ဦးဝင်းထိန်အမှုကို ထောင်တွင်းတရားရုံးမှာ ပြောင်းလဲစစ်ဆေးမယ်

NLD ပါတီဥက္ကဋ္ဌဟောင်းဦးအောင်ရွှေရဲ့ ၂၀၁၇ ခုနှစ်တုန်းက ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြင်တွေ့ရတဲ့ဦးဝင်းထိန်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆိုခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအမှုဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့အမှုကို မေလ ၁၄ ရက် ရုံးချိန်းကစလို့ ထောင်တွင်းတရားရုံးမှာပဲ စစ်ဆေးတော့မယ်လို့ အမှုအတွက် ဆောင်ရွက်ပေးနေတဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

''မနေ့က ရုံးချိန်းက တရားလိုကို စစ်ဖို့ဆိုပြီးချိန်းထားတာ။ ဒါပေမဲ့ မနေ့တုန်းကတော့ တရားရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ၂၈.၄.၂၀၂၁ ရက်စွဲပါ အမိန့်အရ တရားစီရင်ရေး အဆင်ပြေချောမွေ့စေရန်အလို့ငှာ နေပြည်တော်အချုပ်ထောင်ကြီးမှာရှိတဲ့ သီးသန့်တရားရုံးမှာ တရားလိုကို စတင်စစ်ဆေးဖို့ ဆိုပြီးတော့ ရုံးချိန်းကို ရွှေ့လိုက်တာပါ။ တရားလိုကို မစစ်ဖြစ်ပါဘူး'' လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီ့မတိုင်ခင်က ဦးဝင်းထိန်အမှုအတွက် ရုံးချိန်းတွေကို တရားရုံးမှာ ဗီဒီယို ကွန်ဖရန့်ဇင်းစနစ်နဲ့ပဲ စစ်ဆေးခဲ့တာဖြစ်လို့ လက်ရှိအချိန်အထိ ဦးဝင်းထိန်ဟာ သူ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေနဲ့ တွေ့ခွင့်မရသေးပါဘူး။

ရှေ့နေတွေဘက်ကလည်း အမှုသည်နဲ့တွေ့ဆုံခွင့်ရဖို့၊ အမှုသည်နဲ့ရှေ့နေအကြား အမှုအခြေအနေ ဆွေးနွေးဖို့ တရားရုံးကို ပြီးခဲ့တဲ့ရုံးချိန်းတွေကတည်းက လျှောက်ထားခဲ့ပေမဲ့ အခုအထိ လူချင်းမတွေ့ဆုံနိုင်သေးပါဘူး။

ဒါပေမဲ့ မေလ ၁၄ ရက် ရုံးချိန်းကို အကျဉ်းထောင်ထဲမှာ ပြုလုပ်မှာဖြစ်လို့ ရှေ့နေနဲ့အမှုသည် လူချင်းတွေ့နိုင်တဲ့အခြေအနေရှိတယ်လို့ ဒေါ်မင်းမင်းစိုးက အပြုသဘောဆောင်မြင်ထားပေမဲ့ လူချင်းတွေ့ခွင့်ရမရဟာ သက်ဆိုင်တဲ့တရားခွင်တရားသူကြီးနဲ့ အကျဉ်းထောင်အရာရှိတွေရဲ့သဘောထားအပေါ်မူတည်တယ်လို့ပြောပါတယ်။

ဒီအခြေအနေကြောင့်ပဲ ကာယကံရှင်အတွက် အမှုကို ခုခံချေပခွင့် လိုင်းဆွဲတဲ့အခါ အဆင်မပြေမှုတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ထိန်းသိမ်းခံထားရတဲ့ဦးဝင်းထိန်ကို လိုအပ်တာတွေ ပို့ပေးလို့ ရပေမဲ့ မိသားစုကတော့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

ဒါ့ပြင် ဦးဝင်းထိန်အတွက် ကျန်းမာရေးအာမခံရဖို့ လျှောက်ထားခဲ့ပေမဲ့ တင်ပြထားတဲ့ဆေးစာက ပုဂ္ဂလိကဆေးရုံရဲ့ဆေးစာဖြစ်နေပြီး ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ဆေးစာမဟုတ်ဘူးဆိုပြီး ပယ်ချခံထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဦးဝင်းထိန်အမှုကို ထောင်တွင်းတရားရုံးမှာ ပြောင်းလဲစစ်ဆေးမယ်  ဦးဝင်းထိန်အမှုကို ထောင်တွင်းတရားရုံးမှာ ပြောင်းလဲစစ်ဆေးမယ် Reviewed by THITHTOOLWIN on 18:49 Rating: 5

No comments:

Powered by Blogger.