နယ်စပ်တင်းကျပ်မှုကြားက နိုင်ငံခြားသား ၃,၀၀၀ ကျော်ဝင်ရောက်ခဲ့ - ထိုင်းထုတ်ပြန်

ကန်ချနဘူရီပြည်နယ်ထဲကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားများ။ (မေ ၁၃၊ ၂၀၂၁)

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်အတွင်းမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တင်းကျပ်စွာ ချထားတဲ့ကြားကပဲ မြန်မာနိုင်ငံသား အများစုပါတဲ့ တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက်လာတာ မတ်လကနေ မေလအထိဆိုရင် လူဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲကို မတ်လကနေ မေလအတွင်း တောလမ်းတွေကနေတဆင့် မြန်မာနိုင်ငံသားတွေ အစုလိုက် အပြုံလိုက် ဝင်ရောက်လာနေတာကြောင့် ထိုင်းအာဏာပိုင်တွေက လုံခြံုရေးတင်းကျပ်ပြီး ဖမ်းဆီးမှုတွေ လုပ်နေတာပါ။ မတ်လကနေ မေလလယ်အထိ ဖမ်းမိတဲ့ တရားမဝင် နိုင်ငံခြားသား ၃,၀၀၀ ကျော်ရှိကြောင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

“၃ လပေါင်းပေါ့၊ မတ်ကနေ အခု ၅ လပိုင်းအထိပေါ့၊ မတ်လထဲမှာ ၁,၃၀၀ ကျော်မိတယ်၊ ဧပြီလထဲမှာပဲ ၁,၃၀၀ ကျော် ၁,၄၀၀ နီးပါးပဲ၊ ကျန်တဲ့ဟာတွေက အခုနောက်ပိုင်း ထပ်မိတာပေါ့၊ အဲဒါပေါင်းလိုက်ရင် ၃,၀၀၀ ကျော်တယ်။ အဲဒီထဲမှာ မြန်မာအများဆုံးပဲ။ ကျနော်ပြောတာက မြန်မာတဖွဲ့တည်းကို ပြောတာမဟုတ်ဘူး။ မြန်မာရော လာအိုရော ကမ္ဘောဒီးယားရော အားလုံးကိုပြောတာပါ၊ မြန်မာကတော့ အများဆုံးပေါ့။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး အဆင်မပြေမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို မြန်မာနို်င်ငံသားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနေကြတာ ဖြစ်တယ်လို့လည်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

ကန်ချနဘူရီပြည်နယ် စံခဘူရီခရိုင် နောင်လူနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနို်င်ငံသားများကို ဖမ်းမိတာဟာ ဧပြီလနဲ့ မေလ တလကျော်အတွင်း လူဦးရေ ၉၂၇ ဦးရှိတယ်လို့လည်း နောင်လူနယ်စပ်မှာရှိတဲ့ ထိုင်းနယ်ခြားစောင့်တပ်က မနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့ကတော့ ပကျွတ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၅၀ လောက် ထပ်မံဖမ်းဆီးခံရကြောင်း ဦးမင်းဦးက ဆက်ပြောပြပါတယ်။

“၅၀ ကတော့ ပကျွတ်ခရိုင် တာဘွန် (ကျေးရွာအုပ်စု) ကတော့ အောင်နွိုင်းလို့ခေါ်တယ်။ ရွာကတော့ ရွာအမှတ် ၁၂၊ အဲဒီနေရာကနေ ဝင်လာတာပေါ့ဗျာ၊ အဲဒီနေရာမှာ မိတာပေါ့။ ဖမ်းမိတာ ဒါက ပကျွတ်မြို့နယ်၊ မြို့နဲ့နီးနီးပေါ့၊ သူတို့ကလည်း မိတာကလည်း ဟိုမှာကလည်း နေစရာ စားစရာရော အလုပ်အကိုင် ရှားပါးတာတွေ၊ အလုပ်တွေ မရှိတဲ့အခါကျတော့ ထိုင်းကလည်း အနီးဆုံးဖြစ်နေတယ်လေ။ နောက်တခုက ဒီမှာရှိတဲ့ ဆွေမျိုးသားချင်းတွေ ခေါ်လို့ ဆက်သွယ်ပြီးတော့လည်း လာကြတာမျိုး။ နောက်တခုကတော့ ပွဲစားတွေက အယုံသွင်းတာကို မိပြီး လာကြတာပေါ့။”

ထိုင်းကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အရင်ကဆိုရင် ဆယ်ဂဏန်းလောက် အစုအဝေးသာ ရှိခဲ့ပေမယ့် အခုလပိုင်းတွေမှာတော့ တနေ့တည်း ရာဂဏန်းလောက်ထိ ဝင်လာနေကြတာပါ။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ လုံခြံုရေးအားနည်းတဲ့ တောလမ်းတွေကို သုံးပြီး ဝင်နေကြတာလို့လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ တချို့လည်း ကျေးရွာတွေကိုရောက်ပြီး တပတ် ၁၀ ရက်ကြာမှ ထိုင်းနိုင်ငံသားတွေက သတင်းပေးလို့ ဖမ်းမိတာတွေလည်း ရှိနေပါတယ်။

ထိုင်းရဲဗိုလ်ချုပ် Narit Thawornwong နဲ့ အဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်ဒေသတွေကို ရဟတ်ယာဉ်နဲ့ သွားရောက်စစ်ဆေးခဲ့ပြီး နယ်စပ်လုံခြုံရေးကို ပိုမိုစောင့်ကြည့်ဖို့အတွက် သက်ဆိုင်ရာ နယ်စပ်အာဏာပိုင်တွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လုံခြံုရေးတပ်တွေ တိုးမြှင့်ချထားပြီး ၂၄ နာရီ ကင်းလှည့်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ဒေသဆိုင်ရာ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/illegal-migrants-thailand/5891730.html

နယ်စပ်တင်းကျပ်မှုကြားက နိုင်ငံခြားသား ၃,၀၀၀ ကျော်ဝင်ရောက်ခဲ့ - ထိုင်းထုတ်ပြန် နယ်စပ်တင်းကျပ်မှုကြားက နိုင်ငံခြားသား ၃,၀၀၀ ကျော်ဝင်ရောက်ခဲ့ - ထိုင်းထုတ်ပြန် Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.