်ကန်တယ်လို့ ထောက်ပြပါတယ် RFA ကို ‌ပြောပါတယ်။

“၁၉၈၈ နောက်ပိုင်း စစ်အစိုးရရဲ့ အုပ်ချုပ်ကတည်းက ရခိုင်ပြည်အတွက် ဘာမှ ဖွံ့ဖြိုးတိုးတက်မှုတွေ ဘာမှလုပ်နိုင်ခဲ့တာ မတွေ့ရဘူး။ ဖွံ့ဖြိုးတိုးတက်မှုလို့ပြောရင် ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ သွားနေတဲ့ အစိုးရတွေမှာသာ ဖွံ့ဖြိုးမှုအပိုင်းကို လုပ်ဆောင်နိုင်တဲ့ လက္ခဏာတွေ တွေ့ရတယ်။ ဒီလိုစစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုနဲ့သွား မယ်ဆိုရင်တော့ ဖွံ့ဖြိုးမှုပိုင်းတွေမှာတော့ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး။ စပူးပေါင်းကတည်းက ပြန်လည်သုံးသပ်ဖို့ ကျွန်တော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေက တင်ပြထားတာ ရှိတယ်။ အခုလိုမျိုး မပူးပေါင်းတော့ဘူး ဆိုတာကလည်း သူတို့ရဲ့ဆုံးဖြတ်မှုက မှန်ကန်တယ်လို့ပဲ ပြောချင်တယ်။"

ANP ပါတီနဲ့ ပြန်လမ်းခွဲလိုက်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ပြောခွင့်ရှိသူ ဦးဦးလှမြင့် ကလည်း ANP ပါတီရဲ့သဘောထား ပြောင်းလဲမှုမှန်ကန်တယ်လို့ ပြောပါတယ်။

“မြန်မာပြည်ကို ဘယ်အာဏာရှင်လက်အောက်ကိုမှ မရောက်စေချင်ဘူး။ ဒီမိုကရေစီအာဏာရှင်ပဲဖြစ်ဖြစ် စစ်အာဏာရှင်ပဲဖြစ်ဖြစ် အာဏာရှင်စစနစ်ကိုတော့ မကြိုက်ဘူး။ ရခိုင်ပြည်နယ်ကြီးက ပြောင်းလဲမှုမှ မရှိတာ။ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းမှုတွေမှာ အရင်ကထက် အများကြီး အခက်အခဲရှိတယ်။ လူတွေရဲ့စားဝတ်နေရေး စစ်ရှောင်တွေက ဒီမိုကရေစီ အစိုးရလက်ထက်မှာ အဲလိုဖြစ်ခဲ့သလို အခုလည်း အပြောင်းအလဲမှ မရှိတာ ဒီဆုံးဖြတ်ချက်ကတော့ မှန်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ မိမိတို့ရဲ့အမျိုးသား၊ မိမိတို့ရဲ့ဒေသ မိမိတို့ရဲ့နိုင်ငံ ကောင်းရာကောင်းကျိုးလုပ်တာဆိုတော့ မကောင်းဘူးဆိုတော့ မကောင်းဘူး လို့ ပြောကြတာပဲ။ ဒါမှနိုင်ငံရေးလုပ်တာနဲ့ တူမယ်ပေါ့။ ဒါကိုတော့ ကြိုဆိုပါတယ်။"

ANP ပါတီရဲ့ အခုလိုဆုံးဖြတ်ချက်အပေါ် ကြိုဆိုတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာ သုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ANP ပါတီက စစ်ကောင်စီလက်ထက်မှာ ရခိုင်ပြည်အနေနဲ့ အရင်တုန်းက NLD အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တာထက် စစ်ကောင်စီလက်ထက်မှာ ANP ပါတီအနေနဲ့ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ပိုပြီးလုပ်နိုင်မယ်လို့ သူတို့က ယူဆလို့ ပူးပေါင်းဆောင်ရွက်တာပါ။ ဒါပေမဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ကိစ္စမှာ ဖွံ့ဖြိုးတိုးတက်အောင် သူ့အနေနဲ့ လုပ်ပေးနိုင်တဲ့ အနေအထား ဘယ်လိုမှ မရှိပါဘူး။ တစ်ပြည်လုံးမှာ ဖြစ်နေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး လူထုတိုက်ပွဲ အောက်မှာ ဘယ်လိုမှ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်ကို လှည့်ကြည့်နိုင်တဲ့ အနေအထား မရှိပါဘူး။ ANP ပါတီအနေနဲ့ ဒီလိုဆုံးဖြတ်ချက်ချလိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီထက်ပိုပြီးတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့က တစ်ပြည်လုံးမှာ ရှိနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးအတွက် ကြိုးပမ်းနေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းနိုင်မယ် ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့အလားအလာဟာ ပိုပြီးကောင်းလိမ့်မယ်လို့ မျှော်လင့်မိပါ တယ်။ ANP ပါတီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ပြောပါရစေ။"

ရခိုင်အမျိုးသားပါတီ (ANP) ဟာ အစောပိုင်းကာလမှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရခိုင်လူထုကြားမှာ ဝေဖန်ခံခဲ့ရပါတယ်။

တချို့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ရခိုင်အမျိုးပါတီ (ANP)နဲ့ ရခိုင် လူထုတွေဟာ ဥပေက္ခာပြုခံခဲ့ရတဲ့အတွက် ပူးပေါင်းတာကောင်းတယ်လို့ ပြောကြသူတွေ ရှိခဲ့သလို၊ စစ်ကောင်စီနဲ့ မပူပေါင်းသင့်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/anp-decided-to-suspend-cooperation-wtih-military-05052021074057.html

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ်  စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုရပ်တန့်ဖို့ ရခိုင်အမျိုးသားပါတီ ဆုံးဖြတ် Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.