သြစတြေးလျက အိန္ဒိယရောက် သူ့နိုင်ငံသားတွေကို ဘာလို့ပြည်ဝင်ခွင့်ပိတ်တဲ့အထိ လုပ်သလဲ

အိန္ဒိယမှာ ပိတ်မိနေတဲ့ မစ္စတာ မန်ဒိ ရှာမား သြစတြေးလျတွင် ရှိစဉ်က သူ၏ မိသားစုနှင့်အတူ တွေ့ရစဉ်

သြစတြေးလျနိုင်ငံသားတယောက်ဖြစ်တဲ့ မန်ဒိ ရှာမားဟာ သြစတြေးလျက ပြည်ဝင်ခွင့် ခေတ္တပိတ်လိုက်တဲ့ အိန္ဒိယနိုင်ငံရောက် သူတို့နိုင်ငံသားတွေထဲက တဦးဖြစ်ပါတယ်။

သူ့လိုပဲ အလားတူ အိန္ဒိယကနေ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေတဲ့ သြစတြေးလျနိုင်ငံသား ၉၀ဝ၀ လောက် ရှိနေပြီး သြစတြေးလျအစိုးရက အိန္ဒိယနဲ့ လေကြောင်းခရီးစဉ်တွေကို ယခုတပတ်အတွင်းကစပြီး မေလလယ်အထိ ပိတ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ရှာမားရဲ့ ဇနီးနဲ့ သမီးနှစ်ယောက်တို့ဟာ သြစတြေးလျနိုင်ငံ အဲဒလိတ်ဒ်မြို့မှာ ရှိနေကြတာလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့လက သူ့ဖခင်ရဲ့ ဈာပနအတွက် အိန္ဒိယကို ရောက်လာခဲ့တာ ဖြစ်ပြီး မေလ ပထမပတ်အတွင်းမှာ သြစတြေးလျပြန်ဖို့လည်း လေယာဉ်လက်မှတ် ဝယ်ထားခဲ့တာ ဖြစ်ပါတယ်။

အခုလို အိန္ဒိယက ပြန်လို့မရတဲ့အခြေအနေမှာ ကိုဗစ်ကူးသွားခဲ့မယ်ဆိုရင် သြစတြေးလျကို ပြန်ဖို့ ဘယ်လောက်အထိ စောင့်ရမှန်းမသိ ဖြစ်သွားမှာကို မစ္စတာ ရှာမားက စိုးရိမ်နေပါတယ်။

မေလ ၁ ရက် မှာဆိုရင် အခုလို ပိတ်ပင်ထားတဲ့ကာလမှာ အိန္ဒိယကနေ သြစတြေးလျကို ပြန်လာဖို့ ကြိုးစားတဲ့သူ မှန်သမျှကို ထောင်ဒဏ်ပေးမယ် ဆိုတဲ့အထိ သြစတြေးလျက ကြေညာလိုက်တာ ဖြစ်ပါတယ်။

မစ္စတာရှာမားလို သြစတြေးလျားနိုင်ငံသားတဦးအတွက် အခုလို ကိုယ့်နေရပ်အိမ်ကို ကိုယ်ပြန်တာက လောလောဆယ်မှာ ရာဇဝတ်မှုကျူးလွန်တာ ဖြစ်နေပြီး ထောင် ငါးနှစ် ဒါမှမဟုတ် သြစတြေးလျ ဒေါ်လာ ၆၆၀ဝ၀ (အမေရိကန်ဒေါ်လာ ၅၁၀ဝ၀) ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

သြစတြေးလျဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တောက်လျောက် တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာရာမှာ လက်ရှိ ပြည်တွင်း ကူးစက်မှုနှုန်း မရှိသလောက်ဖြစ်နေပြီး ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၁၀ ရှိတယ်ဆိုပေမယ့် ကြီးကြီးမားမား ဖြစ်ထားတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက် အလွန်နည်းတာကိုလည်း တွေ့ရပါတယ်။

အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒီလောက်အထိ ကာကွယ်နိုင်တာဟာ တင်းကြပ်တဲ့ ပြည်ဝင်ခွင့်နဲ့ သီးခြားခွဲထား စောင့်ကြည့်ရေး စည်းကမ်းတွေကြောင့် ဖြစ်တယ်လို့လည်း သြစတြေးလျအစိုးရက ပြောဆိုထားခဲ့ပါတယ်။

ဒါပေမယ့် အဲဒီစည်းကမ်းတွေကြောင့်ပဲ သြစတြေးလျနိုင်ငံသားတွေ အနေနဲ့ ကိုဗစ်ကာလတလျောက်မှာ တင်းကြပ်တဲ့ စည်းကမ်းတွေအောက် နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံသားတွေကိုပါ ပြည်ဝင်ခွင့်ပိတ်တဲ့အထိ စည်းကမ်းတင်းကြပ်တာကတော့ ဒီတကြိမ်ကျမှ အစိုးရ ပထမဆုံး စည်းကမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ပြည်ဝင်ခွင့်ပိတ်တဲ့အထိ လုပ်သလဲ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် နိုင်ငံတကာမှာ ပြန့်ပွားလာတဲ့ကာလအတွင်း ပြည်ဝင်ခွင့် အစောဆုံး ပိတ်လိုက်တဲ့ နိုင်ငံတွေထဲမှာ သြစတြေးလျနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံက ၂၀၂၀ မတ်လ ကတည်းက နိုင်ငံသားမှအပ ပြည်ဝင်ခွင့် အားလုံးနီးပါးကို ပိတ်ပင်ခဲ့ပြီး ချွင်းချက်အနေနဲ့ သြစတြေးလျမှာ စာချုပ်သက်တမ်းနဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ၊ နာမည်ကျော် အနုပညာရှင်တွေနဲ့ အားကစားသမားတွေကိုပဲ ဝင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို တင်းကြပ်ထားခဲ့ရာကနေ ၂၀၂၀ အောက်တိုဘာလကျမှ အဲဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်သွားတဲ့ နယူးဇီလန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပြန်ပေးခဲ့ပါတယ်။

ပြည်ဝင်ခွင့်ရသူတွေ အနေနဲ့လည်း မြို့တော် ဆစ်ဒနီမှာ အများဆုံး သတ်မှတ်လေ့ရှိတဲ့ နှစ်ပတ် ဟိုတယ်မှာ သီးခြားခွဲနေရမှုအတွက် ကိုယ့်စရိတ်နဲ့ကိုယ် ကျခံရပါတယ်။

လောလောဆယ်မှာ ပြည်တွင်းပြန်လာဖို့အတွက် သြစတြေးလျအစိုးရ အကူအညီကို တောင်းခံတဲ့ စာရင်းသွင်းထားသူ သြစတြေးလျနိုင်ငံသား ၃၆၀ဝ၀ ရှိနေပြီး အခုလို အကူအညီတောင်းရသူ အရေအတွက်က ပြီးခဲ့တဲ့နှစ်အတွင်းမှာ လျော့မသွားသလောက် ရှိနေခဲ့ပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ မဖြစ်ခင်မှာ ပြည်ပမှာ နေထိုင်တဲ့ သြစတြေးလျနိုင်ငံသား အရေအတွက်က တသန်းလောက် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

သြစတြေးလျအစိုးရက ပြည်တွင်း ပြန်လာသူတွေ နှစ်ပတ် သီးခြားခွဲနေရမယ်ဆိုတဲ့ အစီအစဉ် စလုပ်ချိန်မှာ ဆိုရင်လည်း အဲဒီအချိန်က နယူးဇီလန်၊ အမေရိကန်နဲ့ ယူကေတို့ကနေ ပြန်လာမယ့်သူများတဲ့အတွက် ဟော်တယ်ခန်း မလောက်တဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။

ဒီလို ဖြစ်လာခဲ့တဲ့အတွက် ပြည်တွင်းပြန်ဝင်လာသူတွေ သီးခြားခွဲနေကြဖို့အတွက် သီးသန့် အဆောက်အဦးတွေကို အစိုးရက စီစဉ်ပေးခဲ့ရပြီး ပြည်တွင်းကို အပတ်စဉ်ဝင်တဲ့ လေကြောင်းခရီးစဉ်ကိုလည်း အများကြီး လျှော့ချပစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သြစတြေးလျနိုင်ငံအတွင်း ဝင်ရောက်လာသူတွေထဲမှာ တဝက်လောက်သာ သြစတြေးလျနိုင်ငံသားတွေပါလာပြီး ကျန်တဝက်က နာမည်ကျော်ကြားသူတွေ ဖြစ်နေလို့ နိုင်ငံသားတွေ ဒေါသထွက်ခဲ့

ဒီလို အခြေအနေမှာ သြစတြေးလျ ပြည်ဝင်ခွင့် ကန့်သတ်မှုက ယာယီသာဖြစ်မယ်လို့ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က ပြောဆိုခဲ့တဲ့ အခြေအနေဟာလည်း အခုအချိန်မှာ အမြဲတမ်း ရှိနေတဲ့ ကန့်သတ်မှုလို ဖြစ်လာခဲ့ပါတယ်။

လောလောဆယ်မှာ ကမ္ဘာအရပ်ရပ်က သြစတြေးလျကို ဝင်ရောက်သူ တပတ်ကို ၇၀ဝ၀ သာ လက်ခံထားပြီး တချို့ကာလတွေမှာ လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှု၊ လမ်းကြောင်းပြောင်းမှုတို့ကြောင့် ဒီအရေအတွက်ထက် လျော့တာလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆိုရင် သြစတြေးလျပြည်တွင်းမှာ ကိုဗစ်ပြန့်ပွားမှု ပြန်ဖြစ်လာတာနဲ့ ပိုးမျိုးကွဲတွေ ထွက်လာတဲ့အခြေအနေတွေကြောင့် အဲဒီပမာဏရဲ့ တဝက်လောက်သာ အဝင်ရှိခဲ့ပါတယ်။

အခုအချိန်အထိ ပြည်ပမှာ သောင်တင်နေသူ သြစတြေးလျနိုင်ငံသားတွေအနေနဲ့ သူတို့နေရပ်ပြန်တဲ့ ကိစ္စမှာ စနစ်တကျ တန်းစီစောင့်ရသလိုမျိုးဆိုရင် ပြဿနာ မရှိပေမယ့် နိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပြန်ပေးတဲ့ စနစ်မှာတောင်မှ ရှုပ်ထွေးမှုတွေရှိနေပြီး အရေးတကြီး ပြန်လာဖို့လိုသူတွေ အရင်ပြန်ခွင့်ရဖို့ မသေချာတဲ့ စနစ်လည်း ဖြစ်နေပါတယ်။

အခုလို အခြေအနေမှာ ဈေးနှုန်းကြီးမြင့်နေတဲ့ သမားရိုးကျ လေကြောင်းလိုင်းတွေကိုပဲ အားကိုးရတဲ့ သြစတြေးလျနိုင်ငံသားတွေ ပိုခက်ခဲရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သြစတြေးလျနိုင်ငံအတွင်း ဝင်ရောက်လာသူတွေထဲမှာ တဝက်လောက်သာ သြစတြေးလျနိုင်ငံသားတွေပါလာပြီး ကျန်တဝက်က နာမည်ကျော်ကြားသူတွေ အပါအဝင် ငွေကြေးတတ်နိုင်သူတွေ ဖြစ်နေခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံသားတွေ ဒေါသထွက်ခဲ့ရပါတယ်။

သီးခြားခွဲထားသူတွေကြားထဲမှာ ကိုဗစ်ပိုး ပြန်ကူးတာနဲ့ အလုပ်သမားတွေဆီကို ပြန်ကူးတာတွေလည်း ဖြစ်ခဲ့

ပြည်တွင်းကို ရောက်လာသူတွေကို စီမံခန့်ခွဲမှု အခက်အခဲ

ကူးစက်နှုန်းပိုမြန်တဲ့ ယူကေမှာ စတွေ့ရတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကို သြစတြေးလျမှာလည်း စတွေ့လာပြီးနောက်ပိုင်း သြစတြေးလျကို ရောက်လာသူတွေကို သီးခြားခွဲနေဖို့ နေရာချတဲ့ ကိစ္စလည်း ပိုမိုခက်ခဲလာခဲ့ပါတယ်။

အခုလို ပြည်ပကရောက်လာပြီး သီးခြားခွဲထားသူတွေထဲက ပိုးကူးခံထားရသူတွေကတဆင့် ရောဂါပိုးက ပြင်ပရောက်သွားခဲ့တဲ့ အခြေအနေကိုလည်း သြစတြေးလျက ပြီးခဲ့တဲ့ ခြောက်လအတွင်း ၁၆ ကြိမ်အထိ ကြုံခဲ့ရပြီး မြို့ကြီးတခုမှာ ပြင်ပကိုရောက်ပြီး ကူးစက်သွားမှုက ၇ ကြိမ် ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကဆိုရင် ပါ့သ်မြို့မှာ သီးခြားခွဲထားသူတွေဆီက ကိုဗစ်ပိုးဟာ မြို့တွင်းပြင်ပက လူတွေကို ကူးစက်ခဲ့ကြောင်း တွေ့ရတဲ့အတွက် ပါ့သ်မြို့ကို သုံးရက် လော့ဒေါင်းချခဲ့ရပါတယ်။

သီးခြားခွဲထားသူတွေကြားထဲမှာ ကိုဗစ်ပိုး ပြန်ကူးတာနဲ့ အလုပ်သမားတွေဆီကို ပြန်ကူးတာတွေလည်း ဖြစ်ခဲ့တဲ့အတွက် ပြည်တွင်းဝင်လာကာစ လူတွေကို သီးခြားခွဲထားတဲ့ ဟိုတယ်အစရှိတဲ့ နေရာတွေမှာ လေဝင်လေထွက် ကောင်းအောင်လုပ်တာ အပါအဝင် တခြား စိတ်ချရအောင် တင်းကြပ်မှုတွေ လုပ်နေပေမယ့် အခုလို ဖြစ်ရပ်မျိုးတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကို ဖြေရှင်းဖို့အတွက် မြို့ကြီးတွေက ဟိုတယ်တွေမှာ ထားမယ့်အစား နယ်ဘက်မှာ နေရာစီစဉ်ကြဖို့ အကြံပေးမှုတွေလည်း ရှိနေပြီး အခုလို တခန်းစီ နီးနီးကပ်ကပ်နေကြမယ့်အစား ထိုင်ဝမ်နဲ့ စင်္ကာပူတို့မှာလို နေအိမ်ရှိသူတွေ သီးခြားခွဲနေခွင့် ပေးဖို့လည်း ပြောဆိုနေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-56957083

သြစတြေးလျက အိန္ဒိယရောက် သူ့နိုင်ငံသားတွေကို ဘာလို့ပြည်ဝင်ခွင့်ပိတ်တဲ့အထိ လုပ်သလဲ  သြစတြေးလျက အိန္ဒိယရောက် သူ့နိုင်ငံသားတွေကို ဘာလို့ပြည်ဝင်ခွင့်ပိတ်တဲ့အထိ လုပ်သလဲ Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.