စစ်ကောင်စီတပ်တွေအင်အားသုံးမှာကို စိုးရိမ်ပြီး ကင်းနယ်က လူထောင်ချီ ထွက်ပြေးနေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာရှိတဲ့ ကင်းရွာကြီးအပြင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ချင်းတွင်းမြစ်ထဲက စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကို ရှောင်ဖို့ အနီးနားကတောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပါလာတဲ့ ရေယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေက တားဆီး စစ်ဆေးရာကနေ တိုက်ပွဲဖြစ်ခဲ့ပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားသုံးဝင်ရောက်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေတာလို့ သိရပါတယ်။

ချင်းတွင်းမြစ်ထဲက အဲဒီတိုက်ပွဲစဲသွားချိန်မှာ မြစ်တစ်ဖက်ကမ်းက ကင်းရွာ၊ အထက်ကင်း၊ ပဲခင်းစတဲ့ရွာတွေအပြင် မြစ်တခြားဖက်ခြမ်းမှာရှိတဲ့ ယင်းရွာ၊ တောင်ကိုးရွာ၊ ကုန်းသာရွာတွေအပြင် အနည်းဆုံး ရွာပေါင်း ၈ ရွာက လူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။

အပူချိန်မြင့်တက်အပြီး ရုတ်တရက်ရွာတဲ့မိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ကလေးတွေထဲက တစ်ချို့ ဖျားနာတာ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ထွက်ပြေးခဲ့ရလို့ ထမင်းတောင် အလှည့်ကျ ချက်စားရတာမျိုး ကြုံနေရတယ်ပြီး ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့ပြင် မနေ့ မေလ ၇ ရက် နေ့လည်ခင်းပိုင်းတုန်းကလည်း အထက်ကင်းနဲ့ ကင်းရွာကြားမှာ ရှိတဲ့ မြင်းချေးချောင်းတံတားနားမှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ အသက် ၂၆ နှစ်အရွယ် ကိုကျော်သူစိုးဆိုသူ သေဆုံးခဲ့ပြီး နယ်ခံတွေက သူ့အလောင်းကို ကောက်ဖို့ ကြိုးပမ်းပေမဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရပါတယ်။

အခုဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ရွာတွေဟာ ကုန်းလမ်းဆို မုံရွာ-ယာကြီး-ကလေး၀လမ်းကနေ မင်းကင်းဘက်ကို ဆင်းသွားရတဲ့လမ်းပေါ်မှာရှိပါတယ်။

တခါ ဒီကုန်းလမ်းအတိုင်း မုံရွာ-ယာကြီး-ကလေး၀လမ်းပေါ်မှာရှိတဲ့ လည်ရှည်ရွာတိုက်ပွဲအပြီးကတည်းက အဲဒီအနီးနားက သမင်ခြံအပါအဝင် ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လှုပ်ရှားနေတာကြောင့် ဒေသခံချို့ ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စစ်ကောင်စီတပ်တွေအင်အားသုံးမှာကို စိုးရိမ်ပြီး ကင်းနယ်က လူထောင်ချီ ထွက်ပြေးနေ  စစ်ကောင်စီတပ်တွေအင်အားသုံးမှာကို စိုးရိမ်ပြီး ကင်းနယ်က လူထောင်ချီ ထွက်ပြေးနေ Reviewed by THITHTOOLWIN on 18:59 Rating: 5

No comments:

Powered by Blogger.