ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ မလွတ်လပ်တဲ့ မြန်မာ့သတင်းသမားတို့ ဘဝ



Share/Bookmark

 

၂၀၂၁ မတ်လတုန်းက ရန်ကုန်ဆန္ဒပြပွဲတွေအတွင်း သတင်းဓါတ်ပုံယူနေသော အမျိုးသမီးဓါတ်ပုံ သတင်းထောက်  ငြိမ်းလေး (ဓါတ်ပုံ credit: Thant Lwan Wai Chit)

မေလ (၃)ရက်ကို ကမ္ဘာလုံးဆိုင်ရာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ် ။မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထား အကြမ်းဖက်ဖိနှိပ်နေတဲ့ကြားက သူတို့အနေနဲ့ စွန့်စွန့်စားစားသတင်းယူနေရကြောင်း အမျိုးသမီးဓါတ်ပုံ သတင်းထောက် ငြိမ်းလေးက ပြောပါတယ်။

ရန်ကုန်မှာ ဖေဖေါ်ဝါရီလ ကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေတဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေကို နိုင်ငံတကာသိအောင် သက်စွန့်ဆံဖျားရိုက်ယူခဲ့တဲ့ ငြိမ်းလေးရဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ညီမတို့ ဓါတ်ပုံ သတင်းထောက်တွေရဲ့ စွန့်စားမှုပေါ့၊ တကယ့်ကို ထိထိမိမိနဲ့ ဖော်ပြနိုင်အောင်လို့ပေါ့နော် အထူးကြိုးစားတာတွေ ရိုက်ချက်တွေပေါ့နော် ကမ္ဘာ့မီဒီယာတွေ သတင်းဌာနတွေမှာလည်းတွေ့ရပါတယ်၊ သူတို့လည်းဖော်ပြကြတယ်။ ညီမဆိုရင်အထူးသဖြင့် အမျိုးသမီးဓါတ်ပုံ သတင်းထောက်တယောက်အနေနဲ့ ဒီလို လုံခြုံရေးတပ်တွေ စစ်တပ်တွေက ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေတဲ့ကြားထဲက အဲလိုဓါတ်ပုံသတင်းတွေကိုရအောင် ဘယ်လိုယူသလဲရှင့် ဒီလို စွန့်စားပြီးတော့ပေါ့နော် အဲဒီအတွေ့အကြံု ပြောပြပါဦး။

ငြိမ်းလေး။ ။ မတ်လလောက်ကဆိုရင် ဆန္ဒပြတဲ့ပုံစံတွေက လူတွေက လမ်းထဲမှာ defense ပုံစံတွေလုပ်ပြီးတော့ သဲအိတ်တွေကာပြီးတော့ လမ်းတွေမှာ ပိတ်ပြီးတော့ အဲဒီနောက်မှာမှ ဆန္ဒပြတဲ့လူတွေရှိတယ်။ ပြီးရင် အဲဒီ သဲအိတ်တွေနောက်ဘက်မှာ defense လိုင်းတွေ ၁၊ ၂၊ ၃ အဲလိုမျိုးတွေ ထားထားတယ်။ ကျနော်ကတော့ ဓါတ်ပုံရိုက်တော့ အရမ်းကြီးလည်း ရှေ့မှာလည်း သွားနေလို့မရဘူး။ တော်ကြာသူတို့ဘက်ကနေပြီးတော့ ဖြိုခွဲတဲ့အခါကျရင် ကိုယ့်ဆီကို တန်းရောက်လာနိုင်တာလည်းဖြစ်နိုင်တဲ့အခါကျတော့ ထောင့်တထောင့်မှာနေပြီးတော့ စောင့်နေတယ်။ အဲဒီအချိန်မှာ အရှေ့ကလူတွေပြေးလာတာကိုလည်းရိုက်တယ်။ ပြီးရင် ဖြစ်နိုင်တယ်ဆိုရင် မြင်ရတယ်ဆိုရင် သူတို့ ပစ်တဲ့ဟာတွေကိုလည်း လှမ်းပြီးတော့ ရိုက်တယ်ပေါ့နော်။ ပြီးသွားတယ်ဆိုရင် ကျနော်တို့လည်း သူတို့နဲ့အတူတူ ပြေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မပြေးရင် ကိုယ့်ကိုလည်း ဖမ်းသွားမှာဆိုတော့လေ။

အင်ကြင်းနိုင်။ ။ ညီမဆိုရင် ဒီလောက်အကြမ်းဖက်ဖိနှိပ်ပြီးတော့ ဖြိုခွဲနေတဲ့ဟာ တော်တော်လေးလည်း အန္တရာယ်များတယ်။ အသက်အန္တရာယ်လည်း စွန့်စားရတဲ့အခါမှာ အမျိုးသမီး ဓါတ်ပုံသတင်းထောက် ဖြစ်တဲ့အတွက် အားသာချက်၊ အားနည်းချက်တွေရော ဘယ်လိုရှိသလဲ။

ငြိမ်းလေး။ ။ အကောင်းဘက်ကနေစပြောရမယ်ဆိုရင်တော့ ညီမဆိုရင် ကင်မရာ ၂ လုံးလွယ်ထားတာဖြစ်တဲ့အတွက်လေးတယ်ပေါ့နော်၊ တခါတလေ laptop ပါရင်ပါတယ်။ မပါဘူးဆိုရင် တခြားဟာတွေပါတယ်ဆိုတော့ တကယ်ပြေးတဲ့အချိန်မှာ အဲဒါတွေက weight များပြီ လူပြေးလို့မရအောင်ဖြစ်နေတာပေါ့နော်။ မတ်လကုန်လောက်က တာကေသမှာ သူတို့လုပ်တဲ့ ဆန္ဒပြပွဲမှာဆိုရင် သူတို့ crack down လုပ်တော့ ကျနော့်နားမှာ တော်တော်နီးနေပြီပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေပြေးလာတာအရမ်းမြန်တယ် ကိုယ်တွေကတော့ အဲလိုမျိုးမဟုတ်ဘူး။ သေသေချာချာ train ထားတာလည်း မဟုတ်ဘူး camera တွေလည်းပါနေတော့ လေးပြီးတော့ တော်တော်နဲ့မသွားနိုင်ဘူး အဲဒီအချိန်မှာ ဒီအတိုင်းဆန္ဒပြနေတဲ့သူ ကိုယ်နဲ့ အတူတူပြေးနေတဲ့သူတယောက်က အမ လာလာ ပြေးပြေး ဆိုပြီးတော့ ကျနော်ကိုင်ထားတဲ့ ကင်မရာတလုံးကို အတင်းတောင်းပြီးတော့ ၊ ကျနော်သယ်ပေးမယ် ကျနော်နဲ့အတူတူပြေးမယ်ဆိုပြီးတော့ ကိုယ်လေးနေတာကို သူပါထမ်းပြီးတော့ ကိုယ်နဲ့အတူတူ လိုက်ပြေးတာမျိုးတော့ ရှိတယ်ပေါ့နော်။ မကောင်းတာကတော့ ဘယ်လိုလဲဆိုတော့ ခုနပြောတဲ့ Defense လိုင်းမှာဆိုရင်တော်တော်များများက ယောကျင်္ားလေးတွေပဲ ရှိတယ်ပေါ့နော်။ သူတို့က ပြီးတော့ ကြွေးကြော်သံတွေ အော်နေတယ် ၊ အော်နေရင်းနဲ့ မဆိုင်တဲ့သူတွေဆိုရင် အနောက်ကိုသွားပေးပါဆိုပြီးတော့ မိန်းကလေးတွေဆိုရင် အနောက်မှာ နေပေးပါပေါ့ ။ ဆိုတော့ အဲဒါကြီးကတော့ ယောင်္ကျားလေးနဲ့ မိန်းကလေးရဲ့ ခွဲခြားဆက်ဆံမှု နည်းနည်းများတယ်ပေါ့နော်။ တော်တော်လေး သိပ်သဘောမကျဘူးပေါ့နော် မိန်းကလေးဖြစ်နေလို့ ကျနော်အရှေ့မှာ နေလို့မရဘူးလားပေါ့။

အင်ကြင်းနိုင်။ ။ အခုဆိုရင် စစ်ကောင်စီက သတင်းသမားတွေကို တော်တော်လေး ဖိနှိပ်တဲ့နေရာမှာ အိမ်တွေကိုလိုက်ပြီးတော့ ဖမ်းတာလည်းရှိတယ်။ ညီမကိုယ်တိုင်လည်း လုံခြုံရေးအရ တော်တော်စိုးရိမ်နေရတဲ့အခြေအနေရှိတော့ အခု စစ်ကောင်စီက သတင်းထောက်တွေ ၊ သတင်းသမားတွေကို ဖိနှိပ်နေတဲ့ အခြေအနေက ဘယ်လောက်အထိ ဆိုးရွားနေသလဲရှင့်။

ငြိမ်းလေး။ ။ ဘယ်လောက်အထိ ဖိနှိပ်နေသလဲဆိုရင် ကျနော်တို့ အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို သတင်းသမားလို့ မထင်ရလောက်အောင်ကို အဝတ်အစားကအစ ကင်မရာကအစ လုံးဝမထုတ်ပဲနဲ့ကို အပြင်ထွက်ပြီးတော့ သတင်းယူနေရတယ်ပေါ့နော်။ ပြီးသွားရင် ကိုယ်တိုင်ကလည်း တနေရာရာမျာ အချိန်အကြာကြီးမနေရဲတာတို့ အဲလိုမျိုး စိတ်ပူတာတို့ ၊ စိတ်ထဲမှာ လန့်နေတာတို့ အဲလိုမျိုး လန့်နေရတာပေါ့နော်။ ဘယ်နေ့များ ကိုယ့်ကို လာဖမ်းလိုက်မလဲဆိုတဲ့အတွေးနဲ့ပေါ့နော်။

အင်ကြင်းနိုင်။ ။ အကျဉ်းထောင်တွေထဲမှာ သတင်းသမားတွေကို ဖမ်းဆီးထားတာ ၊ အဲဒါနဲ့ ပတ်သက်လို့ ညီမတို့ ဘာကြားသလဲ။

ငြိမ်းလေး။ ။ ဘာကြားသလဲဆိုတော့ အဲဒီအထဲမှာ အခုရောက်နေတာ အယောက် ၇၀ ကျော်ပေါ့ ။ အဲဒီအထဲက တဝက်လောက်နီးပါးကို သူတို့ တရားစွဲထားတယ်ပေါ့နော်။ ရောက်တဲ့အထဲမှာလည်း ကျနော်နဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတယောက်လည်းပါတယ်။ သူကလည်း အခုအထိ ရုံးချိန်းတွေနဲ့ပေါ့။

အင်ကြင်းနိုင်။ ။ ကိုယ်တိုင်လည်း အခု သတင်းယူနေတဲ့အခါကျတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုက ဘယ်လောက်အချိန်အထိ သွားနိုင်မလဲ၊ သတင်းသမားတွေရော အဲဒီအတွက် ဘယ်လိုတွေ ပြင်ဆင်ထားသလဲပေါ့။

ငြိမ်းလေး။ ။ ကျနော့်အနေနဲ့ဆိုရင်တော့ ကျနော်ကတော့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အရမ်းကြီးတော့ သိပ်မသိပေမယ့်လည်း ဆက်ဖြစ်လာတဲ့အခြေအနေမှာ မူတည်ပြီးတော့ ကိုယ်တိုင်က သတင်းရရင် ရသလို ရအောင်လည်းယူမယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်ကလည်း သတင်းက ဓါတ်ပုံက အပြင်မှာ ထွက်မရိုက်နေရဘူးဆိုရင် အိမ်ထဲမှာ နေနေရတယ်ဆိုရင် အချိန်တွေကြာလာတယ်ဆိုရင် သဘောမကျဘူးလေ။ သတင်းသမားဆိုတော့ အမြဲတမ်း သတင်းကို ဆာလောင်နေတာပေါ့နော် အဲဒါဆိုတော့ ထွက်ရိုက်လို့ရပြီဆိုတာနဲ့ ထွက်ရိုက်မှာပေါ့။


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-photo-journalist-interview-/5877267.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ