အာဆီယံ ကိုယ်စားလှယ်ကို လက်ခံရေး မစဉ်းစားရသေးဟု စစ်ကောင်စီပြော



(၇-၅-၂၀၂၁)

တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိမချင်း အာဆီယံကိုယ်စားလှယ်ကို လက်ခံရေး စဉ်းစားမှာမဟုတ်သေးဘူးလို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့  (မေလ ၇ ရက်) ပြောဆိုလိုက်ပါတယ်။

“အခုချိန်မှာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ လုံခြုံရေးဟာ ကျနော်တို့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ တည်ငြိမ်ရေးသေချာပြီဆိုတော့မှ အာဆီယံ သံကိုယ်စာလှယ်နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်” လို့ အကြမ်းဖက် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ကောင်းထက်စံက စစ်တပ်ပိုင် ရုပ်-သံ ကနေ ပြောသွားပါတယ်။

အာဆီယံ ဖက်က ပေးတဲ့အကြံညဏ်တွေဟာ တိုင်းပြည်အတွက် အထောက်အကူဖြစ်မယ်ဆိုရင် စဉ်းစားသွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လ (ဧပြီ ၂၄ ရက်) ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ အစည်းအဝေးကို အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အစည်းဝေး ဆုံးဖြတ်ချက် ၅ ခုကို လက်ခံမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၅ ချက်ထဲမှာ အကြမ်းဖက်မှုတွေချက်ခြင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို လက်ခံရေးလည်း ပါဝင်ပါတယ်။

ဒါပေမယ့် အာဏာသိမ်းတပ်ဖွဲ့ဟာ အာဆီယံအစည်းအဝေးမှာ ပေးခဲတဲ့ ကတိတွေကို ဖောက်ဖျက်ပြီး အကြမ်းဖက်မှုတွေဆက်လုပ်နေတယ်၊ အာဆီယံ ကိုယ်စားလှယ်ကို တောင် လက်ခံဖို့ ငြင်းပယ်နေတယ်ဆိုပြီး အတိုက်ခံတွေဖက် စွပ်စွဲနေပါတယ်။

ရန်ကုန်အပါဝင် မြို့ပြဒေသအတော်များများမှာ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်ဖြစ်နေပြီး ပစ်ခတ်ဖြိုခွင်းမှုတွေကလည်း ရှိနေဆဲပါ။ နိုင်ငံရေးအကျဉ်းသားများကူညီရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ အရပ်သား ၇၆၉  ဦးအထိရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူဦးရေကတော့ ၃,၇၀၀ ကျော်နေပြီလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ကောင်းထက်စံကေတော့ အကြမ်းဖက် သမားတွေကို စစ်တပ်က တိုက်ခိုက်နေတာဖြစ်ပြီး လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဖမ်းဆီးမှုတွေ ပိုများလာမယ်လို့ သတိပေးပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားတွေအရ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး မကြာခင် ရရှိလာဖို့ဆိုတာ မလွယ်ပါဘူး။ မြို့ပြဒေသမှာ ဆန္ဒပြပွဲတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ လူထုတိုက်ပွဲတွေဖြစ်နေတဲ့အပြင် နယ်စပ်ဒေသတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။

ဒီနေ့ပဲ မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီတပ်ဖွဲ့တခု ချောင်းကူးနေစဉ် ကြားဖြတ်တိုက်ခိုက်တဲ့အတွက် အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

တခါ တောင်ပိုင်းရှိ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကလည်း မြန်မာ-ထိုင်းနယ်စပ် သံလွင်မြစ်ဘေးရှိ စစ်ကောင်စီအကြမ်းဖက်တပ်စခန်းတခုကို ဒီနေ့ သိမ်းပိုက်လိုက်တယ်လို့ မီဒီယာတွေက ဖေါ်ပြပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ကောင်းထက်စံကတော့ အကြမ်းဖက်မှုတွေကို သင့်တော်တဲ့နည်းတွေနဲ့ တုန့်ပြန်သွားမယ်လို့ သတင်းစာရှင်းပွဲမှာ သတိပေးပါတယ်။

အာဏာသိမ်းပြီးကတည်းက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် အခုဆိုရင် တီဗွီ စလောင်းတွေကိုပါ ဖမ်းဆီးနေပြီဖြစ်ပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ကောင်းထက်စံကတော့ “ကျနော်တို့အနေနဲ့ လူထုရဲ့လွတ်လပ်စွာ သတင်းရပိုင်ခွင့်ကိုလေးစားပါတယ်။ ဒါပေမယ့် ပြည်ပ အခြေစိုက်အဖွဲ့တွေက ဆိုရှယ်မီဒီယာကို အသုံးပြုပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်” လို့ပြောပါတယ်။

တခါ ဒီသီတင်းပတ်ထဲမှာ မန္တလေးအနီး ဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရတဲ့အတွက် လုံခြံဲုရေးတင်းကျပ်ထားတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။ 

ဒီဓာတ်ငွေ့ပိုက်လိုင်းတွေကနေ ဓာတ်ငွေ့လက်ခံရရှိနေတဲ့ တရုတ်နိုင်ငံဖက်ကတော့ လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခမှာ တဖက်ဖက်ကို ထောက်ခံတာမျိုး မလုပ်ဘူးလို့ ပြောဆိုထားပြီး မြန်မာနိုင်ငံ တည်ငြိမ်ရေးကိုသာ လိုလားတယ်လို့ ပြောဆိုထားပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

အာဆီယံ ကိုယ်စားလှယ်ကို လက်ခံရေး မစဉ်းစားရသေးဟု စစ်ကောင်စီပြော အာဆီယံ ကိုယ်စားလှယ်ကို လက်ခံရေး မစဉ်းစားရသေးဟု စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 07:56 Rating: 5

No comments:

Powered by Blogger.