မူဆယ်မြို့ စစ်ကောင်စီ ကားတစီး မြောင်းထဲ ထိုးကျ၊ ဒဏ်ရာရသူရှိ


မေ (၆)ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ဖွေးဟုန်း မှ မင်္ဂလာ မူဆယ် အသွားလမ်းတွင် စစ်ကောင်စီ ၏ ကား တစ်စီး မြောင်းထဲ ထိုးကျသွားကြောင်း သတင်းရရှိသည်။

ယနေ့ မတ် (၆) ရက် မနက် ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီမှ မောင်းနှင်လာသည့် အိမ်စီးကား တစ်စီး လမ်းဘေးရှိ မြောင်းထဲ ထိုးကျသွားပြီး ထိခိုက်ဒဏ်ရာရ ရှိသူ ရှိကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။

“သူတို့ အမြန်မောင်းလာတယ်။ ထိုးကျတဲ့နေရာက လမ်းအကွေ့ဖြစ်ပြီး ကားဘီး တစ်ဖက်က ဘီးချောပြီး ပြုတ်ကျသွားတာ။ သူတို့ထဲက ပြင်းထန်တဲ့ဒဏ်ရာ တစ်ဦး ရသွားတာ တွေ့ရတယ်။ ကျန်တဲ့သူတွေတော့ အနည်းငယ်ပဲ ဒဏ်ရာ ရတာပါ။” ဟု မျက်မြင် တစ်ဦး ကပြောသည်။

အဆိုပါ မြောင်းထဲ ထိုးကျသွားသည့် စစ်ကောင်စီကားသည် ဆန္ဒပြ လူငယ်များကို လိုက်လံ ဖမ်းဆီးသည့် ကားဖြစ်ပြီး ယနေ့ မြို့ထဲ ကား (၅) စီးခန့် လှည့်ပတ်မောင်းနေကြကြောင်း သတင်းရရှိသည်။

“သူတို့ကား မြောင်းထဲ ကျသွားတဲ့ချိန်မှာ ပြည်သူတွေ တစ်ယောက်မှ သွားကူထုတ်တာမရှိဘူး။ သူတို့အချင်းချင်း ပြန်ဆွဲကြပြီး ချက်ချင်း ပြန်ထွက်သွားကြတယ်။” ဟု မျက်မြင်တစ်ဦး ကပြောသည်။

စစ်ကောင်စီမှ မူဆယ်မြို့တွင်းထဲ တစ်နေ့လျှင် ကား ၅ စီးခန့် ဆန္ဒပြလူငယ်များကို လိုက်လံ ဖမ်းဆီးပြီး တစ်စီးလျှင် (၁၀) ဦးခန့် ပါဝင်ကြောင်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ်မြို့ စစ်ကောင်စီ ကားတစီး မြောင်းထဲ ထိုးကျ၊ ဒဏ်ရာရသူရှိ မူဆယ်မြို့ စစ်ကောင်စီ ကားတစီး မြောင်းထဲ ထိုးကျ၊ ဒဏ်ရာရသူရှိ Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.