စလောင်းတပ်ရင် ထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ရုပ်သံလိုင်းတွေကို ဆက်လက် ထုတ်လွှင့်

ဂြိုဟ်တုစလောင်းတွေ တရားမ၀င် တပ်ဆင်ရင် ထောင်ချတဲ့ အထိ အရေးယူ ခံရနိုင်တယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက် လာပါတယ်။

တချို့ ဒေသတွေမှာ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေက စလောင်းတွေ လိုက်ဖြုတ်တာမျိုး တွေ ပြုလုပ်နေတာ သီတင်းပတ် အတန်ကြာ ရှိနေပြီ ဖြစ်ပြီး၊ အခု အခါမှာတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာကနေ ပြောလာတာ ဖြစ်ပါတယ်။

သတင်းစီးဆင်းမှု ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ဆတိုး လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ပြည်တွင်းပြည်ပ အကဲခတ်တွေက ဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီး ပြည်တွင်း အခြေစိုက် သတင်းဌာနတွေကို လိုင်စင် ပိတ်ပေမယ့်၊ လွတ်လပ်တဲ့ သတင်းဌာနတွေဟာ ရုပ်သံလိုင်းတွေကို ဆက်လက် ထုတ်လွှင့် နေတာမှာ ပြည်သူတွေ စလောင်းကနေ တဆင့် ဖမ်းယူ ကြည့်ရှုနိုင်တဲ့အပေါ် အာဏာသိမ်း စစ်တပ်က မလိုလားတာ ဖြစ်ပါတယ်။

တရားမ၀င် စလောင်းတွေကနေ ဖမ်းယူနိုင်တဲ့ သတင်းတွေဟာ နိုင်ငံ့လုံခြုံရေး ထိခိုက်စေတယ်၊ ဥပဒေစိုးမိုးမှုနဲ့ ရပ်ရွာအေးချမ်းမှု ပျက်ပြား စေနိုင်တယ်ဆိုပြီး စစ်ကောင်စီက ပြောနေပါတယ်။

မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိဖို့၊ မီဒီယာ အပေါ် ဖိနှိပ်တာတွေ၊ သတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီး တရားစွဲတာတွေ မလုပ်ဖို့ ရန်ကုန် အခြေစိုက် နိုင်ငံတကာ သံတမန်တွေ စုပေါင်းပြီး “ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ မေလ ၃ ရက်” အထိမ်းအမှတ် တောင်းဆိုထားချိန်မှာ စစ်ကောင်စီဘက်က သတင်းစီးဆင်းမှုကို ဆက်လက် ကန့်သတ် ထိန်းချုပ် နေတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

စလောင်းတပ်ရင် ထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်  စလောင်းတပ်ရင် ထောင်ချခံရနိုင်တယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.