စစ်တပ်နဲ့ဆက်နွှယ်တဲ့ရုံးခန်းနေရာတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြောင်းရွှေ့

ဆူးလေစကွဲအနီး ဖေဖော်ဝါရီက ဆန္ဒပြမှု

ရန်ကုန်မြို့က စစ်တပ်ပိုင်မြေမှာ ဆောက်ထားတဲ့ ဆူးလေစကွဲ အဆောက်အအုံက ရုံးခန်းနေရာတွေကနေ ပြောင်းရွှေ့သွားတာနဲ့ ငှားထားတာကိုပြန်စဥ်းစားသုံးသပ်တာတွေလုပ်နေတယ်လို့ ကိုကာကိုလာ၊ ကမ္ဘာ့ဘဏ်နဲ့ မက်ကန်ဇီ တို့က ဘီဘီစီကို ပြောပါတယ်။

အဲဒီမြေနေရာကို စစ်တပ်က ငှားရမ်းထားတယ်ဆိုတာကို ၂၀၁၉ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ တင်ပြချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီအဆောက်အအုံမှာ အခန်းငှားထားတဲ့ ရုံးနဲ့ဆိုင်ခန်း ၁၈ ခန်း ကို စစ်တပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ငွေထောက်ပံ့ပေးသလိုဖြစ်နေတာကို ရပ်ဖို့ Justice for Myanmar တက်ကြွလှုပ်ရှားသူအဖွဲ့က ပြီးခဲ့တဲ့လတုန်းက တောင်းဆိုခဲ့ပါတယ်။

ရိုက်တာသတင်းမှာ ဖော်ပြချက်အရ အဲဒီကုမ္ပဏီတွေထဲက ခြောက်ခုဟာ သူတို့ဟာ အဲဒီနေရာကနေ ပြောင်းရွှေ့လိုက်တာနဲ့ ငှားထားတာကို ပြန်စဥ်းစားသုံးသပ်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တစ်ခုကပဲ စစ်တပ်နဲ့ ဆက်နွှယ်တာကြောင့်ဆိုတာကို ထည့်ပြောပြီး တခြားလုပ်ငန်းတွေကတော့ စီးပွားရေးအလားအလာ စတဲ့ အကြောင်းပြချက်တွေကြောင့်လို့ ပြောပါတယ်။

ကိုကာကိုလာက ဘီဘီစီကို အီးမေးကပေးပို့တဲ့စာမှာလုပ်ငန်းလိုအပ်ချက်တွေ ပြောင်းသွားတာကြောင့် နောက်လလယ်မှာ ပြီးဆုံးမယ့် ငှားရမ်းမှုကို သက်တမ်းထပ်မတိုးတော့ဘူးလို့ ပြောပါတယ်။

ရုံးခန်းထိုင်ရတဲ့ ဝန်ထမ်းတွေဟာ ၂၀၂၁ တစ်နှစ်လုံး လုံခြုံရေးအတွက် အိမ်တွေကနေ အလုပ်လုပ်ကြမယ်၊ ရုံးခန်းနေရာသစ်ကို နောက်ပိုင်းမှာ ပြောမယ်လို့ ဆိုပါတယ်။

အတိုင်ပင်ခံ McKinsey & Company ကတော့ ဆူးလေစကွဲမှာ ရုံးခန်းမရှိတော့ပါဘူး။ ၂၀၂၁ အစောပိုင်းမှာ ငှားထားတာကို ရပ်လိုက်ပြီလို့ ဘီဘီစီကို ပေးပို့တဲ့ စာမှာ ပါရှိပါတယ်။

ရိုက်တာကလည်း ဆူးလေစကွဲက ရုံးခန်းကို လောလောဆယ် သုံးမနေကြောင်းနဲ့ ငှားရမ်းမှုကို ပြန်သုံးသပ်နေကြောင်း ပြောပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း အဖွဲ့အစည်းရဲ့ မူဝါဒတွေနဲ့ လုပ်ငန်းစဥ်တွေနဲ့ အညီ မြန်မာနိုင်ငံက အခြေအနေတွေကို သုံးသပ်နေတယ်လို့ ကမ္ဘာ့ဘဏ်ပြောခွင့်ရသူက ဘီဘီစီကို ပြောါပတယ်။

နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီကတော့ သူတို့ အဲဒီမှာ ရုံးခန်းရွှေ့မလာခင်ကတည်းက ဆူးလေစကွဲမြေနေရာကို စစ်တပ်က ပိုင်တယ်ဆိုတာ သိထားပါတယ်၊ ဒါပေမဲ့ လုံခြုံရေး စတဲ့ လိုအပ်ချက်တွေကြောင့် ဒီနေရာကို ရွေးတာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီနေရာကနေ ထွက်မယ်မထွက်ဘူးဆိုတာကိုတော့ တယ်လီနောက မပြောပါဘူး။

ရန်ကုန်မြို့လယ် ဆူးလေဘုရားနားက ဆူးလေစကွဲ အဆောက်အအုံကို ၂၀၁၇ ခုနှစ်မှာ ဖွင့်ခဲ့တာပါ။ အဲဒီအဆောက်အအုံကို ဟောင်ကောင်က ရှန်ဂရီလာအေးရှား ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီက အဲဒီအဆောက်အအုံနဲ့ အနီးအနားက ဟိုတယ်ကို လုပ်ကိုင်လည်ပတ်နေတာ ဖြစ်ပါတယ်။

ရှန်ဂရီလာအုပ်စုက အဲဒီတည်ဆောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ၂၀၁၇ မှာ ပြောကြားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

စစ်တပ်နဲ့ဆက်နွှယ်တဲ့ရုံးခန်းနေရာတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြောင်းရွှေ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ရုံးခန်းနေရာတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.