စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု အရပ်သား သုံးဦး သေဆုံး



နိုင်ငံအနှံ့က ဆန္ဒပြပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ၂၄ နာရီအတွင်း သေဆုံးတဲ့ အရပ်သား အနည်းဆုံး သုံးယောက်ရှိပြီး ဒဏ်ရာရသူ တစ်ယောက်နဲ့ ဖမ်းဆီးခံရသူ သုံးယောက်ရှိခဲ့ပါတယ်။ သေဆုံးသွားသူတွေကတော့ မန္တလေးမြို့နဲ့ ပြည်မြို့ကဖြစ်ပြီး MMA လက်ဝှေ့သမား ဖိုးသော် ဆိုရင်လည်း ဗုံးပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရတဲ့ကြားထဲကပဲ အဖမ်းခံထားရပါတယ်။

ပဲခူးတိုင်းအနောက်ဘက် ပြည်မြို့ နဝင်းကွက်သစ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ကိုအောင်ခိုင် မြင့် ကို မေလ ၄ ရက်နေ့ညမှာ စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့နောက် မေလ ၅ ရက်နေ့မှာတော့ မိသားစုဝင်တွေ ကို အလောင်းအတည်ပြုဖို့လာခေါ်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

သေဆုံးနေတဲ့ ရင်ခွဲပြီးသားအလောင်းကို ရွှေတောင်မြို့ ကုတင် ၁၀၀၀ ဆေးရုံမှာ မိသားစုက တွေ့ခဲ့ရပေမယ့်၊ အလောင်းပြန်မပေးပဲ သူတို့ဘာသာ သင်္ဂြိုဟ်ပေးမယ်လို့ပဲ ပြောတယ်လို့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတင်္ယ။

ကိုအောင်ခိုင်မြင့်ဟာ ဖမ်းလာတုန်းလမ်းမှာ ကားပေါ်က ခုန်ချရာကနေ သေဆုံးသွားတယ်ဆိုပြီး မိသားစုဝင် တွေကို စစ်တပ်က ပြောတယ်လို့လည်း ဆိုပါတယ်။

ကိုအောင်ခိုင်မြင့်ဟာ ရန်ကုန်မှာနေပြီး သင်္ကြန်ကာလမှာ ဘုန်းကြီးဝတ်ဖို့ မိသားစုဆီပြန်နေရင်း ပြည်မြို့က အင်းဝဘဏ် ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးအသတ်ခံလိုက်ရတာဖြစ်ပါတယ်။

လူမှားဖမ်းခံရပြီး သေဆုံးတဲ့ကိစ္စကို သတင်းအချက်လက် ပြည့်ပြည့်စုံစုံ ဥပဒေအထောက်ကူပြုအဖွဲ့ကနေ စုံစမ်းနေပြီး NUG အစိုးရအောက်က လူ့အခွင့်အရေးဝန်ကြီးဌာနကို အစီရင်ခံပေးပို့သွားဖို့ရှိတယ်လို့ ပဲခူးတိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ပြောပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ထဲက အလုပ်သမားဆေးရုံကြီးကနေ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်လာတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးနှစ်ယောက်ကို စစ်တပ်ကပစ်လိုက်လို့ သေနတ်ကျည်ထိမှန်ပြီး တစ်ယောက်သေဆုံးပြီး၊ တစ်ယောက်ဒဏ်ရာရသွားတယ်လို့ ကိုယ်တိုင်တွေ့သူတွေက RFA ကို ပြောပါတယ်။

မော်တော်ဆိုင်ကယ်သမားတစ်ယောက်က လက်သုံးချောင်းထောင်ပြီး ဖြတ်သွားတာကို စစ်တပ်က သေနတ်နဲ့ လေးချက်ပစ်ခဲ့ရာက အဲဒီဆိုင်ကယ်ကိုမထိဘဲ ဆေးထိုးပြီး ပြန်ထွက်နှစ်ယောက်ကို ထိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ယောက်က RFA ကိုပြောပါတယ်။

သေနတ်ကျည်ဆံထိမှန်ခဲ့တဲ့ နှစ်ယောက်မှာ အမျိုးသမီးကတော့ မျက်လုံးအောက်ကနေ ဦးနှောက်ထဲထိ သေနတ်ကျည်ဆံထိမှန် သေဆုံးသွားတာကြောင့် အလောင်းကို နန်းတွင်းစစ်ဆေးရုံပို့ထားပြီး အမျိုးသား ကတော့ ဘယ်ဘက်မေးရိုးအောက်မှာ ကျည်ထိမှန်ခဲ့တာကြောင့် အပြင်ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ကာကွယ်ဆေးတွေကို မြို့တော်ခန်းမ၊ သံဃာ့ဆေးရုံနဲ့ အလုပ်သမားဆေးရုံတွေမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက ထိုးပေးနေတာဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ Utopia Tower မှာ မေလ ၅ ရက် မနေ့ညက ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး အဲဒီတာဝါမှာ လက်ဝှေ့သင်တန်းနဲ့ အားကစားခန်းမအဖြစ် GYM ဖွင့်ထားတဲ့ MMA လက်ဝှေ့သမား ဖိုးသော် ဗုံးထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရထားတဲ့ ဖိုးသော်ဟာ မြောက်ဥက္ကလာပဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်မှာပဲ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေက ဒီနေ့မနက်အစောပိုင်း လာရောက်ဖမ်းဆီးသွားတယ်လို့ ဖိုးသော်နဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

ဖိုးသော်ရဲ့အိမ်ကိုလည်း စစ်တပ်တွေက ဝင်ရှာပြီး အိမ်မှာရှိတဲ့ လူနှစ်ယောက်ကိုပါ ဖမ်းသွားတယ်လို့ ဆိုပါတယ်။ MMA လက်ဝှေ့သမား ဖိုးသော်ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့သူ ဖြစ်သလို၊ လက်ရှိမှာ သူ့ကို ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမအနောက်ဘက် မှန်တောင်ဆိုတဲ့ တောင်ကြားနားမှာ မေလ ၆ ရက်ဒီနေ့ မနက်က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ စစ်ကောင်စီရဲ့ကားတစ်စီး မီးလောင်နေတာတွေ့ရပြီး နှစ်ဖက်အထိအခိုက်ကျဆုံးတာ တွေရှိပေမယ့် တိတိကျကျတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံက ပြောပါတယ်။

ကနီမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေတာ၊ ဖျက်ဆီးတာနဲ့ ဖမ်းဆီးတာတွေ နေ့စဉ်နီးပါးလုပ်နေတာကြောင့် စစ်ကောင်စီတပ်တွေ ဝင်ချိန်ဆိုဒေသခံတွေက ရှောင်နေရတယ်လို့ ဆိုပါ တယ်။

ဒီအတောအတွင်းမှာပဲ ဒီနေ့မှာတော့ ရန်ကုန်မြို့၊ မန္တလေးမြို့၊ အပါအဝင် မြို့နယ်တော်တော်များများမှာ စစ်ကောင်စီလက်အောက်မှာ ကျောင်းပြန်မတက်ကြဖို့ ဆန္ဒပြလှုပ်ရှားမှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ ဆက်ရှိနေ ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၅၀ ကျော် နေပြီဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ ဒီနေ့ အချိန်ထိ အဖမ်းခံထားရတဲ့သူ ၃၆၀၀ ကျော်နေပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူ ၁၄၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

RFA Burmese



စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု အရပ်သား သုံးဦး သေဆုံး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု အရပ်သား သုံးဦး သေဆုံး Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.