ပြည်မြို့အနီးက လူ ၅ ဦးသေတဲ့ဗုံး စမ်းသပ်ရင်းပေါက်တာလို့စစ်ကောင်စီ ပြော

ပေါက်ကွဲမှုမှာသေဆုံးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်

ပြည်မြို့အနီး ကမ္ဘီလာရွာမှာ မေလ ၃ ရက်နေ့တုန်းက ဗုံးပေါက်ကွဲမှုကြောင့် အခုအချိန်ထိ ၅ဦး သေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာတဲ့သူဟာလည်း ကုသမှုဆက် ခံယူနေရပါတယ်။

ဗုံးဟာ ပြင်းထန်လွန်းလို့ အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်လို့လည်း အလောင်းတွေကို သွားသယ်ရာမှာပါတဲ့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ဒီဗုံးပေါက်ကွဲမှုဟာ ပါဆယ်ဗုံးက ပေါက်တာလို့ သတင်းအချို့က ဖော်ပြကြသလို CDM ရဲတစ်ဦးက ပို့လိုက်တဲ့ ပါဆယ်ဖောက်ရင်း ကွဲတာလို့လည်း ကနဦး ဖော်ပြကြပါတယ်။

မြန်မာ့ရုပ်သံကတော့ ပြည်မြို့အနီးဗုံးပေါက်ကွဲမှုဟာ ချိန်ကိုက်မိုင်း စမ်သပ်လုပ်ရင်း ပေါက်ကွဲတာလို့ မေလ ၄ ရက်နေ့ ညပိုင်းက ထုတ်ပြန်သွားခဲ့ပါတယ်။

မေလ ၃ ရက်နေ့ညကတော့ သေဆုံးသူတွေကို ရေခဲတိုက်ပို့ဆောင်ဖို့နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဖို့ အတွက် စစ်တပ်နဲ့ရဲက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နာရေးကူညီမှုအသင်းတွေကို ခေါ်ယူခဲ့ပါတယ်။

မေလ ၃ ရက် ညနေ ၅ နာခွဲက ပေါက်ကွဲမှုဖြစ်ရာမှာ ည ၈နာရီမှ အလောင်းသယ်လို့ရခဲ့တယ်လို့လည်း နာရေးကူညီမှုအသင်းကပြောပါတယ်။

"အခင်းဖြစ်တဲ့နေရာမှာ တပ်ကလူတွေက ကျွန်တော်တို့ထက်အရင်ရောက်နေတာ။ ရှင်းလင်းရေးတွေ လုပ်ပြီးမှ အဲ့ဒီနေရာသွားခွင့်ရတယ်။ ပြီးတော့ သူတို့က ဆေးရုံပို့ဆိုမှ ကျွန်တော်တို့ ပို့လို့ရတယ်။ အဲ့ဒီနေရာမှာလည်း ရဲနဲ့ စစ်တပ် ကား ၆စီးလောက်ရှိတယ်" လို့ သူကပြောပါတယ်။

သေဆုံးသူတွေကို ကိုယ်တိုင်သွားသယ်ပြီး ဆေးရုံပို့ပေးခဲ့သူတစ်ဦးကတော့ ပေါက်ကွဲပြီး အလောင်းတွေရှိတဲ့နေရာကို သွားသယ်ရာမှာ အခင်းဖြစ်ရာအထိ ကားမောင်းဝင်လို့မရဘဲ လူတွေက သွားသယ်ခဲ့ရတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ပေါက်ကွဲတဲ့နေရာ နောက်မှာ သံပရာခြံတွေ လျှိုတွေရှိတယ်။ အခင်းဖြစ်ခဲ့တဲ့နေရာကနေ ကားရပ်ထားတဲ့နေရာကို အလောင်းတွေ မထုတ်လာရတာ ကိုက်တစ်ရာကျော်ကျော် လောက်ဝေးတယ်။ ဖြစ်တဲ့နေရာမှာလည်း မီးလောင်ထားတာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။

မြန့်မာ့ရုပ်မြင်သံကြားကထုတ်လွှင့်သွားတဲ့ အခင်းဖြစ်ရာဓာတ်ပုံ

မေလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ဟာ ကမ္ဘီလာကျေးရွာမှာ ခေတ္တပုန်းရှောင်နေထိုင်နေတဲ့သူ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဗုံးပေါက်ကွဲရာမှာသေဆုံးခဲ့တဲ့ ဦးသက်ဝင်းလှိုင်ဟာ ၂၀၁၅ရွေးကောက်ပွဲနဲ့ ၂၀၂၀ရွေးကောက်ပွဲတွေမှာ ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်တိုက် အနိုင်ရခဲ့တဲ့သူဖြစ်ပါတယ်။

သူဟာ ရိုးရှင်းပြီး ခပ်အေးအေးသမား ဖြစ်ပေမဲ့ နိုင်ငံရေးစိတ်ဓာတ် အရမ်းပြင်းထန်တဲ့သူလို့လည်းသူမိတ်ဆွေ အချို့ကပြောပါတယ်။

သူ့ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားလို့ ရှောင်နေရတာလို့ ပြည်ဒေသခံတစ်ဦးက ပြောပါတယ်။

အလုပ်ကြိုးစားပြီး ဖော်ရွေတတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် အမြဲအမှတ်ရနေပါ့မယ်လို့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက လူမှုကွန်ရက်မှာရေးထားပါတယ်၊

ဦးသက်ဝင်းလှိုင်ဆုံးပါးသွားတဲ့အချိန်မှာ ဇနီးနဲ့ကလေး နှစ်ဦးကျန်ရစ်ခဲ့ပါတယ်။

ပြည်မြို့ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်

ဗုံးပေါက်တဲ့နေရာနဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အခင်းဖြစ်တဲ့နေရာက အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲ့ဒီနေရာကို ‌ရောက်ခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ သူ့ထင်မြင်ချက်ကို အခုလိုပြောပါတယ်။

" သူတို့ ကိုယ်တိုင်စမ်းသပ်နေတုန်း ခြေချော်လက်ချော်ဖြစ်ပြီး ထပေါက်တာလို့ထင်ပါတယ် ၊ပေါက်တာကသံပုရာခြံထဲမှာ ပါဆယ်ဆိုရင်တော့ အဲ့ဒီနေရာမှာ ဖွင့်ဖို့မဖြစ်နိုင်ဘူးလို့ ထင်တယ်"လို့ သူကပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း သူတို့စမ်းသပ်ရင်းပေါက်ကွဲတာလို့ ယူဆကြောင်း ပြောပါတယ်။

ဒီလိုပြောသူတွေရှိပေမဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ ပါဆယ်ပို့ပြီးဗုံးဖောက်ခံရတာလို့လည်း ပြည်မြို့ခံတွေက ဘီဘီစီကိုပြောကြပါတယ်။

အခုအချိန်အထိ ရွာအဝင်အထွက်ကို ပိတ်ထားကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်မှာတော့ ဦးသက်ဝင်းလှိုင်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်ဝင်ရှာကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

" လက်ရှိအခင်းဖြစ်တဲ့ရွာနဲ့ သူ့ အိမ်က တစ်မိုင်လောက်ဝေးတယ်။ အိမ်ကိုအကြောင်းကြားတာလား ဆက်စပ် ပစ္စည်းတွေဝင်ရှာတာလားတော့ မပြောနိုင်ဘူး။ အလောင်းတွေကိုလည်း မိသားစုကို ပြန်မပေးဘူးထင်တယ်။ရင်ခွဲရုံကပဲ အသုဘချရဖို့များတယ်။ "လို့ဒေသခံတွေကပြောပါတယ်။

ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နဲ့ အခင်းဖြစ်တဲ့နေရာမှာ သူနဲ့အတူ CDM လုပ်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေ ပါရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မေလ ၄ ရက်နေ့ ည မြန်မာရုပ်မြင်သံကြားသတင်းကတော့ လက်လုပ် ချိန်ကိုက်မိုင်းစမ်းသပ်ပြုလုပ်ရာမှာ ပေါက်ကွဲမှု ဖြစ်တယ်လို့ ပြောသွားပြီး ကနဦး ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ နှစ်ဦး ဆေးရုံပို့စဥ်လမ်းမှာ တစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56980739

ပြည်မြို့အနီးက လူ ၅ ဦးသေတဲ့ဗုံး စမ်းသပ်ရင်းပေါက်တာလို့စစ်ကောင်စီ ပြော  ပြည်မြို့အနီးက လူ ၅ ဦးသေတဲ့ဗုံး စမ်းသပ်ရင်းပေါက်တာလို့စစ်ကောင်စီ ပြော Reviewed by THITHTOOLWIN on 06:42 Rating: 5

No comments:

Powered by Blogger.