စစ်ကောင်စီတပ်ဖွဲ့ကြောင့် ပျက်စီးသွားတဲ့အင်ဂျင်နီယာရည်မှန်းချက်

တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြစ်နေတဲ့ ကိုလျှံဖြိုးအောင်ကို သေဆုံးပြီအမှတ်နဲ့ ကားပေါ်က ထမ်းချပြီး စစ်ဆေးရုံမှာထားခဲ့

ကိုလျှံဖြိုးအောင်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် ညာဘက်လက်တစ်ဖက်ပြတ်၊ ညာဘက်မျက်လုံးတစ်ဖက် ကွယ်သွားရသလို ဘယ်ဘက်ခြေထောက်ကိုလည်း ရာဘာကျည်တွေနဲ့အနီးကပ်ပစ်ခံထားရလို့ လမ်းတောင်ကောင်းကောင်းလျှောက်မရတဲ့ အခြေအနေမှာ ရှိနေပါတယ်

တစ်လကျော်ကြာ ဒီဒဏ်ရာတွေကို မကွေးစစ်ဆေးရုံမှာ ကုသထားရပြီး နာလန်ပြန်မထူနိုင်သေးပေမယ့် မနက်ဖြန် မေ ၆ ရက်မှာ သူ့ကိုစွဲဆိုထားတဲ့ ၅၀၅ က အမှုအတွက် ဝှီးချဲနဲ့ သွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။

မတ်လ ၂၇ ရက်မှာ နိုင်ငံတဝန်းဆန္ဒပြပွဲတွေအတွင်း ပစ်ခတ်နှိမ်နင်းလို့ သေဆုံးရသူ တစ်ရာကျော်ရှိခဲ့တဲ့ထဲမှာ ကိုလျှံဖြိုးအောင်တစ်ယောက်တော့ မပါဝင်ပေမယ့် သူ့ရဲ့ အဓိကကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတော့ ကြီးကြီးမားမား ဆုံးရှုံးခဲ့ရပါတယ်။

မင်းတို့အမေစုကိုခေါ်လေ၊ ခုတော့ ဘာတက်နိုင်သေးလဲ လို့ လှောင်ပြောင်

အာဏာသိမ်းပြီးတည်းက သွေးအစွန်းဆုံးနေ့အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မတ်လ ၂၇ ရက်နေ့မှာ နိုင်ငံတဝန်း ပစ်ခတ်နှိမ်နင်းသေဆုံးရသူပေါင်းက တစ်ရာကျော်ရှိခဲ့တာပါ။

အဲဒီနေ့မှာ စစ်အာဏာသိမ်းမှုကို တခဲနက်ဆန့်ကျင်ကြဖို့ ဆော်သြတိုက်တွန်းမှုတွေရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ဆန္ဒပြပွဲတွေကို လူတောင်စုမရအောင် အင်အားသုံးပစ်ခတ်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

မကွေးမှာလည်း မတ် ၂၇ ရက်မနက် ၆ နာရီလောက်မှာ ဆန္ဒပြဖို့ လူစုနေသူတွေထံ စစ်ကောင်စီ တပ်တွေက ရုတ်တရက်ရောက်ရှိလာပြီး လူစုခွဲ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် လဲကျနေတဲ့ သူ့ကို ဝိုင်းဝန်းရိုက်နှက်ပြီး သေနတ်နဲ့ပစ်ခတ်နေတဲ့အချိန် သူ့ကို ဝိုင်းဝန်းကာကွယ်ပေးသူလူငယ်တချို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။

ပေါက်ကွဲမှုကြောင့် လဲကျနေတဲ့ သူ့ကို ဝိုင်းဝန်းရိုက်နှက်ပြီး သေနတ်နဲ့ပစ်ခတ်နေတဲ့အချိန် သူ့ကို ဝိုင်းဝန်းကာကွယ်ပေးသူလူငယ်တချို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။

အဲဒါကြောင့် ကိုလျှံဖြိုးအောင်လည်း နီးစပ်ရာကို ပြေးပြီး ရှောင်ဖို့ ကြိုးစားချိန်မှာ ပစ်ခတ်ခံလိုက်ရပါတယ်။ အဲဒီနေ့က သူ ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့ပုံ၊ ဖမ်းဆီးခံခဲ့ရပုံကို ကိုလျှံဖြိုးအောင်နဲ့ ဖြစ်စဉ်မှာအတူရှိခဲ့တဲ့သူက ဘီဘီစီကို ခုလိုပြောပါတယ်။

"ကိုလျှံဖြိုးအောင်အနီးကို ဗုံးလို့ ယူဆရတဲ့ ဟာတစ်ခု ကျလာတယ်။ အဲဒီဟာကြောင့် ညာ ဘက်လက်ကို ထိသွားတယ်။ ထိသွားတဲ့အချိန်မှာ သူဒဏ်ရာရထားတဲ့ အဲဒီလက်ကို ခြေထောက်နဲ့ ထပ်နင်းတယ်။ အဲဒီမှာတင် လုံးလုံးကို ပြတ်သွားတယ်။ အဲဒီအချိန်မှာ ထပ်ပြီး ရိုက်တယ်။ ဘယ်ဘက်ခြေထောက်ကို ရာဘာကျည်ပေါ့။ သူတို့ကတော့ ရာဘာကျည်လို့ပြောတယ်။ အဲဒါတွေနဲ့တည်ပြီး အချက်ပေါင်းများစွာ ပစ်တယ်။ ပြီးတော့ ပြောင်တာပေါ့ဗျာ။ 'မင်းတို့အမေစုကိုခေါ်လေ။ ခုတော့ ဘာတက်နိုင်သေးလဲ' ဆိုပြီးပြောတယ်။ ပြီးတော့ နံပါတ်တုတ်နဲ့ ရိုက်ချလိုက်တာ။ မေးရိုးကွဲသွားတယ်။ ကားပေါ်တက်ခါနီးမှာ မျက်လုံးနားကို သေနတ်ဒင်နဲ့တစ်ချက်ရိုက်လိုက်တာ။ သူ့ရဲ့ညာဘက်မျက်ခိုးရိုးကွဲပြီး မျက်လုံးက သွေးယိုစီးမှုများပြီး ညာဘက်မျက်လုံးက ကွယ်သွားတယ်" အခု ဒီလ ၂၅ ရက်မှာ အော်ပရေးရှင်းဝင် ကြည့်မယ် လို့တော့ပြောတယ်။ ဒါပေမဲ့ ၅၀: ၅၀ ပေါ့။ မသေချာဘူးလို့ စစ်ဆေးရုံက ပြောပါတယ်" လို့ အဲဒီနေ့က အဖြစ်အပျက်ကို သူက ပြောပြပါတယ်။

ပေါက်ကွဲမှုကြောင့် လဲကျနေတဲ့ ကိုလျှံဖြိုးအောင်ကို ဝိုင်းဝန်းရိုက်နှက်ပြီး သေနတ်နဲ့ပစ်ခတ်နေတဲ့အချိန် သူ့ကို ဝိုင်းဝန်းကာကွယ်ပေးသူလူငယ်တချို့လည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြပါတယ်။

အဲဒီနေ့က ကိုလျှံဖြိုးအောင်နဲ့အတူ ၃၇ ဦး ဖမ်းဆီးခံလိုက်ရပြီး ဒဏ်ရာကြီးကြီးမားမားရသွားသူကတော့ သူတစ်ယောက်ပဲရှိခဲ့ပါတယ်။

သေတွင်းကလွတ်လာသူကို ၅၀၅-က စောင့်ကြိုနေ

ကိုလျှံဖြိုးအောင်ဟာ အဲဒီနေ့တည်းက ဖမ်းဆီးခံရပြီး မကွေးမြို့ ၁၆/၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရစဉ်ရရှိတဲ့ဒဏ်ရာတွေကြောင့် တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြစ်နေတဲ့သူ့ကို သေဆုံးပြီအမှတ်နဲ့ ကားပေါ်က ထမ်းချပြီး စစ်ဆေးရုံမှာ ထားခဲ့ပါတယ်။

"သေလူအဖြစ် အဲဒီလို ထားခဲ့တာကို ဒီ စစ်ဆေးရုံမှာ ရှိတဲ့ဆရာဝန်တွေက အသက်ရှင်နိုင်သေးတယ်ဆိုပြီး သေချာလေးကုသပေးပါတယ်။ အရေးပေါ် အမြန်ခွဲစိတ်ပြီး ကုသပေးလို့ မတ် ၂၈ ရက်နေ့ ညနေလည်းကျရော ပြန်သတိရလာတယ်။ ဧပြီ ၁၂ ရက်နေ့ကျတော့ သူ့ဆီကို တရားသူကြီးရယ်၊ ရှေ့နေ တစ်ယောက်ရယ်၊ ရဲတစ်ယောက်ရယ် လာပါတယ်။ ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်လိုက်ပြီ။ အဲဒီတော့ မင်း ဧပြီ ၂၆ ရက်နေ့ ရုံးချိန်းရှိတယ်ဆိုပြီး စာပေးပါတယ်" လို့ နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီ ၂၆ ရက်ရုံးချိန်းကို တက်ဖို့အတွက် ကိုလျှံဖြိုးအောင်ရဲ့ အခြေအနေက ဆေးရုံကုတင်ပေါ်ကနေတောင် မထနိုင်တဲ့အခြေအနေမှာရှိနေခဲ့တာပါ။ ဒါကြောင့် စစ်ဆေးရုံက ဆရာဝန်လက်မှတ်နဲ့ နောက်တစ်ကြိမ် ရုံးချိန်းကို ရွှေ့ခွင့်တောင်းခံခဲ့တာကြောင့် မေ ၆ ရက်နေ့မှာ သူ့အမှုကိုပထမဆုံးစတင် ရုံးထုတ် စစ်ဆေးဖို့ရှိနေတာဖြစ်ပါတယ်။

"ဖမ်းခံရပြီးတည်းက အိပ်ရာပေါ်လဲနေတော့ အမှုအခြေအနေလည်း သိချင်လို့ ရုံးချိန်းကိုတော့ ထမ်းစင် ဒါမှမဟုတ် ဝှီးချဲနဲ့ တက်ဖို့ စီစဉ်ထားပါတယ်။ ခု သူတို့ဘက်ကပြောလာပုံအရ မမြသွဲ့သွဲ့ခိုင်တုန်းကလိုပဲ မင်းတို့ဘက်က ပစ်လို့ အချင်းချင်းပြန်ထိတာဆိုပြီး ပြောတာတွေရှိလာနေတယ်" လို့ အမှုအခြေအနေကို သူက ပြောပြပါတယ်။

ကိုလျှံဖြိုးအောင်ကို စစ်ဆေးရုံမှာ ရဲအစောင့်နဲ့ အကျယ်ချုပ်ထားပြီး ဆေးရုံက ဂရုတစိုက် ကုသပေးသလို မိသားစုနဲ့လည်း တစ်နေ့ကို နှစ်ဦးနှုန်း တွေ့ခွင့် ပေးပါတယ်။ စစ်ဆေးရုံမှာ လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေ အတွက် အခကြေးငွေပေးစမရာမလိုဘဲ ဆေးဖိုးဝါးခတွေအတွက်တော့ ကျခံပေးရတာတော့ရှိပါတယ်။

ကိုလျှံဖြိုးအောင်ရင်ဆိုင်ရမယ့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅-က ပြစ်ဒဏ်ကို စစ်ကောင်စီက ပြင်ဆင်လိုက်တာကြောင့် အမြင့်ဆုံးထောင် ၃ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ပျက်စီးသွားတဲ့အင်ဂျင်နီယာရည်မှန်းချက်

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာမသိမ်းခင်မှာ ကိုလျှံဖြိုးအောင်ရဲ့လူငယ်ဘဝဟာ ပေါ့ပါးလွတ်လပ်မှုအပြည့်နဲ့ အနာဂတ်ရည်မှန်းချက်တွေလည်း တစ်သီကြီးနဲ့ရယ်ပါ။

မွေးချင်းသုံးယောက်အနက် အလတ် ဖြစ်တဲ့ သူဟာ ဒုတိယနှစ် (မြို့ပြအင်ဂျင်နီယာဘာသာရပ်) ဂျီတီအိုင်ကျောင်းသားတစ်ယောက်ဖြစ်ပြီး နောက်ထပ် ကျောင်းတစ်နှစ်တက်ပြီးတာနဲ့ ဘွဲ့ရပြီး သူဝါသနာပါတဲ့အတတ်ပညာနဲ့ အသက် မွေးဝမ်းကျောင်းအလုပ်ကို စဖို့လည်း တစ်ဖက်မှာ ပြင်ဆင်ထားသူပါ။

ကိုလျှံဖြိုးအောင်ဟာ မျက်စိတစ်ဖက်၊ လက်တစ်ဖက်ဆုံးရှုံးထားရသလို ရာဘာကျည်နဲ့အနီးကပ်တည်ပစ်ခံရတဲ့ဘယ်ခြေရော ညာဘက်ခြေထောက်ပါ ဒဏ်ရာတွေ ရရှိထားပါတယ်။

"သူက ဖုန်းဆိုင်လေးလည်း ဖွင့်ထားတယ်။ ကိုဗစ်တွေပြီးရင် ကျောင်းပြန်တက်ရမယ်ပေါ့။ ပြီးတော့ တက်ထားတဲ့ပညာနဲ့ ကန်ထရိုက် (ဆောက်လုပ်ရေးလုပ်ငန်းတွေ) တွေဘာတွေရှိရင်လည်း တာဝန်ခံ အင်ဂျင်နီယာ (အသေးအမွှားလေးပေါ့နော်) ကန်ထရိုက်အကြီးကြီးတွေ တော့မဟုတ်ဘူးပေါ့။ အဲဒီလိုမျိုး လေးတွေလုပ်ပါတယ်။ ပြောရရင်တော့ သူက ကျောင်းတော့ ပြန်တက်ချင်ပါတယ်။ ဒါပေမဲ့ ခု ပြတ်သွားတာ ညာဘက် လက်ဆိုတော့ စာရေးဖို့၊ ပုံဆွဲဖို့၊ ဘယ်လိုလုပ်ရမလဲပေါ့။ ဘယ်ဘက်လက်နဲ့ လုပ်ကြည့်တာ တော်တော် ကိုမလွယ်ဘူးဖြစ်နေတယ်" လို့ ဝေဝါးသွားပြီဖြစ်တဲ့ သူ့ရဲ့ ရှေ့အနာဂတ်နဲ့ ပညာသင်ယူမှု အခွင့်အလမ်းနဲ့ပတ်သက်ပြီး ကိုလျှံဖြိုးအောင်ရဲ့လက်ရှိအခြေအနေကို သူက ပြောပါတယ်။

အင်ဂျင်နီယာဘာသာရပ်ထဲမှာလည်း တွက်တာချက်တာတွေထက် ဗိသုကာဘာသာရပ်ကို ပိုစိတ်ဝင်စားပြီး ဒီဇိုင်းတွေဆွဲရတာ ပိုပျော်မွေ့တဲ့ ကိုလျှံဖြိုးအောင်ဟာ ကျောင်းပြီးတဲ့အခါ နိုင်ငံရပ်ခြားမှာ ဗိသုကာနဲ့ ဒီဇိုင်းပိုင်းကိုပါ သွားရောက်သင်ကြားဖို့ ရည်မှန်းထားသေးတာပါ။

ဒါပေမဲ့ ခုအခြေအနေအရတော့ ဒီရည်မှန်းချက်တွေလည်း ဖြစ်လာဖို့ ရာခိုင်နှုန်းအတော်နည်းသွားပြီလို့ သူက ဆိုပါတယ်။ ဒါ့အပြင် သူဟာ မျက်လုံးနှစ်ဖက်လုံး ကွယ်သွားနိုင်တဲ့အခြေအနေကိုပါ ရင်ဆိုင်နေရပါပြီ။

"သူ့ကို တရားစွဲတာတွေ မပူပါဘူး။ အဓိက က ဒဏ်ရာတွေ ပြန်ကောင်းဖို့ပါပဲ။ အခု မျက်လုံးက ညာဘက်ကို မကုဘူးဆိုရင် ဒဏ်ကြောင့် ဘယ်ဘက်ကို ကူးနိုင်ခြေရှိတယ်တဲ့။ မျက်လုံးကကျတော့ ဒီစစ်ဆေးရုံမှာ ကုလို့မရဘူးဗျ။ မျက်စိအထူးကုက စစ်ဆေးရုံမှာ မရှိဘူး။ အဲဒီတော့ သူက ရဲနဲ့ မိသားစုနဲ့ အပြင်မှာ သွားပြရတာ။ အဲဒီအချိန်မှာ သူတို့ပြောတာကတော့ ခွဲစိတ် ရမယ်ပေါ့။ ဒါပေမဲ့ သူတို့ဆေးရုံမှာ ခွဲရင် စစ်ဆေးရုံကလည်း ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီတော့ လောလော ဆယ်က အမှုပြီးသွားမှပဲ သူ့မျက်လုံးက ခွဲစိတ်လို့ ရမယ့်အခြေအနေဖြစ်နေ ပါတယ်။ အဓိကက သူ မျက်လုံးလေးခွဲချင်ပါတယ်" လို့ ပြောပါတယ်။

ဘယ်တော့မှနောင်တမရဘူး

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ လမ်းပေါ်ထွက်ဆန့်ကျင်ဆန္ဒပြတွန်းလှန်ခဲ့တဲ့အထဲမှာ အသက် ၂၃ နှစ်အရွယ် ကိုလျှံဖြိုးအောင်တို့လို Gen Z တွေက အများဆုံး ဦးဆောင်ခဲ့တာပါ။

ဒီအရေးတော်ပုံမှာပါဝင်လို့ အသက်ဆုံးရသူပေါင်း ရာနဲ့ချီရှိသလို အဲဒီလိုအသက်သေဆုံးရသူတွေထဲ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၄၀ ကျော်နဲ့ ကိုလျှံဖြိုးအောင်တို့လို Gen Z အရွယ် လူငယ်တွေလည်း များစွာပါဝင်နေတာပါ။

အဲဒီလို အသက်မသေဆုံးရင်တောင်မှ ပစ်ခတ်ခံရလို့ ကိုလျှံဖြိုးအောင်လို ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်စီးဆုံးရှုံးရတဲ့သူတွေလည်းရှိနေပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရင်းကိုယ်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ဟာ အသက် ၂၃ နှစ်ပြည့်တော့မယ့် Gen Z တစ်ဦးပါ။

ကိုလျှံဖြိုးအောင်ဟာ လူတစ်ယောက်မှာအရေးကြီးဆုံးလို့ ပြောရမယ့် တစ်စုံစီပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအနက် မျက်စိတစ်ဖက်၊ လက်တစ်ဖက်ဆုံးရှုံးထားရသလို ရာဘာကျည်နဲ့အနီးကပ် တည်ပစ်ခံရလို့ ဘယ်ခြေတစ်ချောင်းကလည်း လမ်းတောင်ကောင်းကောင်းမလျှောက်နိုင် သေးတဲ့ အခြေအနေပါ။

ဒါပေမဲ့ ကိုလျှံဖြိုးအောင်ဟာ အဲဒီဒဏ်ရာတွေကြောင့် စစ်အာဏာရှင်တော်လှန်ဆန့်ကျင်ရေး တွန့်ဆုတ်သွားမှာမဟုတ်သလို ဘယ်တော့မှနောင်တမရဘဲ ဂုဏ်လည်းယူတယ်လို့ အမြဲမပြတ်ပြောနေတတ်သူပါ။

"အရင်ကတော့ သာမန်ကျောင်းသားတစ်ယောက်ပါပဲ။ ဒီတိုင်းလေးပဲ ဖြတ်သန်းခဲ့တာ။ ဒါပေမဲ့ ကိုယ့်ရဲ့လွတ်လပ်မှုအတွက် ကိုယ်တိုက်ယူရတာဖြစ်လို့ ဒီလိုအခြေအနေဖြစ်ရတဲ့အပေါ် ကိုယ်လုပ် ထားတဲ့လုပ်ရပ်အတွက် နောင်တမရဘူး။ ဝမ်းသာဂုဏ်ယူပါတယ်။ မိသားစုကလည်း အားပေးပါတယ် " လို့ သူကဆိုပါတယ်။

အမှုပြီးသွားရင် မိဘမဲ့ကလေးငယ်တွေနဲ့ အခြေအနေမဲ့ကလေးတွေကို ကူညီစောင့်ရှောက်ဖို့ မကွေးမှာ သူ့နာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခု တည်ထောင် ဖွင့်လှစ်လိုပြီး ကျောင်းပညာရေးကိုလည်း ရနိုင်သမျှ ဆက်ပြီးကြိုးစားမယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းထားတဲ့ သုံးလအတွင်း ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း သေဆုံးသူ ၇၆၉ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၆၀၀ ကျော်နဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ၁၄၃၈ ဦးရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မေ ၄ ရက် နောက်ဆုံးထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်းသေဆုံးသူ ၂၀၀ ကျော်သာရှိပြီးအများစုဟာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ရန်ပြုတာကြောင့်လို့ ဆိုပြီး AAPP ရဲ့ ကြေညာချက်တွေကိုတော့ ပယ်ချထားပါတယ်။

လက်ရှိ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်းမှုတွေ လည်း ဆက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း တိုင်းပြည်ကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေသလို စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဝန်ထမ်းတွေရဲ့ ရုံးမတက်ရေးအာခံဖီဆန်လှုပ်ရှားမှု CDM လှုပ်ရှားမှုတွေလည်း ဆက်လက်ရှိနေဆဲပါ။

တိုင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားအများစု ပုံမှန်ပြန်လည်ပတ်နိုင်ခြင်းမရှိသေးတာအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ အရင်ကထက်ပိုပြီး ပြင်းပြင်းထန်ထန် ပြန်ဖြစ်လာနေပါတယ်။

ဒါကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ကျဆုံးနိုင်ငံတစ်ခုသဖွယ် ဦးတည်လာနေတယ်လို့ သုံးသပ်မှုတွေရှိလာပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ယိုယွင်းသွားတဲ့ နိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ကိုလျှံဖြိုးအောင်ရဲ့ သဘောထားကို သူက အခုလိုမျှဝေပါတယ်။

"အခုဖြစ်နေတဲ့ အခြေအနေတွေကို လူငယ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် မသတ်မဖြတ်တဲ့အစိုးရကိုလိုချင်တယ်။ ကျွန်တော်တို့ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်အိမ်မှာ အေးအေးဆေးဆေးနေချင်တယ်။ ဒါတွေ အမြန်ဆုံးပြီးချင်တယ်။ အဲဒီအတွက် ကျွန်တော်တို့အားလုံး တက်နိုင်တဲ့ဘက်က မရရအောင် တိုက် ထုတ်ဖို့လိုမယ် လို့ ပြောချင်ပါတယ်"


BBC Burmese

https://www.bbc.com/burmese/burma-56994368

စစ်ကောင်စီတပ်ဖွဲ့ကြောင့် ပျက်စီးသွားတဲ့အင်ဂျင်နီယာရည်မှန်းချက်  စစ်ကောင်စီတပ်ဖွဲ့ကြောင့် ပျက်စီးသွားတဲ့အင်ဂျင်နီယာရည်မှန်းချက် Reviewed by THITHTOOLWIN on 19:44 Rating: 5

No comments:

Powered by Blogger.