စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖလမ်းမှာတိုက်ပွဲဖြစ်

မေ(၁၉ )ရက်နေ့က မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF က စစ်တပ်ကားတစီးကို ခြုံခိုတိုက်ခိုက်ခဲ့စဉ် (Photo by Handout / CHIN WORLD / AFP)

ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ ကလေးမြို့ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဖလမ်း ဒေသခံကာကွယ်ရေးအဖွဲ့ CDF တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဖလမ်း CDF ဘက်က ၁ ယောက်သေဆုံးသလို စစ်တပ်ဖက်ကလည်း အကျအဆုံးရှိတယ်လို့ သူတို့က ပြောပါတယ်။ ချင်းပြည်နယ်ဘက်မှာ တိုက်ခိုက်မှုတွေ ဖြစ်နေချိန်၊ မြင်းခြံမြို့က တချို့ကျေးရွာတွေမှာ တပ်တွေ ချနေပါတယ်။ ကချင်ပြည်နယ်မှာတော့ တက်ကြွလှုပ်ရှားသူတွေကို ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။

ဒီကနေ့ မေ ၂၁ ရက် မနက်ပိုင်းက ချင်းပြည်နယ် ကလေးမြို့နဲ့ ဖလမ်းမြို့ကြားမှာ ဖလမ်းဒေသခံကာကွယ်ရေး CDF တပ်ဖွဲ့က စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေအတွင်း ဖလမ်း CDF ဘက်က ၁ ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“အချိန်ကတော့ မနက် ၈ နာရီပေါ့နော်။ ဖလမ်းနဲ့ကလေးကြားမှာ အခုကပထမဦးဆုံး အကြိမ်ပေါ့နော် ဖလမ်းအဖွဲ့နဲ့ဆိုရင် ဖြစ်တာက ကလေးက စစ်ကူတက်လာတဲ့ဟာ ကျွန်တော်တို့ဒီက CDF က စစ်ကူလာတဲ့ဟာကို ဖြစ်တဲ့တိုက်ပွဲပေါ့။ အဲ့ဒီစစ်တပ်ကတော ၆ ယောက်ဆုံးတယ် ၂ ယောက်က ဒဏ်ရာနဲ့ပြေးနေတယ်။ ကျွန်တော်တို့ ဘက်က ၁ ယောက်ဆုံးတယ်။ အတိအကျတော့မသိဘူး။ အခုတလော ဟားခါးမှာဖြစ်နေတာဆိုတော့ ဟားခါးကိုသွားဖို့ ဖြစ်မယ်ထင်တယ်။”

စစ်တပ်ဖက်က ၆ ယောက်သေဆုံးတယ်လို့ ပြောပေမဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။ ဒါ့အပြင် မန္တလေးတိုင်း မြင်းခြံမြို့နားက သပြေသာရွာမှာ မနေ့ မေ ၂၀ ရက်ကစပြီး စစ်တပ်က တပ်စွဲထားလို့ ကျေးရွာသားတွေဟာလည်း ထွက်ပြေးနေရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို သပြေသာရွာသားတဦးကအခုလိုပြောပါတယ်။

“ရွာထဲမှာတော့ တယောက်မှ နေလို့မရဘူး။ ဖမ်းပြီးတော့ စစ်တာမေးတာလုပ်တယ်ပေါ့ဗျာ။ ဒလံကတိုင်လို့ဆိုပြီး ဖမ်းတာလုပ်ကြတာပေါ့။ မနေ့ကမနက်ခင်း အစောကြီးကတည်းက ဝင်လာတာခင်ဗျ။ ရေလုပ်သားတွေလည်းရှိတယ်လေ။ ရေလုပ်သားတွေလည်း အလုပ်လုပ်ခွင့်မပေးဘူး။ ညဆိုလည်း သူတို့က သေနတ်ပစ်ပြီးတော့ အကုန်လုံး တောတွေမဆင်းကြဖို့ ရေလုပ်သား မလုပ်ကြဖို့ တခါတည်း ဥပဒေအရထုတ်ပြန်ထားတာ။ အခုမနက်ခင်းတော့ ကား ၅ စီးထပ်လာတယ်။ ၅ စီးထပ်လာတော့ စကားမပြောတတ်တဲ့လူတွေပါ ပါတယ်။ တရုတ်တွေလို့ပြောကြတယ်။ ကျွန်တော်တို့က အကုန်ရှောင်ကြ ရှားကြဆိုတော့ ဘာမှမသိရဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ နေရာတချို့မှာ ဖြစ်လို့ နေရပ်စွန့် စစ်ဘေးရှောင်နေရသူတွေ များလားသလို စစ်တပ်က တပ်စွဲထားလို့ ထွက်ပြေးနေရတဲ့ ကျေးရွာတွေလည်း အများအပြားရှိလာပါတယ်။

ဒါတင်မက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေလည်း တိုးမြှင့်လုပ်နေပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က တက်ကြွလှုပ်ရှားသူ ၂ ဦးဖြစ်တဲ့ ဆိုင်းနူးပန်းနဲ့လွမ်းဇောင်းတို့အပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီက အရပ်ဝတ် အိမ်စီးကားတွေနဲ့ တိုက်ပြီး ဖမ်းသွားပါတယ်။ လက်ရှိမှာတော့ ရဲစန်းမှာ စစ်ဆေးနေတာတွေလုပ်နေတယ်လို့ သူတို့နဲ့နီးစပ်သူ တဦးကပြောပါတယ်။

“ဒီမနက်မှာ ဆိုင်းနူးပန်းရဲ့အဖိုးကသေသွားတော့ သူတို့ကချင်ခရစ်ယာန်သချိုင်းမှာ သွားမြှုပ်ဖို့သွားတဲ့နေရာမှာ လမ်းမှာ အရပ်ကားနဲ့ဝင်တိုက်ခံလိုက်ရတာပေါ့နော်။ ဆိုင်းနူးပန်းနဲ့လွမ်းဇောင်းရယ် တခြားလူငယ် ၃ ယောက်ရယ် ပါသွားတယ်။ ၅ ယောက်ပေါ့နော်။ ဒီနေ့ပါသွားတာ။”

သူတို့ ၂ ဦးဟာ လက်ထပ်ဖို့ စေ့စပ်ထားသူတွေဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွင်း ကချင်ပြည်နယ် ပြည်သူ့ပါတီမှာ ဝင်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ဖြစ်သလို ကချင်ပြည်နယ်အရေး ရှေ့ဆုံးကနေ တက်ကြွစွာ ပါဝင်လှုပ်ရှားသူတွေလည်းဖြစ်ပါတယ်။ 


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/chin-defence-force-cdf-ambush-military-council-troop/5899482.html

စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖလမ်းမှာတိုက်ပွဲဖြစ် စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖလမ်းမှာတိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.