သတင်းအတတ်ပညာမေဂျာတန်းမှာ တက်ရောက်သူကျောင်းသားမရှိ

သတင်းအတက်ပညာမေဂျာတန်းမှာ တက်ရောက်သူကျောင်းသားမရှိ

မေလ ၅ရက်နေ့မှာ ပညာရေးဝန်ကြီးဌာနလက်အောက်က တက္ကသိုလ် ဒီဂရီ၊ ကောလိပ်တွေမှာ မဟာတန်းနဲ့နောက်ဆုံးနှစ်အတန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ ဗိုလ်တထောင်မြိုနယ်မှာရှိတဲ့ အမျိူးသားစီမံခန့်ခွဲမူပညာဒီဂရီကောလိပ်က သတင်းအတတ်ပညာမေဂျာမှာ လာရောက်ကျောင်းတက်သူလုံးဝမရှိခဲ့ဘူးလို့ သိရပါတယ်။

ဘွဲ့ရဖို့လက်တစ်ကမ်းအလိုမှာရှိနေပေမယ့် ကျောင်းမတက်ဖို့ကျောင်းသားအားလုံးရာနှုန်းပြည့် ဆန့်ကျင်ဆန္ဒပြတယ်လို့ အမျိူးသားစီမံခန့်ခွဲမူပညာဒီဂရီကောလိပ်သတင်းအတတ်ပညာဌာန စတုတ္ထနှစ် ကျောင်းသူကျောင်းသားတွေကပြောပါတယ်။

"မေလ ၅ရက်နေ့ကျောင်းပြန်ဖွင့်ဖို့ သတင်းတွေမကြားခင်ကတည်းက ကျောင်းသားတွေကြား သဘောထားကောက်ခံတဲ့ အွန်လိုင်းအစည်းဝေးလုပ်တဲ့အခါမှာတော့ တော်တော်များများက ပထမအစောပိုင်းအာဏာသိမ်းပြီးကတည်းက သတင်းအတတ်ပညာကျောင်းက ကျောင်းသား ၁၀၀ ရာခိုင်နူန်းလောက် ကျောင်းမတက်ဖို့ဆန္ဒရှိတယ်လို့ထုတ်ပြန်ပြီးသားပါ။ အခုနောက်ဆုံးနှစ်နဲ့မဟာတန်း အတွက်ကျောင်းဖွင့်ဖို့ထုတ်ပြန်တဲ့အခါမှာတော့ အကုန်လုံးက ကျောင်းမတက်ဖို့သဘောထားရှိကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီအစိုးရရဲ့ဘယ်ယန္တရားကိုမဆို မလည်ပတ်စေချင်ဘူး" လို့သတင်းအတတ်ပညာမေဂျာရဲ့ကျောင်းသားရေးရာအတွင်းရေးမှူး စတုတ္ထနှစ်ကျောင်းသားကိုမင်းခန့်ကျော်က ဘီဘီစီကိုပြောပါတယ်။

အခုလို ကျောင်းတွေပြန်ဖွင့်ဖို့ ဝန်ကြီးဌာနက မကြေညာခင်ကတည်းကကျောင်းသားကျောင်းသူတွေ အနေနဲ့အစည်းဝေးခေါ်ယူတွေ့ဆုံပြီး ကျောင်းပြန်တက်ရေးမတက်ရေး ဆွေးနွေးခဲ့ကြပြီး ကျောင်းမတက်ဘဲ ဆန့်ကျင် ဆန္ဒပြရေးအတွက် နောက်ဆက်တွဲဖြစ်လာမှာတွေကို ကျောင်းသားတချို့နဲ့မိဘတွေက စိုးရိမ်မူရှိခဲ့ပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်အနေနဲ့အားလုံးကျောင်းမတက်ဖို့ကို ဆုံးဖြတ်ခဲ့ကြပြီးသားဖြစ်တယ်လို့ဆိုပါတယ်။

" ကျောင်းသားတွေအနေနဲ့က ပထမ ၂၀၂၀ ကတည်းကကျောင်းပြီးပြီး၂၀၂၀ ဒီဇင်ဘာမှဘွဲ့ရနေပြီပေါ့နော်။ ကိုဗစ်ကြောင့် အရှေ့မှာ တခါအချိန်ကုန်ခဲ့ပြီးပြီ။ Semester တစ်ခုစာပဲကျန်ပြီးကိုးလို့ကန့်လန့်ဖြစ်သွားတာ ။ ဒီဂရီလည်းမရသေးဘူး။ ဒါပေမဲ့ အခုချိန်မှာ တက်လိုက်ရမှာကိုမတက်ချင်ဘူး။ ကျွန်တော်တို့က အခုချိန်မှာ ဒီဂရီရလည်း အသုံးမဝင်ဘူး ။ ကျွန်တော်တို့သည် ဂျာနယ်လစ်ဇင်မေဂျာဖြစ်တယ်။ အခုချိန်မှာ ကျွန်တော်တို့က ဒီဂရီရသွားရင်လည်း ဂျာနယ်လစ်ဇင်မေဂျာနဲ့ပတ်သတ်ပြီး သက်ဆိုင်တဲ့ဘယ်အလုပ်မဆို အခွင့်လမ်းကမရှိသလောက်ဖြစ်နေပြီ။ ကျွန်တော်တို့အနေနဲ့စိတ်ထဲမှာတော့မကောင်းဘူး။ ဒါပေမဲ့ ပြတ်ပြတ် သားသား ဆန့်ကျင်ဆန္ဒပြမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ် " လို့ကျောင်းသားတွေရဲ့သဘောထားကို ကိုမင်းခန့်ကျော်က ဆက်ပြောပြပါတယ်။

ဒါ့ပြင် လက်ရှိစစ်ကောင်စီအနေနဲ့ အခြေခံပညာကျောင်းတွေနဲ့တက္ကသိုလ်တွေကို ဖွင့်လှစ်တဲ့နေရာမှာ အစီစဉ်တကျပြင်ဆင်ဖွင့်လှစ်ခြင်းမျိုးမဟုတ်ဘဲ လက်ရှိကာလအတွင်း ကျောင်းတွေပြန်ဖွင့်ပေးတယ်ဆိုတဲ့ မှတ်တမ်းရယူလိုခြင်းကြောင့်သာဖြစ်တယ်လို့ယူဆပြီး ကောင်းမွန်တဲ့ပညာရေးစနစ်မဖြစ်နိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေကလည်း ကျောင်းသားကျောင်းသူတွေကြားမှာရှိနေပါတယ်။

မနေ့က မေလ ၅ရက်နေ့မှာလည်း သတင်းအတတ်ပညာကျောင်းအပြင်မြန်မာနိုင်ငံလေကြောင်း့ အာကာသပညာတက္ကသိုလ် ၊ ပြည် ၊ ဟားခါး၊ မုံရွာ နဲ့ တက္ကသိုလ်အချို့မှာ ကျောင်းလာတက်တဲ့ကျောင်းသားကျောင်းသူမရှိသလောက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    Quote Message: ကျွန်တော်တို့က အခုချိန်မှာ ဒီဂရီရလည်း အသုံးမဝင်ဘူး ။ အခုချိန်မှာ ကျွန်တော်တို့က ဒီဂရီရသွားရင်လည်း ဂျာနယ်လစ်ဇင်မေဂျာနဲ့ပတ်သတ်ပြီး သက်ဆိုင်တဲ့ဘယ်အလုပ်မဆို အခွင့်လမ်းကမရှိသလောက်ဖြစ်နေပြီ။ from ကိုမင်းခန့်ကျော် သတင်းအတတ်ပညာမေဂျာ စတုတ္ထနှစ်ကျောင်းသား


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

သတင်းအတတ်ပညာမေဂျာတန်းမှာ တက်ရောက်သူကျောင်းသားမရှိ  သတင်းအတတ်ပညာမေဂျာတန်းမှာ တက်ရောက်သူကျောင်းသားမရှိ Reviewed by THITHTOOLWIN on 21:05 Rating: 5

No comments:

Powered by Blogger.