ခြံနံပါတ် (၁) တရားခွင် သို့မဟုတ် ကမ္ဘာကျော်ခဲ့တဲ့ ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှု ၆ ခုမှာ တစ်မှုဟာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံထားရချိန်မှာ စွဲဆိုခံရတာပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် တို့ကို ရုံးထုတ်ကာနီး နာရီပိုင်းအလိုအထိ တရားရုံးဟာ နေပြည်တော်က မြနန်းဘုံသာလမ်းထဲမှာ လို့ပဲ ရှေ့နေတွေက သိခဲ့ကြပါတယ်။

တရားရုံးရဲ့တည်နေရာအတိအကျကို မသိခဲ့ကြပါဘူး။

မေလ ၂၄ ရက် မနက် ၈ နာရီအရောက် ဇဗ္ဗူသီရိ အမှတ်(၁) ရဲစခန်း ကိုလာဖို့အချိန်းအချက်တစ်ခုပဲ ရှိခဲ့တာပါ။

ချိန်းဆိုထားတဲ့ ရဲစခန်းအရောက် ပထမဆုံးတောင်းဆိုမှုက ရှေ့နေတွေရဲ့ဖုန်းတွေကို စခန်းမှာထားခဲ့ရမယ်ဆိုတာပါ။ ရှေ့နေတွေက ဖုန်းပိတ်ပြီး ကားထဲထားခဲ့မယ်လို့ တောင်းဆိုခဲ့တာတာင် မရပါဘူး။

အဲ့ဒီနောက် ရှေ့နေတွေကို ရဲယာဉ်တန်းနဲ့ နေပြည်တော်ကောင်စီရုံးဝင်းထဲ ခေါ်သွားပါတယ်။

ကောင်စီဝင်းထဲမှာတော့ ယူနီဖောင်းဝတ်ထားတဲ့ ရဲတွေရော၊အရပ်ဝတ်တွေအများအပြားပါ လုံခြုံရေးချထားပါတယ်။

မြနန်းဘုံသာ မဟုတ်တော့ပြီ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့နဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရမယ့် သူတို့ရဲ့ရှေ့နေအဖွဲ့ကို ခြံနံပါတ်(၅) ထဲက အဆောက်အဦတစ်လုံးထဲ ခဏထည့်ထားလိုက်ပါတယ်။

တရားခွင်ဟာ မြနန်းဘုံသာလမ်းမှာမဟုတ်တော့ကြောင်း သိလိုက်ပါပြီ။ ဒါပေမဲ့ ဒီအဆောက်အဦဟာလည်း တရားခွင်မဖြစ်နိုင်ဘူးလို့ ရှေ့နေတွေက ခန့်မှန်းကြပါတယ်။

အဆောက်အဦဟာ လူမနေတာကြာပြီဖြစ်ပြီး မကြာသေးခင်ကမှ သန့်ရှင်းရေးလုပ်ပြီးမွမ်းမံထားတဲ့ နေရာမှန်းသိသာလှပါတယ်။

ခဏအကြာမှာတော့ လူ ခြောက်ဦးပါတဲ့ ရှေ့နေအဖွဲ့ကို ဘတ်ဂီယာဉ်နဲ့နှစ်သုတ်ခွဲပြီး ခြံနံပါတ် (၁) ဆိုတာကို ထပ်ခေါ်သွားပါတယ်။

လမ်းတစ်လျှောက်လုံခြုံရေးတွေအများအပြားချထားပါတယ်။

ရှေ့နေအဖွဲ့ဟာ ခြံနံပါတ်(၁) ထဲဝင်ဖို့ ထပ်အစစ်ဆေးခံရပြီး X-Ray စက်ကိုပါဖြတ်ရပါတယ်။ လေဆိပ်က လုံခြုံရေးနဲ့ အလားသဏ္ဍန်တူပါတယ်။

ခြံနံပါတ်(၁) အလယ်မှာရှိတဲ့ အဆောက်အဦထဲက အခန်းထဲမှာ ရှေ့နေအဖွဲ့ဟာ ခဏထိုင်စောင့်ရပြန်ပါတယ်။

အခန်းထဲမှာ CCTV နှစ်လုံးထက်မနည်း တပ်ထားပြီး လေအေးပေးစက်လည်းဖွင့်ထားပါတယ်။

အခန်းကိုလိုက်ကာတွေပတ်ပတ်လယ်ကာထားပြီး လေးထောင့်ပုံသဏ္ဍာန်စားပွဲတစ်လုံးနဲ့ ကုလားထိုင်ကလွဲလို့ တခြားဘာပရိဘောဂပစ္စည်းမှမရှိပါဘူး။

ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်းတရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရှေ့နေတွေ ပထမဆုံးလူချင်းတွေ့ဆုံရမယ့် သီးသန့်ခန်းဖြစ်ပါတယ်။

ဒီအခန်းဘေးမှာတော့ တရားခွင်ရှိနေပါတယ်။

ကမ္ဘာကျော်တဲ့ ရုံးချိန်း

မြန်မာ့တရားစီရင်ရေးမှာ အွန်လိုင်း(Video Conferencing) ကနေ ကြားနာတဲ့စနစ်ဟာ ၂၀၂၀ စက်တင်ဘာ လကမှ စတင်ခဲ့တာပါ။

ဒီလို အွန်လိုင်းနဲ့စစ်ဆေးတဲ့အထဲ နိုင်ငံရေးအမှုမှာဆို ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားနာတဲ့အမှုဟာ ထင်ရှားတဲ့အမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံ့ခေါင်းဆောင် နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ပြီး အွန်လိုင်းကနေ ရုံးထုတ်တဲ့အခါမှာတော့ ဒါဟာ မြန်မာပြည်မှာသာမက ကမ္ဘာမှာပါ အကျော်ကြားဆုံး အွန်လိုင်းကနေ ရုံးထုတ်မှုဖြစ်လာခဲ့တာပါ။

မေ ၂၄ ရက်တရားခွင်ဟာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အာဏာသိမ်းပြီး ရက်တစ်ရာကျော်မှာ ပထမဆုံးလူချင်းပြန်ဆုံရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေ ပထမဆုံးအကြိမ် အဖြစ် ဖေဖော်ဝါရီလ ၁၆ ရက် မှာ ဇဗ္ဗူသီရိတရားရုံးမှာ ရုံးထုတ်ပါတယ်။

မတ်လ ၃၁ ရက်မှာမှ Video Conferencing ကနေ တစ်ဆင့် ရှေ့နေနဲ့ စကားပြောခွင့်ရခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးတို့ ဟာ နှစ်ဘက်စလုံးမှာ ရဲတွေ စောင့်ကြည့်နေတဲ့ကြားက စကားပြောခဲ့ကြရတာပါ။ ဒေါ်အောင်ဆန်းစုကြည် က ဒီအခြေအနေကိုစောဒက တက်ပါတယ်။

ဒါဟာ ဥပဒေနဲ့ ညီရဲ့လားလို့ ဒေါ်အောင်ဆန်းစုကြည် ကမေးခွန်းထုတ်ခဲ့ပြီး ရှေ့နေတွေနဲ့ လူချင်း တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တဲ့နောက် အခုလို လူချင်းတွေ့ရဖို့ဖြစ်လာတာပါ။

ဒီအခြေအနေရောက်ဖို့ ၂ လနီးပါး စောင့်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးတင်မယ့်အကြောင်း အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်မီဒီယာ Phoenix ရုပ်သံဌာနကို ရုံးမထုတ်ခင်ရက်ပိုင်းကပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပြင်နဲ့အဆက်အသွယ်ပြတ်နေသလား

မကြာခင်မှာပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သီးသန့်အခန်းထဲဝင်လာပြီး ရှေ့နေတွေကို 'မင်္ဂလာပါ' လို့ ပြုံးပြီး နှုတ်ဆက်လိုက်ပါတယ်။

ခိုပြာရောင် ရင်ဖုံးအင်္ကျီနဲ့ ဇင်းမယ်ရောင် လုံခြည်ဝတ်ထားပြီး တရားခွင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က နိုင်ငံတော်အဆင့်အခမ်းအနားတွေ တက်တဲ့ ခြေလှမ်းနဲ့ဟန်ပန် အတိုင်းပဲလို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ ပန်းတော့ပန်မထားပါဘူး။

ထိန်းသိမ်းခံရပြီးနောက် နှစ်လကျော်ကြာမှရှေ့နေအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် လူချင်းတွေ့ခွင့် နာရီဝက်ကြာရခဲ့တာပါ။

' စမတ်ကျကျနဲ့ဝင်လာတာ။ ယုံကြည်မှုအပြည့်ပဲ။ ကိုယ်တွေတောင် အမေ့ကြည့်ပြီး ခွန်အားရတယ်' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒါ့အပြင် တရားခွင်ဟာ မြနန်းဘုံသာလမ်းမှာ လုပ်မယ်လို့ အရင်က သိထားသလိုမဟုတ်ဘဲ 'ဘာကြောင့် ဒီနေရာမှာ ဖြစ်ရလဲ' ၊ 'အဲ့ဒီလိုလုပ်လို့ရလား' လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကိုပြန်မေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူဘယ်နေရာမှာ ထိန်းသိမ်းခံထားရသလဲဆိုတာကိုတောင်မသိတဲ့အကြောင်း ရှေ့နေတွေကို ပြောပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပလောကအခြေအနေတွေကို လုံးဝမသိတဲ့အခြေအနေတော့မဟုတ်ဘူးလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဘီဘီစီက စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်တစ်ဦးက ပြင်ပအခြေအနေတွေကို တစ်ပတ်တစ်ခါ အစီရင်ခံတယ်လို့သိရပါတယ်။ ဒါပေမဲ့ ဒါဟာ တပ်မတော်ကပေးသိချင်တဲ့ အကန့်အသတ်လောက်ပဲသိရတဲ့သဘောပါ။

ဖုန်းတွေ၊အင်တာနက်တွေလည်း ပေးမသုံးပါဘူး။

ထိန်းသိမ်းခံထားရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် တပ်မတော်နဲ့ အရပ်ဖက်က ပါရဂူတစ်ဦးစီ၊ နောက် တပ်နဲ့ အရပ်ဘက်က ဆရာဝန်တစ်ဦးစီ စုစုပေါင်း ဆရာဝန်လေးဦး စီစဉ်ထားရှိပေးထားပြီး သူနာပြုတွေကတော့ တပ်မတော်က သူနာပြုတွေထားပေးထားပါတယ်။ သူတို့အားလုံးဟာလည်း အပြင်ထွက်ခွင့်မရပါဘူး။

ရှေ့နေတွေနဲ့တွေ့ခွင့်ရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကလည်း ကောင်းမွန်နေပါတယ်။

ရှေ့နေတွေနဲ့တွေ့ချိန် နာရီဝက်ပဲပေးတော့ အမှုတစ်မှုကို ငါး မိနစ်လောက်ပဲ အချိန်ရတဲ့အတွက် အချိန်မလုံလောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်နဲ့ ရန်ကုန်မှာ ပုဒ်မ ၅ ခုနဲ့ စုစုပေါင်းအမှုက ၆ မှု တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒါကြောင့် အချိန်ပိုရဖို့ သူလည်းတောင်းဆိုမှာဖြစ်သလို ရှေ့နေတွေလည်း တောင်းဆိုပါလို့ ဒေါ်အောင်ဆန်းစုကြည် ကမှာကြားပါတယ်။

' အလုအယက်ပြောရသလိုဖြစ်တာပေါ့' လို့ ရှေ့နေဒေါ်မင်းမင်းစိုး ကပြောပါတယ်။

'အရင်ကတော့ သူ့ခြံနဲ့သူတဲ့။ အခုကျတော့ ဘယ်မှာရှိလို့ရှိမှန်းမသိဘူးတဲ့။ အခုရောက်နေတဲ့နေရာတောင် ဘယ်နေရာမှန်းမသိဘူးလို့ပြောပါတယ်' လို့ ဒေါ်မင်းမင်းစိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကိုပြောပြပါတယ်။

ပြည်သူရှိသရွေ့ ပါတီရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားပါး

ရတဲ့ အချိန် နာရီဝက်လေးအတွင်းမှာ အမှုအကြောင်းတွေအချိန်လုပြောရတဲ့အထဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေ ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့ပြီး ပြည်သူတွေရှိနေသရွေ့ NLD ပါတီဆက်ရှိနေမယ်လို့' တစ်တိုင်းပြည်လုံးကို သတင်းစကားပါးခဲ့ပါတယ်။

ဒါဟာ မကြာခင်ရက်ပိုင်းက စစ်ကောင်စီရဲ့အသစ်ပြန်ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကောင်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက NLD ပါတီကို ဖျက်သိမ်းဖို့စီစဉ်နေကြောင်း ပြောခဲ့တဲ့အပေါ် တုံ့ပြန်ချက်လည်းဖြစ်ပါတယ်။

နာရီဝက်ပြည့်သွားချိန်မှာ စေ့ထားတဲ့အခန်းတံခါးကို ရဲတွေလာခေါက်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ထွက်သွားပြီးတဲ့နောက် သမ္မတဦးဝင်းမြင့် ဝင်လာပါတယ်။

ဒါပေမဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ အာဏာသိမ်းပြီးချိန် အဖမ်းခံရပြီးကတည်းက အပြင်လောကနဲ့ လုံးဝအဆက်အသွယ်မရှိတော့တဲ့အကြောင်း ရှေ့နေတွေကိုပြောပါတယ်။

အရင်က ရှေ့နေမခေါ်ဘဲလျှောက်လဲမယ်လို့ပြောခဲ့တာက သူ့ဘက်ကရှေ့နေလိုက်ပေးမယ့်သူရှိမယ်မထင်ခဲ့လို့လို့ သမ္မတက ပြောခဲ့ပါတယ်။ ဥပဒေအတိုင်းပဲဆက်လုပ်ကြဖို့ သမ္မတက ရှေ့နေအဖွဲ့ကို မှာကြားပါတယ်။

ဒီ့နောက်မှာ ဒေါက်တာမျိုးအောင် ဝင်လာပါတယ်။ ထွေထွေထူးထူးအများကြီးမပြောပေမဲ့ သူ့ရှေ့နေ ဦးသိန်းလှိုင်ထွန်းနဲ့ ရင်းရင်းနှီးနှီးစကားပြောပါတယ်။

ရှေ့နေအဖွဲ့ဟာ အခန်းထဲမှာပဲနေနေရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ဘယ်ကနေခေါ်လာပြီး ဘယ်ကိုပြန်ပို့လဲ ဆိုတာ မသိခဲ့ကြရပါဘူး။

ရာထူးအမြင့်ဆုံးသော တရားခွင်

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းစဉ်က သမ္မတ မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ်ဦးနုတို့ ထိန်းသိမ်းခံခဲ့ရပေမယ့် အခုလို တရားခွင်မျိုးမတွေ့ခဲ့ရပါဘူး။

ဒါဟာ ခေတ်သစ်မြန်မာ့သမိုင်းမှာ သမ္မတ နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လို နိုင်ငံရေးရာထူးအမြင့်ဆုံးသူတွေကို စစ်ဆေးတဲ့ တရားခွင်လည်းဖြစ်ပြီး အငြင်းပွားဖွယ်ရာတွေလည်းပြည့်နှက်နေပါတယ်။

ခြံနံပါတ် (၁) တရားခွင်ဟာ အိမ်တစ်လုံးထဲက အခန်းတစ်ခန်းကို တရားခွင်ပုံစံ အားချင်းပြင်ဆင်ထားမှန်း သိသာလှပါတယ်။

စစ်ကောင်စီဘက်ကတော့ အထူးတရားရုံးလို့ အမည်တပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် နဲ့ ဒေါက်တာမျိုးအောင်တို့ ဘေးချင်းယှဉ်ထိုင်နေစေခဲ့ပြီး သူတို့အနောက်မှာ ရဲမေတစ်ဦးနဲ့ ရဲတစ်ဦး ရပ်နေပါတယ်။

ခဏအကြာမှာတော့ နိုင်ငံပိုင်မီဒီယာက ဓာတ်ပုံဆရာတစ်ယောက် အရပ်ဝတ်နဲ့ပဲ တရားခွင်ကိုဓာတ်ပုံလာရိုက်ပါတယ်။

ရှေ့နေအဖွဲ့ဟာ စိတ်လှုပ်ရှားနေကြတာကတစ်ကြောင်း၊ အချိန်ကလည်း ခဏတာကြာမြင့်တာကတစ်ကြောင့်မို့ တရားခွင်မှာ CCTV တပ်ထားလားသတိမထားမိခဲ့ကြပါဘူး။ (တရားခွင်မတိုင်မီ သီးသန့်တွေ့ဆုံခန်းထဲမှာတော့ CCTV တပ်ထားပါတယ်။)

တရားခွင်ထဲမှာ ဇဗ္ဗူသီရိ မြို့နယ်တရားသူကြီး ဦးမောင်မောင်လွင်၊ ဥပဒေအရာရှိ ၃ ဦး၊ ရှေ့ဖတ်စာရေး နှစ်ဦးနဲ့ ရှေ့နေ ၆ ဦးရှိနေခဲ့တာပါ။

ရှေ့နေတွေကတော့ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်မင်းမင်းစိုး၊ ဦးသဲမောင်မောင်၊ ဒေါ်စန်းမာလာညွန့်နဲ့ ဦးသိန်းလှိုင်ထွန်းတို့ဖြစ်ပါတယ်။

တရားခွင်မှာ မြို့နယ်တရားသူကြီးဟာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အန်တီ ဒေါ်အောင်ဆန်းစုကြည်လို့ သုံးနှုန်းပြီး နောက်ပိုင်းပြောစကားတွေမှာ အန်တီလို့ပဲ သုံးနှုန်းပါတယ်။

တရားသူကြီးဟာ နောက်ရုံးချိန်းကို ဇွန် ၇ ရက် ကိုပေးပြီး ဆယ်မိနစ်လောက်နဲ့ပဲ တရားခွင်ကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်ခဲ့ပါတယ်။

တရားခွင်ပြီးပြီးချင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် နဲ့ ဒေါက်တာမျိုးအောင်တို့ အချင်းချင်း သာကြောင်းမာကြောင်း ရတဲ့အချိန်ခဏလေးမှာ နှုတ်ဆက်ကြပါတယ်။

ခုဆို သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရတာ ၃ လကျော်လေးလနီးပါး ရှိလာနေပါပြီ။

ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် ရက်ပေါင်းတစ်ရာကျော်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ပြီးနှုတ်ဆက်ခွင့်ရကြတာလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ ၃ ဦးကို ရဲတွေကပြန်ခေါ်သွားခဲ့ကြပါတယ်။ ရှေ့နေအဖွဲ့ကတော့ တရားခွင်ထဲမှာပဲကျန်ခဲ့ပြီး အပြင်ကအဖြစ်ပျက်တွေကို မသိရှိကြတော့ပါဘူး။

သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကို စက်တင်ဘာ ၉ ရက်နေ့က NLD ပါတီရဲ့ လူ ၇၀၀ ကျော်ပါဝင်တဲ့ မဲဆွယ် ယာဉ်တန်းကို ကြိုဆိုနှုတ်ဆက်ခဲ့တာကြောင့် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ အရေးယူထားတာဖြစ်တယ်လို့ စစ်ကောင်စီကကြေညာပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရွှေကြာပင်ရပ်ကွက်မှာ တ စ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာကြောင့်လည်း အဲဒီပုဒ်မနဲ့ ထပ်စွဲထားတယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က အတိုင်ပင်ခံနေအိမ်မှာ တရားမဝင် ရေဒီယိုစကားပြောစက် ၁၀ လုံးနဲ့ ဂျန်မာ တစ်လုံးတို့ကိုလည်း သိမ်းဆည်းရမိတာကြောင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့လည်း တရားစွဲထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေက နိုင်ငံတကာသံရုံးတွေ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတ ဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း စာပေးပို့ခဲ့တာကြောင့်နဲ့ NLDပါတီက ထုတ်ပြန်တဲ့ ကြေညာချက် ၆/၂၀၂၁ ကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေတယ်ဆိုပြီး သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတယ်လို့ ဖော်ပြထားပါတယ်။

ရှေ့နေလိုက်ရင်း အဖမ်းခံရခြင်း

အပြန်ခရီးမှာတော့ ရှေ့နေအဖွဲ့ကို အလာတုန်းကလောက် အစစ်အဆေးမများတော့ပါဘူး။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒေါက်တာမျိုးအောင်ရဲ့ရှေ့နေ ဦးသိန်းလှိုင်ထွန်းကို ရဲကလက်ထိပ်ခတ်လိုက်ပါတယ်။

တရားခွင်ကအပြန်မှာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ရဲ့ရှေ့နေကို ပုဒ်မ ၅၀၅ က နဲ့ရဲက ဖမ်းဆီးသွားခဲ့ပါတယ်။

သူ့ကို ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာဖွင့်ထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ရဲကပြောပါတယ်။

ရှေ့နေအဖွဲ့က အံ့အားသင့်ခဲ့ကြပေမယ့်လို့ ဦးသိန်းလှိုင်ထွန်းကတော့ သူ့ကိုအမှုဖွင့်ထားတာ သိပုံပေါ်ပါတယ်။

ဦးသိန်းလှိုင်ထွန်းက ရှေ့နေဝတ်စုံချွတ်ဖို့ လက်ထိပ်ဖြုတ်ပေးဖို့တောင်းဆိုပေမယ့်လို့ ရဲက

'လက်ထိပ်ပဲပါတယ် သော့မပါဘူး" လို့ပြန်ပြောပါတယ်။

ဦးသိန်းလှိုင်ထွန်းဟာ လက်ထိပ်တန်းလန်းနဲ့ပဲ သူ့ရဲ့ရှေ့နေလိုင်စင်ကို ရှေ့နေအဖွဲ့ဆီပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အမှုတွေအတွက်လိုက်ပါဆောင်ရွက်ခွင့်ရတဲ့ရှေ့နေ ၅ ဦးဖြစ်ပြီး ဦးသိန်းလှိုင်ထွန်းက ဒေါက်တာမျိုးအောင်တစ်ဦးတည်းအတွက် အမှုလိုက်ဖို့ ထပ်တိုးရှေ့နေဖြစ်ပါတယ်။

''ဒီအမှုနဲ့ပတ်သက်ပြီး လူလျော့သွားတာပေါ့ဗျာ။ အမှုနဲ့တိုက်ရိုက်ပတ်သက်တာတော့ မဟုတ်ဘူး။ ဒဂုံဆိပ်ကမ်းမှာ ၅၀၅(က)လို့ပြောတယ်။ ဒါကလည်း သူ့အပြောပါ။ ရဲကပြောတာကို သူက ကျွန်တော်တို့ကို တယ်လီဖုန်းနံပါတ်ပေးပြီးတော့ သူ့ အိမ်ကို ပြန်ပြောပေးပါဦးဆိုပြီး သူပြောပြလို့။ ဒါပဲသိရတာပါ'' လို့ ရှေ့နေအဖွဲ့ထဲက ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဘာကြောင့် ဒီပုဒ်မနဲ့ ဦးသိန်းလှိုင်ထွန်းတရားစွဲခံရတယ်ဆိုတာတော့ မသိရသေးပါဘူး။

အမေရိကန်တစ်ယောက် ငိုကြွေးတဲ့ တရားခွင်

ဒေါ်အောင်ဆန်းစုကြည် ကို စွဲတဲ့အမှု ၆ ခုမှာ တစ်မှုက ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်မှာထိန်းသိမ်းခံထား ရချိန်မှာ အစွဲခံရတာပါ။ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ရှိတယ်ဆိုပြီး တရားစွဲတာလည်းဖြစ်ပါတယ်။ နေအိမ်မှာ ထိန်းသိမ်းခံထားရသူကို ပုဒ်မထပ်တိုးလို့ အများကအံ့သြရပါတယ်။

ဒါပေမဲ့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အသစ်အဆန်းတော့မဟုတ်တော့ပါဘူး။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမယ့် အစိုးရဖွဲ့ခွင့်မရဘဲ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်က ခြံနံပါတ် (၅၄) မှာ နေအိမ်အကျယ်ချုပ်ကျခံနေရချိန် လွတ်ကာနီး အချိန်မှာမှ ရေကူးပြီး အိမ်ထဲဝင်လာတဲ့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောကြောင့် ထောင် ၃ နှစ် ကျခံခဲ့ရပါတယ်။

'တရားခွင်မှာ ဂျွန်ယက်တော ငိုကြွေးခဲ့တယ်' လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အကျယ်ချုပ်မှာ အတူရှိခဲ့တဲ့ ဒေါ်ခင်ခင်ဝင်းက သူ့ရဲ့ 'ရေဆန်လမ်းမှ အိမ်အပြန်' စာအုပ်မှာ ထည့်ရေးပါတယ်။

ရှေ့နေတွေနဲ့ အမေရိကန်သံရုံးအရာရှိတွေက ဘာကြောင့်ငိုရသလဲမေးတဲ့အခါ

'သူတို့ သုံးယောက် (ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ နှစ်ဦး) အခုလောက် ဒုက္ခများမယ်မှန်း မသိလို့ ဝင်မိတာ' လို့ပြောပြီး ဆက်ငိုတယ်လို့ ဒေါ်ခင်ခင်ဝင်းက သူ့စာအုပ်မှာထည့်ရေးပါတယ်။

အင်းလျားကန်ကို ရေဖြတ်ကူးလာတာကြောင့် ကြွက်တက်နေလို့ ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်တာလို့ က သူ့စာအုပ်မှာရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိုစဉ်က စစ်အစိုးရက ထောင်သုံးနှစ်ထဲက တစ်ဝက်သာကျခံစေဖို့နဲ့ ကျန်ထောင်ဒဏ်ကိုလည်း နေအိမ်မှာသာ နေအိမ်အကျယ်ချုပ် အဖြစ် ပြောင်းလဲချထားလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲပြီးလို့ အနိုင်ရသူတွေကြေညာနေချိန်မှ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အဆိုးကျော့သံသရာ တစ်ပတ်ကြုံရ

ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီး လအနည်းငယ်အကြာမှပဲ သူ့ကိုနေအိမ်အကျယ်ချုပ်ချခဲ့သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရာထူးကနေအနားယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ၂၀၀၈ အခြေခံဥပဒေကစားပွဲထဲဝင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပည့်တွေနဲ့ ဆက်ရင်ဆိုင်ပြီး ရွေးကောက်ပွဲနိုင်ငံရေးကို ဝင်နွှဲပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ ဆက်တိုက်အနိုင်ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနိုင်လို့ အစိုးရအကြီးအကဲဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့သူ့ပါတီဝင်တွေကို ထောင်ချခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ပြန်လည်သင့်မြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ၅ နှစ်အတွင်း အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဟာ ထင်သလောက်ခရီးမပေါက်ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲနိုင်ပြီးချိန်မှာတော့ လွှတ်တော်ခေါ်ခွင့်မပြုဘဲ တပ်ကအာဏာသိမ်းပါတယ်။

အချိန်၊နေရာနဲ့ လူတွေပြောင်းသွားပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အဆိုးကျော့သံသရာ တစ်ပတ်ကြုံရတာလည်း ဖြစ်ပါတယ်။

အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနောက်ဆုံးအကြိမ် လွတ်မြောက်အပြီး ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ တရားခွင် ထဲကို ပြန်ရောက်နေရတာလည်းဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57285819

ခြံနံပါတ် (၁) တရားခွင် သို့မဟုတ် ကမ္ဘာကျော်ခဲ့တဲ့ ရုံးချိန်း  ခြံနံပါတ် (၁) တရားခွင် သို့မဟုတ် ကမ္ဘာကျော်ခဲ့တဲ့ ရုံးချိန်း Reviewed by THITHTOOLWIN on 22:19 Rating: 5

No comments:

Powered by Blogger.