ရန်ကုန်ဆန္ဒပြပွဲ ကျဲ၊ နယ်ဆန္ဒပြပွဲများ အားကောင်းဆဲ


စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ ဒီနေ့ မြို့နယ် နှစ်ခုလောက်မှာသာ လုပ်နိုင်ခဲ့ကြပါတယ်။ ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှု နည်းလာတဲ့အတွက် အရင်လို သပိတ်စစ်ကြောင်းတွေထွက်ဖို့ အခက်အခဲဖြစ်လာတယ်လို့ ဆန္ဒပြကြသူတွေက ပြောပါတယ်။ ထားဝယ်မြို့မှာတော့ လုံခြုံရေးတင်းကြပ်တဲ့ကြားက ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူ လေးဦး ဖမ်းဆီးခံရပါတယ်။ ခုလို ဆန္ဒပြအခြေအနေနဲ့ လုံခြံုရေးအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်နေကြတဲ့ ရန်ကုန်မြို့က ဆန္ဒပြအဖွဲ့တွေ ဒီနေ့မှာတော့ သပိတ်စစ်ကြောင်းတွေ မထွက်ဘဲ နားထားတယ်လို့ တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ လုံခြုံရေးတင်းကြပ်လာတာအပြင် ဆန္ဒပြနေရာတွေက ပြည်သူတွေဘက်က ဆန္ဒပြသူတွေကို ကြိုဆိုပူးပေါင်းတာ နည်းလာတဲ့အတွက် အခြေအနေအရ ဆန္ဒပြမှုကို ယာယီနားပြီး ပုံစံသစ်အတွက် နည်းလမ်းရှာနေတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

“ဒီနေ့တော့ ဆန္ဒပြစစ်ကြောင်းတွေ နားကြတယ်ဗျ။ Silence လုပ်ရတဲ့ အကြောင်းရင်းက ဟိုနေ့က ကျနော်တို့ အင်းစိန်မှာ သွားလုပ်ကြတဲ့ သပိတ်မှာ ပြည်သူတွေအားလုံးက ကြောက်လန့်နေတဲ့စိတ်ဖြစ်နေကြတယ်။ နောက်တခုက ကျနော်တို့ ဆန္ဒပြတဲ့ကလေးတွေ လာလို့ရှိရင် ပြည်သူတွေက ဝမ်းပန်းတသာနဲ့ ကြိုမယ့်သူ တယောက်မှမရှိဘူး။ လာတာနဲ့ အိမ်တခါးတွေအကုန်လုံး ပိတ်လိုက်ကြတယ်။ ပိတ်လိုက်ကြတော့ ကျနော်တို့ကလေးတွေက အမှန်တိုင်းပြောရရင် ကျနော်တို့ကိုယ်တိုင်ပဲ မှားနေတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ကပဲ အကြောက်တရားတွေ ဖုံးလွှမ်းနေတာလား စဉ်းစားလို့ မရတော့ဘူး။ အဲ့ဒီအတွက်ကြောင့် ဒီနေ့ Silence လုပ်နားလိုက်တယ်။ ကျနော်တို့ကတော့ ဒီအရေးတော်ပုံ မအောင်မချင်း ကျနော်တို့က ဆက်လုပ်နေအုံးမှာပဲ။"

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမြို့နယ်ထဲမှာတော့ 'အလုပ်သမားထုကြီးရှိနေရင် လှိုင်သာယာကို လုံးဝ အုပ်ချုပ်ခွင့်မရစေရ' ဆိုတဲ့စာတန်းနဲ့ ဆန္ဒပြသူတချို့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ နေရာစုံမှာ လုံခြုံရေးကင်းတွေ ရှိနေလို့ လ ျှပ်တပြက် မိနစ်ပိုင်းပဲ လှုပ်ရှားနေရတယ်လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က အရမ်းလည်း ကြပ်တယ်ဗျာ သိလား။ ကြပ်တယ်ဆိုတာ မြို့ထဲမှာလိုဆိုရင် ပြတယ် ပြီးရင် တိုက်ပေါ်တွေ ပြေးတယ်။ အဲ့ဒီလို ရသလောက်ရှောင်တိမ်းကြတာပေါ့နော်။ ကျနော်တို့ ဒီဘက်ကျတော့ အဲ့ဒီလို လုပ်လို့မရတော့ ပိုသတိထားရတယ်၊ ကျနော်တို့ ဘယ်လိုအခြေအနေလဲဆိုတော့ အကြာကြီးမဟုတ်ဘူးဗျ။ ခဏပဲ.... ခဏပဲဆိုတာ ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ မြန်မြန်ပြ ကျနော်တို့ လှုပ်ရှားနေပါတယ်ဆိုတာကိုလည်း သိစေချင်တယ်။ ပြီးရင် ကျနော်တို့ မြန်မြန်ပြန်ပျောက်တယ်။ အဲ့ဒီလိုပုံစံမျိုးနဲ့တော့ လုပ်နေကြတယ်ဗျာ။ ငါတို့တွေ ငြိမ်သွားတာ မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးပဲပြမယ်။”

ဆိတ်ကြီး-ခနောင်တိုမြို့နယ်မှာလည်း လူငယ်တွေ ဦးဆောင်တဲ့ ပျောက်ကြားသပိတ် လုပ်ခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးထဲက ဆန္ဒပြပွဲတွေ နေ့စဉ်လိုလိုရှိတဲ့ တနင်္သာရီတိုင်း တားဝယ်မြို့က အထူးစီးပွားရေးဇုန်ဧရိယာ နဘုလယ်ဒေသမှာ ဒီနေ့မနက် အရုဏ်ဦးသပိတ်လုပ်ချိန်မှာ စစ်တပ်တွေ အင်အားအများအပြားနဲ့ ရောက်လာပြီး သေနတ်ပစ်ဖောက်ဖြိုခွဲ ဖမ်းဆီးလို့ ဆန္ဒပြသူ ၄ ယောက်ဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဆန္ဒပြသူတွေက အားမလျော့ဘဲ ပျောက်ကြားနည်းနဲ့ ရပ်ကွက်တွေထဲမှာတင် မဟုတ်ဘဲ လမ်းမကြီးတွေပေါ် ထွက်ပြီး ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီအရုဏ်ဦးသပိတ် လုပ်တဲ့အချိန်မှာ စစ်ကားတွေ ရောက်လာပြီးတော့ သေနတ် ငါးချက်ခန့် ဒီပစ်ဖောက်မှုတွေ လုပ်တယ်။ လုပ်ပြီးတော့မှ ဒီစစ်ကြောင်းကို ဝင်ပြီးတော့ ဖြိုခွဲတယ်လို့ ကျနော်တို့ သိရတယ်။ အဲ့ချိန်မှာ ကျနော်တို့ ဒီအရုဏ်ဦးသပိတ်မှာပါတဲ့ ဒေသခံ ၄ ဦးလောက် အဖမ်းခံရတယ်လို့ ကျနော်တို့ သိထားရတယ် အခုလောလောဆယ်လေ။ ဒီနေ့မှာတော့ ဆန္ဒပြပွဲတွေက ထားဝယ်မှာ ဖြိုခွဲဖမ်းဆီးမှုတွေ ရှိနေပေမယ့်လည်း ဆန္ဒပြမှုတွေက ဒီနေ့တိုင်းနီးပါးရှိနေတယ်။ ဒီနေ့တိုင်းထွက်နေ ကြတယ်။ ဒီနေ့ နေ့လယ်လောက်က ဆန္ဒပြစစ်ကြောင်း နှစ်ကြောင်းထွက်တယ်။ ထားဝယ်မှာ ရပ်ကွက်တွေထဲမှာ မဟုတ်ဘဲနဲ့ ပြည်သူလူထု ထားဝယ်ပြည်သူလူထု ပိုပြီးတော့ သတိထားမိစေလောက်ဖို့နဲ့ လမ်းမကြီးတွေပေါ်ထွက်ပြီးတော့ ပျောက်ကြားထွက်တဲ့ သပိတ်ပုံစံမျိုးကို ပြောင်းလဲသွားတယ်။”

ဆန္ဒပြသူတွေအပေါ် အင်အားသုံးဖြိုခွဲခဲ့တဲ့ မန္တလေးမြို့မှာတော့ သပိတ်စစ်ကြောင်းတွေ ဒီနေ့ လမ်းပေါ်ပြန်ထွက်လာကြပါတယ်။ တပ်ပေါင်းစုသပိတ်၊ သံဃာ့သပိတ်နဲ့ ပညာရေးစစ်ကြောင်းတွေ ပျောက်ကြားသပိတ်ဆင်နွှဲကြတာပါ။ နေ့စဉ်မပြတ်လမ်းပေါ်ထွက်နေတဲ့ ဖားကန့်မြို့မှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်ပြီး စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြပါတယ်။

ထားဝယ်၊ လောင်းလုံ၊ ကော့ကရိတ်၊ မိုးကောင်း၊ မော်လမြိုင်၊ ကျောက်မဲမြို့တွေမှာ ဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်တွေပြုလုပ်ကြတာအပြင် ဒိုက်ဦး၊ ကသာ၊ မြင်းခြံ၊ မတ္တရာ၊ ယင်းမာပင်နဲ့ လက်ပံတောင်းတောင်ဒေသတွေမှာ ရွာတွင်းသပိတ်၊ လူမဲ့သပိတ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေ ဆက်ရှိနေပါတယ်။

ခုလို စစ်အုပ်ချုပ်မှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြို့တော်တော်များများမှာ ရှိနေချိန်မှာပဲ ပေါက်ကွဲမှုတွေလည်း ဖြစ်နေပါတယ်။ ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ စမ်းချောင်းမြို့နယ် မြေနီကုန်း မဟာမြိုင် ကားမှတ်တိုင်အနီးမှာလည်း လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီးမှာ ရှိနေတဲ့ ရဲတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုအတွက် သံသယရှိတယ်ဆိုပြီး အဲ့ဒီမှတ်တိုင် အနီးမှာရှိနေတဲ့ လူငယ်တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ပေါက်ကွဲမှုဖြစ်တဲ့ အနီးတဝိုက်မှာ နေထိုင်သူတစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

“ကြားတာက လက်လုပ်အသံဗုံးလို့ ကြားတယ်။ ဒါပေမဲ့ ခုလောလောဆယ် ဖမ်းဆီးမိတဲ့သူကတော့ တစ်ယောက်တော့ရှိတယ်။ ကားဂိတ်မှာ လမ်းလျှောက်သွားတဲ့သူတစ်ယောက်ပေါ့။ ရုံးဝန်ထမ်းတစ်ယောက်ပေါ့၊ ဘောင်းဘီအမည်း၊ ရှပ်နဲ့ သူ့ဟာသူ လမ်းလျှောက်သွားတဲ့တစ်ယောက် သူကိုတော့ ကားပေါ် ဖမ်းတင်သွားတာတွေ့တယ်ဗျ။ အထိအခိုက်ကတော့ သူတို့ရဲထဲက တစ်ယောက်တော့ ပေါင်ထိသွားတယ်လို့ ကြားတယ်။ ထိသွားတာကတော့ လက်လုပ်ဗုံးဆိုတော့ အစတစ်ခုခု စင်ပြီးတော့ ထိသွားတာဖြစ်ဖို့တော့ များတယ်။ သံစတို့ဘာတို့ပေါ့။ အဲ့ဒီလို အစမျိုးနဲ့ စင်ပြီးတော့ ထိသွားတာဖြစ်ဖို့များပါတယ်။"

တောင်ဒဂုံ ၂၄ ရပ်ကွက်မှာ စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်မှာလည်း မနက် ၅ နာရီခွဲဝန်းကျင်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြန်မာစီးပွားရေးဘဏ်နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကြားက လမ်းမမှာလည်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။

ခုလို ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ဆေး ရှာဖွေ ဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့ထဲက စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ လှိုင်သာယာမြို့နယ်မှာ ညက ဧည့်စာရင်း ဝင်စစ်ချိန် ဧည့်စာရင်း တိုင်မထားတဲ့ လူငယ် ၁၇ ဦး မနေ့ညက ဖမ်းဆီးခံရပါတယ်။ ဖမ်းခံရသူတွေထဲက မိန်းကလေးတွေကို ညတွင်းချင်း ပြန်လွှတ်ပေးပြီး ယောက်ျားလေးတွေကိုတော့ မနက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest/5889192.html

ရန်ကုန်ဆန္ဒပြပွဲ ကျဲ၊ နယ်ဆန္ဒပြပွဲများ အားကောင်းဆဲ ရန်ကုန်ဆန္ဒပြပွဲ ကျဲ၊ နယ်ဆန္ဒပြပွဲများ အားကောင်းဆဲ Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.