နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်လာလို့ လုံခြုံရေးစိုးရိမ်မှုတိုး

တောင်ကြီးမြို့ ဗုံးပေါက်ကွဲမှု CCTV မှတ်တမ်း (CJ) ၊ မေလ ၂ဝ၊ ၂ဝ၂၁

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေ နေရာတော်တော်များများမှာ အသေးစား ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။ လမ်းတွေပေါ် စစ်ဆေးမေးမြန်းမှုတွေ များလာတဲ့အတွက် အိမ်ပြင်ထွက်ရင် သတိနဲ့ သွားလာနေကြရတယ်လို့ ပြည်သူအများက ပြောကြပါတယ်။ လုံခြုံရေးအတွက် စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ အလိမ္မာ ပြောပြသွားမှာပါ။

ဖေဖော်ဝါရီလ ၁ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဆန့်ကျင်သူတွေကြား လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိလာပါတယ်။ ဒီလို ပြည်တွင်းမှာ မငြိမ်သက်မှုတွေရှိနေချိန် ရန်ကုန်မြို့အပါအဝင် နေရာဒေသ တော်တော်များများမှာ ပေါက်ကွဲမှုတွေဖြစ်လာပါတယ်။ ဘယ်သူ့လက်ချက်မှန်း မသိရတဲ့ ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာကြောင့် ပြည်သူတွေဖက်ကလည်း သတိနဲ့ သွားလာနေကြရပါတယ်။

လက်ရှိပေါက်ကွဲမှုတွေထဲမှာ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ အများဆုံးဖြစ်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးတဝိုက်နေရာတွေနဲ့ ကျောင်းတွေ၊ လူသွားလူလာများတဲ့ လမ်းဆုံနေရာတွေမှာလည်း ပေါက်ကွဲတာတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေစောင့်ကြပ် ကင်းလှည့်နေတဲ့ကြားမှာပဲ ပေါက်ကွဲနေတာဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတာနဲ့ ချက်ချင်းဆိုသလို စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အဲဒီနားမှာ ပိတ်ဆို့စစ်ဆေးတာတွေရှိနေလို့ မြို့တွင်းသွားလာရေးကို အရင်ကထက် ပိုပြီးဂရုစိုက်နေရတယ်လို့ ရန်ကုန်မြို့ခံတဦးက VOA ကိုပြောပါတယ်။

“စစ်ဆေးတာ ဘာညာရှိတဲ့ဆိုတဲ့ နေရာတွေကို ကျနော်တို့က ရှောင်ကွင်းပြီးသွားတာပေါ့။ သူတို့စစ်ဆေးတယ်လို့ သတင်းကြားတဲ့နေရာတွေကို လေ့လာပြီးတော့ မတွေ့အောင်သွားတာပေါ့နော်။ ကျနော်တို့က ဘာမှလုပ်လို့တော့ မဟုတ်ဘူး၊ ကိုယ့်မှာ သံသယဖြစ်စရာ ဘာပစ္စည်းမှလည်း မရှိဘူး။ ဒါပေမဲ့ တတ်နိုင်ရင်တော့ သူတို့တွေနဲ့ မတွေ့ချင်ဘူး။ အပြင်မှာ အဲဒီကိစ္စတွေ ဖြစ်နေတဲ့အခါကျတော့ တတ်နိုင်သလောက် အပြင်သွားတာကို လျှော့လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် စောင့်ရှောက်နေရတဲ့ အနေအထားပေါ့။”

အသေးစား ပေါက်ကွဲမှုတချို့ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ တဖက်ကမ်း တွံတေးမြို့မှာလည်း စစ်တပ်နဲ့ရဲတွေ အသွားအလာစိပ်နေတယ်လို့ တွံတေးဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ အပြင်မသွားခင်တော့ တချက်လှမ်းဖြတ်ကြည့်ရတယ်။ အရှေ့မှာရှိတဲ့ဆိုရင် တခြားလမ်းက ပတ်ပြီးတော့သွားတယ်။ ထိပ်တိုက်လုံးဝ ရင်မဆိုင်ဘူး။ အရင်က သူတို့ကင်းလှည့်တယ်ဆိုရင် အရှေ့မှာ ရဲကားတစီးပါတယ်။ ပြီးရင် စစ်ကားတစီးပါတယ်၊ ဆိုင်ကယ် ၃ - ၄စီး ပါတယ်။ မနေ့ကညကျတော့ အဲလိုမဟုတ်ဘူး။ အရှေ့မှာ ရဲကားတစီးလောက်ပဲ အရင်ကင်းလှည့်သွားလိုက်တယ်။ နောက် ၅မိနစ် - ၁၀မိနစ်လောက်နေမှ ဆိုင်ကယ် ၁စီး - ၂စီး သွားတယ်။ လူဖြန့်ပြီးတော့ ကင်းလှည့်တာလည်း နည်းနည်းစိပ်တယ်။”

မွန်ပြည်နယ်က မြို့နယ်တချို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ မေလ ၁၇ ရက်နေ့က မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်တို့မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တုန်းကလည်း ရေးမြို့နယ်မှာ ဗုံးပေါက်ကွဲမှုရှိခဲ့ပြီး လူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုလို မွန်ပြည်နယ်ထဲက ပေါက်ကွဲမှုတွေကြောင့် အစစ်အဆေးအမေးအမြန်းတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စာသင်ကျောင်းတို့၊ နေအိမ်နားတဝိုက်တို့ဆိုရင် သူတို့ဗုံးတွေဘာတွေ လိုက်စစ်တာတွေ့ရတယ်။ ဒီလတ်တလောမှာဆိုရင် စာသင်းကျောင်းနားတဝိုက် သွားမယ်ဆိုရင် နည်းနည်းသတိထားရတယ်။ ဥပမာ - ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် ဆိုင်ကယ်ထဲမှာ ဘာပစ္စည်းတွေပါလဲပေါ့။ အဲလို ကိုယ့်ဆိုင်ကယ်ကို ပြန်စစ်ရတာပေါ့။ စစ်ပြီးတော့ စာရွက်စာတမ်းတွေ၊ ငြိစွန်းနိုင်တာတွေ ရှိလားပေါ့။ အဲဒါတွေကို နည်းနည်းသတိထားရတယ်။ သူတို့ ဆိုင်ကယ် Box တွေကို ဖွင့်မယ်ဆိုရင် တခုခုမသင်္ကာစရာ တွေ့ရင်တော့ အရေးယူမှာကြောက်တော့ အဲဒါတွေကို သတိထားပြီးတော့ သွားလာရတယ်။”

စစ်တပ်နဲ့ ရဲတွေရဲ့ ကင်းလှည့်သွားလာနေတဲ့ကြားမှာ လက်သည်မပေါ်တဲ့ ပေါက်ကွဲမှုတွေဖြစ်နေပြီး ဒါတွေကြောင့် လမ်းပေါ်သွားလာနေတဲ့ ယာဉ်တွေကို တားဆီးရှာဖွေ စစ်ဆေးတာနဲ့ မသင်္ကာသူတွေကို ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတချို့ကိုတော့ ဆူပူမှုဖြစ်အောင် ရည်ရွယ်သူတွေက လုပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။ 


အလိမၼာ/ VOA Burmese

https://burmese.voanews.com/a/bomb-blast-many-places-in-yangon/5902161.html

နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်လာလို့ လုံခြုံရေးစိုးရိမ်မှုတိုး နိုင်ငံအနှံ့ ပေါက်ကွဲမှုတွေခပ်စိပ်စိပ်ဖြစ်လာလို့ လုံခြုံရေးစိုးရိမ်မှုတိုး Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.