မြင်းခြံ တလုတ်မြို့ရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ပစ်ခတ်မှုဖြစ်

မြင်းခြံ တလုတ်မြို့ရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ပစ်ခတ်မှုဖြစ် တလုပ်မြို့ရွာက ထွက်ပြေးရတဲ့ ပြည်သူတွေကို ၂၀၂၁ မေလ ၁၁ ရက်နေ့က တွေ့ရစဉ် / Photo CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ဘက် ၇ မိုင်အကွာက တလုတ်မြို့ကျေးရွာမှာ မေလ ၁၁ ရက် ဒီနေ့ နေ့ လယ် ၁ နာရီလောက်ကစပြီး ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်နေတယ်လို့ တလုတ်မြို့ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့က တည်ဆောက်ထားတဲ့ သဲအိတ်ခံတပ်တွေကိုဖျက်ဖို့ ဘတ်ဟိုးကား တစ်စီး အပါအဝင် စစ်ကားဆယ်စီးကျော်နဲ့ အင်အားအများအပြား ရွာထဲကိုဝင်လာပြီး ရွာသားတွေကို လက်နက်ချဖို့ ပြောဆိုနေချိန် တိုက်ပွဲဖြစ်တာလို့ ကျေးရွာသားတွေကပြောပါတယ်။

ရွာသားတွေဘက်က တူမီးသေနတ်တွေ၊ လေးခွတွေနဲ့ ပြန်ပစ်ကြတာဖြစ်ပြီး ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီ ဘက်က သုံးယောက်ဒဏ်ရာရထားတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ယောက် က RFA ကိုပြောပါတယ်။

"သူတို့ တလုတ်မြို့ကို စစ်ကား ၁၃ စီးလာတယ်၊ တလုတ်မြို့တောင်ဘက် အရိပ်ရတဲ့ညောင်ပင်အောက်မှာ ကားတွေထားပြီးတော့ ခြေကျင်ဆင်းလာတယ်၊ လူဦးရေကတော့ နှစ်ရာကျော်သုံးရာ ပတ်ချာလည်လောက် ရှိမယ် တရုတ်လုတ်မြို့ထဲကို စစ်ကြောင်းသုံးကြောင်းခွဲပြီး အရှေ့ဘက်တံခါးရယ်၊ တောင်ဖက်တံခါးရယ် အနောက်ဘက်တံခါးရယ် သုံးတံခါးညှပ်တိုက်တယ်၊ အရှေ့ဘက်တံခါးတိုက်တဲ့ အထိကိုတော့ တလုတ် မြို့က ခံတိုက်လိုက်တယ် စစ်သားသုံးယောက် ထိသွားလို့ စစ်ကားတစ်စီးနဲ့ မြင်းခြံဆေးရုံသွားပို့တယ်၊ ကျန်တဲ့နှစ်ဘက်ကလည်း အခုငြိမ်သွားလို့ တလုတ်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့နားမှာ ခြေဆင်းထိုင်ပြီး စစ်ကူ တောင်းနေတယ်"

နေ့လယ် ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က စစ်ကားတစ်စီးမြို့ပေါ်ကို အရှိန်နဲ့ ပြန်မောင်းသွားတာ တွေ့ရပြီး ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံကို ခေါ်သွားတာလို့ ပြောပါတယ်။

လက်ရှိကျေးရွာထဲမှာ စစ်ကောင်စီဘက်က အင်အား နှစ်ရာကျော်ရှိနေပြီး အိမ်ခြေ သုံးထောင်လောက်ရှိတဲ့ တလုတ်မြို့ကျေးရွာသားတွေကတော့ အင်အား ထောင်ဂဏန်းလောက်နဲ့ ခုခံနေပေမဲ့ အနီးအနားကကျေးရွာ ၁၀ ရွာကျော်ကိုပါ စစ်ကောင်စီကိုပြန်တိုက်ဖို့ စုစည်းထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလမှာ တစ်ကြိမ် အခုလ ဆန်းပိုင်းမှာ တစ်ကြိမ် စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာလို့ လေးခွ တိုက်ပွဲတွေ ဆင်နွှဲခဲ့ဘူးပြီး ဒီတစ်ကြိမ်မှာတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်လာကာ သေနတ်တွေနဲ့ပါ ပစ်ခတ်လာတာလို့ ကျေးရွာသားတွေ ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/talote-myot-battle-05112021063257.html

မြင်းခြံ တလုတ်မြို့ရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ပစ်ခတ်မှုဖြစ်  မြင်းခြံ တလုတ်မြို့ရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.