သဘာဝဓာတ်ငွေ့လုပ်ငန်းက စစ်ကောင်စီ ဝင်ငွေရရှိပုံ ပြင်သစ်သတင်းစာ ဖော်ထုတ်

ပြင်သစ် စွမ်းအင် ကုမ္ပဏီ Total

ပြင်သစ် စွမ်းအင် ကုမ္ပဏီ Total အကျိုးအမြတ် ရနေတဲ့ ရေနံပိုက်လိုင်းနဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက် ဆောင်ရွက်မှု ကနေ တဆင့် မြန်မာ စစ်တပ်ဟာ သဘာဝ ဓာတ်ငွေ့ ရောင်းချရငွေ ဒေါ်လာ သန်း ရာချီရရှိနေကြောင်း ပြင်သစ် သတင်းစာ တစောင်က အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။

ဘာမြူဒါမှာ မှတ်ပုံတင်ပြီး ၁၉၉၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ MGTC ဟာ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အတွက် မတန်တဆ စျေးသတ်မှတ်ထားတာလို့ ကုမ္ပဏီရဲ့ စာရင်းတွေကို ကိုးကားပြီး Le Monde သတင်းစာက ဖော်ပြပါတယ်။

ဒီလို ဘဏ္ဍာရေးပိုင်းမှာ အကြံအဖန် လုပ်လိုက်တာကြောင့် နိုင်ငံအနေနဲ့ ရေနံ တူးဖော်ခွင့် အခကြေးငွေ ရတာ လျော့သွားသလို တင်ပို့တဲ့ ဓာတ်ငွေ့တွေ အတွက်လည်း အခွန်နှုန်းထား လျော့သွားစေကြောင်း ပြင်သစ် သတင်းစာ Le Monde က ဖော်ပြပါတယ်။

ဒီလို လုပ်လိုက်တာကြောင့် စစ်တပ် အနေနဲ့ သူတို့ပိုင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီက တဆင့် ဓာတ်ငွေ့ တင်ပို့ခ ငွေကြေး တိုက်ရိုက် ရရှိနေပြီး ၂၀၁၉ ခုနှစ်က ကုန်ကျစာရိတ် ဒေါ်လာ ၅၂၃ သန်း ရှိခဲ့တာကနေ အခု အခါမှာ ကုန်ကျစာရိတ် ဒေါ်လာ ၁၁ သန်းဘဲ ကျသင့်တော့တဲ့ အခြေအနေကို ပြောင်းလဲသွားကြောင်း ပြင်သစ် သတင်းစာ Le Monde ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြထားပါတယ်။

Total လုပ်ငန်းကြီးနဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းကြီးက မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ MGTC ရဲ့ အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး MGTC ကုမ္ပဏီက ရတနာ ဓာတ်ငွေ့ လုပ်ကွက်နဲ့ ထိုင်းနိုင်ငံကို ချိတ်ဆက်ထားတဲ့ ပိုက်လိုင်းကို ပိုင်ဆိုင်ထားတာပါ။ Total လုပ်ငန်းကြီး အနေနဲ့ စစ်တပ်ကို ဘဏ္ဍာငွေ ပေးအပ်နေတာတွေ ရပ်တန့်ရေး အတွက် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ကတည်းက ဒီမိုကရေစီ လိုလားသူ တက်ကြွလှုပ်ရှားသူတွေက ဖိအားပေးနေကြတာပါ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/how-myanmar-government-get-benefit-from-gas-/5878283.html

သဘာဝဓာတ်ငွေ့လုပ်ငန်းက စစ်ကောင်စီ ဝင်ငွေရရှိပုံ ပြင်သစ်သတင်းစာ ဖော်ထုတ် သဘာဝဓာတ်ငွေ့လုပ်ငန်းက စစ်ကောင်စီ ဝင်ငွေရရှိပုံ ပြင်သစ်သတင်းစာ ဖော်ထုတ် Reviewed by THITHTOOLWIN on 07:02 Rating: 5

No comments:

Powered by Blogger.