မြန်မာနိုင်ငံတွင်း အခြေခံစားကုန်စျေးတက်ပြီး စားဝတ်နေရေးကြပ်တည်းလာ


စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းအလုပ်လက်မဲ့ဦးရေ ပေါများတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရချိန် အခြေခံစားကုန် ကုန်ပစ္စည်းတချို့စျေးနှုန်းတက်လာတာမို့ စားဝတ်နေရေးကြပ်တည်းတဲ့ ပြဿနာတွေနဲ့ပါ ပြည်သူအများစု ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန် ပြောပြပေးပါမယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုများလာတာ၊ ဘေးကင်းလုံခြုံမှု မရှိတာတွေကြောင့် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်လာရပြီးနောက်မှာ နောက်ထပ်ထိခိုက်မှုအနေနဲ့ မြန်မာကျပ်ငွေတန်ဖိုးကျလာတာနဲ့ အခြေခံစားကုန် ကုန်ပစ္စည်း တချို့ စျေးနှုန်းတက်လာတာမို့ စားဝတ်နေရေးကြပ်တည်းတဲ့ ပြဿနာတွေနဲ့ပါ ဆက်လက်ရင်ဆိုင်လာရတာပါ။

အခြေခံစားသောက်ကုန်တွေထဲမှာ စားသုံးဆီ စျေးတက်မှုက ထင်သာမြင်သာမှု အရှိဆုံးဖြစ်နေတယ်လို့ ပြည်တွင်းစားသုံးသူ လူတချို့ကပြောပါတယ်။ နေ့စဉ် စားသောက်ကုန်တွေထဲမှာ ကုန်ခြောက်တချို့ စျေးမြင့်တက်လာတာတွေ ရှိသလို အလုပ်အကိုင် ရှားပါးလာတာ တွေကြောင့် အောက်ခြေလူထုအကြားမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်လာရပါတယ်။

နေ့စဉ် စျေးသွား ချက်ပြုတ်နိုင်ဖို့ ဝင်ငွေထွက်ငွေ လောက်ငှဖို့ထက် အငတ်ဘေးနဲ့ မရင်ဆိုင်ရအောင် ကြိုးစားနေရတယ်လို့ လှိုင်သာယာမြို့နယ်က အိမ်ထောင်ရှင်မ တဦးကပြောပါတယ်။

"အဓိကတော့ ဆီတို့၊ ကုန်ခြောက်ပစ္စည်းတွေပေါ့။ ကုန်စိမ်းတွေ၊ ဘာတွေတော့ ဒီအတိုင်းပါပဲ။ ပြောရမယ်ဆိုရင်တော့ စျေးသည်တွေကတော့ အရင်ကထက်စာရင် ရောင်းမကောင်းဘူး။ အရင်ဆိုရင် စားအုန်းဆီဆိုရင် တပိဿမှ ၂,၀၀၀ လောက်ပဲ ပေးရတာလေ... အခု ၃,၅၀၀ ဖြစ်သွားပြီ။ ကျန်တဲ့ အချိုမှုန့်တို့၊ ဘာတို့ အဲ့ဟာတွေ တက်တယ်။ အခုဆိုရင်တော့ တော်တော်တော့ ကြပ်တည်းကြတယ်။ တနေ့လုပ်မှ တနေ့စားရတဲ့ လူတွေက အဆင်မပြေဘူးပေါ့။ ကိုဗစ်ဖြစ်တုန်းကတော့ အဲဒီလောက်အခြေအနေမဆိုးဘူး။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာမှ တော်တော်အခြေအနေဆိုးသွားတယ်။ ဘာလို့လဲဆိုတော့ ထောက်ပံ့ကြေးရတာတွေ၊ ဘာတွေနဲ့ဆိုတော့ လူတွေကနည်းနည်း အဆင်ပြေသေးတယ်။ စျေးသည်တွေလည်း အဲဒီလောက် မငြီးတွားဘူး။ အခုဆိုစျေးသယ်တွေလည်း ငြီးတွားတယ်။ ပိုက်ဆံရှိမှ ဝယ်စားလို့ ရမှာလေ။ အဆင်မပြေတော့ ဝယ်စားလို့ မရဘူး။"

လုပ်ငန်းတော်တော်များများ ရပ်နားထားရတာ၊ အင်တာနက် လိုင်းတွေ ကန့်သတ်တာတွေကြောင့် ပြည်တွင်းငွေကြေးလည်ပတ်မှုနှေးကွေးလာနေတာတွေက နိုင်ငံစီးပွားရေးကို အတော်အထိနာစေမယ်လို့ ပညာရှင်တချို့က သုံးသပ်နေကြပါတယ်။

အခြေခံစားကုန် ကုန်ပစ္စည်းတချို့ စျေးနှုန်းတက်လာတာမို့ စားဝတ်နေရေး ကြပ်တည်းတဲ့ ပြဿနာတွေဟာ အောက်ခြေ လူတန်းစားတွေမှာသာမက လူလတ်တန်းစားတွေထိပါ ထိခိုက်မှုတွေရှိနေပါတယ်။ အရင်က ဖွယ်ဖွယ်ရာရာ ဖြစ်ဖို့ အဓိကထားပြီး စျေးဝယ်ခဲ့သူတွေ အခုတော့ ဝင်ငွေ၊ ထွက်ငွေကို ပိုပြီး ထည့်တွက်လာရပါပြီ။

ကိုယ်ပိုင် အသေးစားလုပ်ငန်း တခုထူထောင်ထားတဲ့ လုပ်ငန်းရှင် တဦးက လက်ရှိမှာ အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ပြည်သူတွေ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

"အလုပ်တွေကတော့ ပါးသွားတာ အမှန်ပဲလေ။ အရင်က အလုပ်လုပ်ရတာနဲ့ အခုအလုပ်လုပ်ရတာ မတူတော့ဘူး။ သွားရေး၊ လာရေးလည်း ခက်လာတယ်။ ကိုယ့်ဆီကို အလုပ်လာအပ်မယ့်သူတွေလည်း သိပ်မလာတော့ဘူး။ အဲဒီလိုဖြစ်နေတော့ ရှိတာလေးနဲ့ ချိုးချန်ခြွေတာနေရတယ်ပေါ့။ အဲဒီလိုမျိုးတော့ သွားနေရတယ်။ အခု စစ်ကောင်စီကာလတော့ ပိုခက်ခဲတာပေါ့။ ကျနော်တို့ အရင်တုန်းက NLD အစိုးရဆိုလည်း သူ့ဟာနဲ့သူ ထောက်ပံ့တာတွေ ရှိတယ်လေ။ အခုဆိုရင် အမိန့်ပေးနေတာနဲ့ပဲ ကျနော်တို့က ခံနေရတယ်။ အခုကတော့ ပိုကြပ်တည်းတယ်။ သွားရေး၊ လာရေး၊ ကလေးတွေရဲ့ ပညာရေးကအစ အကုန်လုံးက ဘာမှ လုပ်လို့မရတဲ့ ခေတ်ဖြစ်သွားပြီ။ လုံးဝ ကြောက်ခေတ်ပြန်ရောက်သွားပြီလေ။"

လက်ရှိ ကုန်စျေးနှုန်းတိုးလာတာမှာ စားသုံးကုန်ပစ္စည်းတွေအပြင် စက်သုံးဆီစျေးတွေပါအဆမတန် တက်လာတာတွေနဲ့ ကြုံနေရပြန်ပါတယ်။ အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး တစ်ခုလုံးကို စတင်ထိခိုက်နိုင်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားကိုလည်း ထိခိုက်လာနိုင်ဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။

အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာမယ့်ထိခိုက်မှုဟာ ပြင်းထန်လာနိုင်ဖွယ်ရှိသလို ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကို မှန်းဆနိုင်ဖို့ကို ခက်ခဲတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

"တိုင်းပြည်စီးပွားရေးတခုလုံးကို ထိခိုက်မှု လမ်းကို သွားနေတယ်ပေါ့လေ... လက်ရှိအခြေအနေက။ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာတော့ မှန်းဆရတာတော့ လောလောဆယ်ခက်တယ်။ အဲဒီတော့ စီးပွားရေးအကျပ်အတည်း သက်ရောက်မှုက လူမှုရေး၊ စားဝတ်နေရေးအကျပ်အတည်းအထိပေါ့လေ... ဒီထက် ဆိုးချင်လည်း ဆိုးမယ်။ နောက်ဆုံး အသက်ရှင်ရေးအထိ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီအထိတော့ ရောက်သွားနိုင်တယ်လို့ ကျနော် အကြမ်းဖျင်း သုံးသပ်လို့ရတယ်။ ကိုဗစ်တုန်းက ချိန်ဆလို့ရတယ်။ တိုင်းပြည်အခြေအနေက တည်ငြိမ်တယ်။ သတိထားပြီးတော့ ချိန်ဆ ကိုင်တွယ်ပြီးတော့ လုပ်လို့ရတယ်။ မှန်းလို့ရတာပေါ့နော်... အလုပ်လုပ်တယ်ဆိုတာက စီးပွားရေးလုပ်ငန်းပဲ ဖြစ်ဖြစ်၊ စီမံခန့်ခွဲတာပဲ ဖြစ်ဖြစ် တွက်ချမှန်းဆလို့ရခြင်းဖြစ်တယ်လေ။ အခုကျနော်တို့က မှန်းဆလို့မရတဲ့၊ တွက်ချက်လို့မရတဲ့၊ ကြိုတင်ပြီးတော့ စီမံလို့ မရတဲ့ အခြေအနေတွေဖြစ်သွားတယ်။"

ကိုရိုနာ ကပ်ဘေးရောဂါဘေးသင့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ထပ်ဖြစ်တာကြောင့် လာမယ့် နှစ်သစ်အစပိုင်းမှာ နိုင်ငံလူဦးရေရဲ့ ထက်ဝက် ဆင်းရဲမွဲတေခဲ့တဲ့ ၂၀၀၅ ခုနှစ်က အခြေအနေမျိုးအထိ ဆုတ်ယုတ်ကျဆင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP က သတိပေးထားပါတယ်။ တချိန်တည်းမှာပဲ လာမယ့် လပိုင်းတွေ အတွင်း မြန်မာ လူထုရဲ့ ၃,၅၀၀,၀၀၀ ကျော် စားနပ်ရိက္ခာ ပြတ်လပ်သွားနိုင်တဲ့ အရေးကြောင့် ရိက္ခာ ထောက်ပံ့နိုင်ရေး ပြင်ဆင်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဧပြီလထုတ် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးရာ ခန့်မှန်းချက်မှာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စီးပွားကျမှု ၁၀ ရာခိုင်နှုန်းထိရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-economy-after-military-coup/5878877.html

မြန်မာနိုင်ငံတွင်း အခြေခံစားကုန်စျေးတက်ပြီး စားဝတ်နေရေးကြပ်တည်းလာ မြန်မာနိုင်ငံတွင်း အခြေခံစားကုန်စျေးတက်ပြီး စားဝတ်နေရေးကြပ်တည်းလာ Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.