မြန်မာ လေယာဉ်ဆီတွေ စင်္ကာပူကနေ တင်သွင်းတဲ့ အချက်အလက်တွေတွေ့


စင်္ကာပူ နိုင်ငံက PetroChina International Singapore Pte Ltd ကပြီးခဲ့တဲ့ ဧပြီလအတွင်းက မြန်မာနိုင်ငံကို လေယာဥ်ဆီတွေ ရောင်းချခဲ့တာကို တွေ့ရတယ်လို့ အစိုးရရဲ့ သွင်းကုန်ဆိုင်ရာ အချက်အလက်တွေကို လေ့လာခဲ့တဲ့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို ကုန်တင်သွင်းမှုကို ပထမဆုံးအကြိမ် လုပ်ခဲ့တာ ဖြစ်ပါတယ်။

တင်ပို့ရောင်းချသူတွေက သူတို့ရောင်းတဲ့ ဂျက်လေယာဥ်ဆီတွေကို အရပ်ဘက် လေကြောင်းလိုင်းတွေမှာ သုံးဖို့ အပြင် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ကူညီပေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်တဲ့ နေရာမှာ သုံးနိုင်တာကိုလည်း ကောင်းကောင်း သိနားလည်ကြတဲ့ အကြောင်း လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီလို ရောင်းချမှုကြောင့် မြန်မာ့အရေးမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ ပိုဖြစ်လာနိုင်ပါတယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက တရုတ်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပြီး တရုတ်ဘက်တော့ ငြင်းဆန်ထားပါတယ်။

တရုတ် နိုင်ငံခြားရေးဌာနက ဒီရောင်းချမှုနဲ့ ပတ်သက်လို့ တစုံတရာမှတ်ချက်ပေး ပြောကြားတာမျိုး မလုပ်ပါဘူး။ PetroChina ကုမ္ပဏီကို တရုတ် နိုင်ငံပိုင် China National Petroleum Corporation က ထိန်းချုပ်ထားတာ ဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း ဒီဂျက်လေယာဥ်ဆီ ရောင်းချမှုတွေနဲ့ ပတ်သက်လို့ ဘာမှ တုံ့ပြန်ပြောကြားတာ မလုပ်ပါဘူး။

ထုတ်ပြန်ကြေညာခြင်း မရှိသေးတဲ့ ကုန်ပစ္စည်း တင်သွင်းမှု ဆိုင်ရာ အချက်အလက်တွေထဲမှာ PetroChina International ရဲ့ ဂျက်လေယာဉ်ဆီ တန်ချိန် ၁၃,၃၀၀ နဲ့ ဓာတ်ဆီ တန်ချိန် ၄,၀၀၀ ကို ဆီတင်သင်္ဘော MT Yu Dong က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့မှာ သီလဝါ ဆိပ်ကမ်းမှာ ချပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံမှာ အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီ အပေါ် ဝေဖန် ပြစ်တင်ရှတ်ချ ခဲ့ကြသလို အကန့်အသတ်နဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုလည်း ချမှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို ရေနံထွက် ပစ္စည်းတွေ ရောင်းချတာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပိတ်ပင်တားမြစ်ထားမျိုး မရှိသေးပါဘူး။

မြန်မာပါဝင်တဲ့ အာဆီယံ အဖွဲ့ကလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံ ဆွေးနွေးကြဖို့ တောင်းဆိုတာမျိုး လုပ်ခဲ့ပေမယ့် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ ပြောတာမျိုးတော့ မတွေ့ရပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

မြန်မာ လေယာဉ်ဆီတွေ စင်္ကာပူကနေ တင်သွင်းတဲ့ အချက်အလက်တွေတွေ့  မြန်မာ လေယာဉ်ဆီတွေ စင်္ကာပူကနေ တင်သွင်းတဲ့ အချက်အလက်တွေတွေ့ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.