ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ ထီးလင်းတိုက်ပွဲမှာ ရဲသုံးယောက် သေဆုံး



မကွေးတိုင်း ထီးလင်းမြို့နယ်မှာ မေလ ၄ ရက် ဒီနေ့မနက် ၇ နာရီလောက်ကတည်းစပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက် က သုံးယောက်သေတယ်လို့ ထီးလင်းဒေသခံက ပြောပါတယ်။

ထီးလင်းမြိုနယ်ထဲက လေးနေရာလောက်မှာ ခုခံတိုက်ပွဲဖြစ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အခြေအနေကောင်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးလင်းဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

“နှစ်ဘက်တိုက်ပွဲက ဖြစ်တဲ့နေရာတော်တော်များတယ်၊ လေးနေရာ ငါးနေရာလောက်ဖြစ်တယ်၊ မနက် ၇ နာရီလောက်ကတည်းကဖြစ်နေတာ အခုချိန်ထိပဲ မပီးသေးဘူး တိုက်ပွဲဖြစ်နေတုန်းပဲ၊ လောလောဆယ် သိရသလောက်ဆိုရင်တော့ စစ်ကောင်စီတပ်ဘက်က ရဲတပ်ဖွဲ့ဝင် သုံးယောက်ကျတယ်၊ ပြီးတော့ စစ်ကား တစ်စီး မီးရှို့ခံရတယ်၊ လောလောဆယ် အခြေအနေကတော့ ပြည်သူ့ကာကွယ်ရေးတပ်ကတော့ အခြေ အနေကောင်းတယ်၊ ပြည်သူ့ဘက်က အကျအဆုံးမရှိသေးဘူး”

RFA က ဆက်သွယ်မေးမြန်းတဲ့ နေ့လယ် ၂ နာရီ အချိန်အထိ ပစ်ခတ်မှုတွေဖြစ်နေဆဲဖြစ်ပြီး၊ အနီးအနား ရွာတွေက ဒေသခံတွေဟာ တခြားရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

ဒီနေ့ ဖြစ်ရပ်မှာ နှစ်ဖက်စလုံးက သေဆုံးတာတွေရှိတယ်လို့ ကြားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မေလ ၃ ရက် မနေ့မနက်ပိုင်းကလည်း ထီးလင်းမြို့က ထန်းပင်ကုန်းရွာနားမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်အဖွဲ့ဘက်က နှစ်ယောက်သေ၊ သုံးယောက်ဒဏ်ရာရပြီး တစ်ယောက်အဖမ်းခဲ့ရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့နယ် ကမ္ဘီလာကျေးရွာမှာ မေလ ၃ ရက် မနေ့ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲတဲ့ အတွက် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ CDM ရဲဝန်ထမ်း သုံးယောက်နဲ့ ခြံပိုင်ရှင် ရွာသားတစ်ယောက်၊ စုစုပေါင်းငါးယောက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံက RFA ကို အတည်ပြုပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ဟာ စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေတဲ့အတွက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ရဲတွေနဲ့အတူ အဲဒီရွာမှာ တိမ်း ရှောင်နေတာဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးသက်ဝင်းလှိုင်ရဲ့ မိတ်ဆွေတစ်ယောက်က "သတင်းတွေ အမျိုးမျိုးထွက် နေတယ်၊ ကိုယ့်ဟာကိုယ် ဗုံးစမ်းသပ်လုပ်နေရင်း ပေါက်တာဆိုပြီးလည်း ပြောကြတယ်။ ဒါလုံးဝ မဟုတ် ပါဘူး။ ကျနော်တို့ ပြောနိုင်တာက သူနဲ့အတူရှောင်နေတဲ့ ရဲတစ်ယောက်က CDM မလုပ်တော့ဘဲ့ Non-CDM လုပ်ပြီး အလုပ်ပြန်ဝင်သွားတယ်။ သူက ပို့လိုက်တဲ့ ပါဆယ်ကနေ ပေါက်တာ၊ ပါဆယ်ဗုံးပေါက်တာ" လို့ RFA ကို ပြောပါတယ်။

ဗုံးကွဲတဲ့နေရာမှာ ရှိနေတဲ့သူတွေထဲက တစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပြီး ပြည်မြို့ခုတင် ၅၀၀ ဆေးရုံမှာ လက်နှစ်ဖက် ဖြတ်လိုက်ရတယ်လို့ ပြောပါတယ်။

မနေ့ကညပိုင်းမှာတင် ပြည်မြို့ရဲ့ နေရာသုံးနေရာမှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေ မယ့် အဲဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်မြို့ သာကေတမြို့နယ်မှာ စစ်ကောင်စီက တင်မြှောက်ထားတဲ့ သာကေတ (၇) အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ပိုင် ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

မေလ ၃ ရက် မနေ့ညနေပိုင်း အမည်မသိလူ သုံးယောက်က ဧည့်စာရင်းတိုင်မယ်လို့ဆိုပြီး အုပ်ချုပ်ရေးမှူး နေအိမ်ကိုရောက်လာပြီး ဓားနဲ့ ထိုးသွားတာလို့ ဒေသခံကပြောပါတယ်။

ဦးသက်ပိုင်ကို ဆေးရုံသို့ပို့ဆောင်ချိန် လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဦးသက်ပိုင်ဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးအသစ်ဖြစ်ပြီး ညဘက် ပြည်သူတွေ သံပုံး တီးချိန်မှာ ရပ်ကွက်ထဲလှည့်ကြည့်ကာ စစ်ကောင်စီတပ်တွေကို ဖုန်းဆက်တိုင်ကြားမှုတွေကြောင့် အမျိုး သမီးတွေအပါအဝင် ပြည်သူအချို့ ရိုက်နှက်ဖမ်းဆီးခံရတာ၊ လမ်းမတွေပေါ်မှာပဲ နှိပ်စက်ခံရတာတွေ အတော်များများဖြစ်ခဲ့ရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ဟိုပုံးမြို့နယ်မှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ကျော်အေးကို မေလ ၃ ရက် မနေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တစ်ဦးက အတည်ပြုပါတယ်။

ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးကြောင်းနဲ့ အသေးစိတ်ကို မိသားစု ဝင်တွေက လတ်တလော ပြောပြဖို့အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

ဦးခွန်ကျော်အေးနေထိုင်တဲ့ အိမ်မှာပဲ ရဲကားတစ်စီး စစ်ကားတစ်စီးနဲ့ လာရောက်ဖမ်းသွားတာဖြစ်ပါတယ်။

မေလ ၄ ရက် ဒီနေ့ နေ့လယ်ပိုင်း လှိုင်သာယာမြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်မှာရှိတဲ့ အ.ထ.က (၃) စာသင်ကျောင်းမှာ CDM လှုပ်ရှားမှုမှာမပါတဲ့ ကျောင်းဆရာ/ဆရာမတွေ အစည်းအဝေး ပြုလုပ်နေချိန် ကျောင်းဘေးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း စစ်တပ်ကရောက်လာပြီး ရှာဖွေတာ ရှင်းလင်းတာတွေလုပ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အနီးအနားကနေအိမ်တွေကို လွှင့်စင်ထိခိုက်မှု အနည်းငယ်ရှိခဲ့ပေမယ့် လူတွေကိုတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။

အလားတူ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာလည်း အထွေထွေပြည်သူ့ဆေးရုံကြီးဝန်းထဲက အရေးပေါ်ဌာန ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကော်လိပ်ကျောင်းရှေ့နဲ့ ရွှေမြိုင်သီရိရုံးနားမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လူထိခိုက်မှု တော့မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ မြို့နယ်တော်တော်များများမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံ ကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။

ရန်ကုန်မြို့ထဲမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ လှည်းကူးမြို့နယ်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်ထဲက ရေဆင်းကျေးရွာ၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့၊ မကွေးတိုင်း ကမ္မမြို့၊ ဂန့်ဂေါမြို့၊ ကချင်ပြည်နယ် မိုးကောင်းမြို့၊ ဖားကန့်မြို့နယ် တာမခန်မြို့သစ်နဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာ၊ တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ လောင်းလုံမြို့ အပါအဝင် မန္တလေးမြို့မှာလည်း ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ မန္တလေး ပညာရေးမိသားစု သပိတ်စစ် ကြောင်းဟာ စစ်ကျွန်ပညာသင်ကြားပေးမယ့် ကျောင်းတွေကို မတက်ရောက်ကြဖို့ ကျေးလက်ရွာတွေအထိပါ ဆင်းပြီး စည်းရုံးတာ ဆန္ဒပြတာတွေလုပ်ဆောင်ခဲ့သလို မိတ္တီလာမြို့မှာလည်း ဆိုက်ကယ်သပိတ်စစ်ကြောင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၆၀ ကျော်နေပြီး၊ အဖမ်းခံထားရတဲ့သူ ၃၆၀၀ ကျော်၊ ဖမ်းဝရမ်း အထုတ်ခံထားရသူ ၁၄၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

RFA Burmese



ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ ထီးလင်းတိုက်ပွဲမှာ ရဲသုံးယောက် သေဆုံး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ ထီးလင်းတိုက်ပွဲမှာ ရဲသုံးယောက် သေဆုံး Reviewed by THITHTOOLWIN on 20:54 Rating: 5

No comments:

Powered by Blogger.