အခြေခံပညာက ရာထူးထုတ်ပယ်ခံဆရာဆရာမတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီ ညွှန်ကြား

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အခြေခံပညာ ဆရာမတွေရဲ့ဆန္ဒပြပွဲ တစ်ခု

ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ အခြေခံပညာသင်ကြားရေး ဆရာဆရာမတွေကိုသာမက စီမံဝန်ထမ်းတွေကိုပါ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီလက်အောက်က ပညာရေးဝန်ကြီးဌာရဲ့ အခြေခံပညာညွှန်ကြားရေးမှူးတစ်ဦးက စာတစ်စောင်ထုတ်လာပါတယ်။

အဲဒီစာကို နေပြည်တော်ပညာရေးမှူးရုံးက ညွှန်ကြားရေးမှူးတဦးက နေပြည်တော်ကောင်စီနယ်မြေထဲက ကိုယ်ပိုင်ကျောင်းတွေကို ပို့ဖို့ မေလ (၂၇)ရက်က ညွှန်ကြားထားတာကိုတွေ့ရပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဆရာဆရာမတွေ၊ စီမံဝန်ထမ်းတွေဆိုတာဟာ အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု(CDM) ပါဝင်တာကြောင့် ထုတ်ပယ်ခံလိုက်ရတဲ့အခြေခံပညာက ဝန်ထမ်းတွေကို ရည်ညွှန်းတာလို့ ဘီဘီစီက နားလည်ရပါတယ်။

"နေပြည်တော်ရုံးချုပ်က ထုတ်ပြန်တာဖြစ်လို့ တနိုင်ငံလုံးကို အကျုံးဝင်တယ်။ ဒီစာထုတ်ပြန်တာကလည်း အစစ်ပဲဗျ။ ကိုယ်ပိုင်ကျောင်းတွေက လက်ရှိဝန်ထမ်းတွေကိုတောင် အပြည့်အဝလစာမပေးနိုင်၊ ရပ်တည်ဖို့ ခက်ခဲနေချိန် နောက်ထပ်ဝန်ထမ်းအသစ်တွေကို ခန့်ဖို့မဖြစ်နိုင်ဘူး။ စာထုတ်တာက ရုပ်ပျက်တာပေါ့ဗျာ။ လူ့တယောက်အခွင့်အရေးကို ပိတ်ပင်တားဆီးနေတာပဲ။ သူတို့ထုတ်လိုက်ပြီး ဌာနနဲ့ကင်းကွာပြီ၊ အပြင်မှာ လွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ပေးသင့်တယ်။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ပုဂ္ဂလိကကျောင်းကဏ္ဍဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်းက ဆိုပါတယ်။

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေအနေနဲ့ ကျောင်းအပ်နှုန်းကျဆင်းတာကြောင့် ဖွင့်လှစ်နိုင်ချေနည်းပါးနေပြီး အချို့ကျောင်းတွေဆိုရင် လိုင်စင်ပြန်အပ်တဲ့ အနေအထားရှိတယ်လို့ သူက ဆိုပါတယ်။

သမ္မတ ဦးဝင်းမြင့်အစိုးရလက်ထက်တုန်းက ကိုဗစ်နိုင်တင်းကပ်ရောဂါကာလကျောင်းပြန်ဖွင့်ဖို့ လိုက်နာရမယ့် အချက် (၈၀) အတိုင်း ပုဂ္ဂလိကကျောင်းအများစု မပြင်ဆင်နိုင်တဲ့အခြေအနေတွေကို တိုင်းပညာရေးမှူးတွေ စစ်ဆေးချိန်တုန်းက တွေ့မြင်ပြီးဖြစ်ပေမဲ့ တစုံတရာတုံ့ပြန်တာမျိုးမရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

ဒီ့မတိုင်ခင်ကလည်း ပုဂ္ဂလိက ဆေးရုံတွေအနေနဲ့ CDM မှာပါဝင်တဲ့ အစိုးရဆရာဝန်တွေကို ခန့်မယ်ဆိုရင် လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ့်အကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွေကနေ ကြေညာတာမျိုးအထိ ရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

အခြေခံပညာက ရာထူးထုတ်ပယ်ခံဆရာဆရာမတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီ ညွှန်ကြား  အခြေခံပညာက ရာထူးထုတ်ပယ်ခံဆရာဆရာမတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ မခန့်ဖို့ စစ်ကောင်စီ ညွှန်ကြား Reviewed by THITHTOOLWIN on 02:54 Rating: 5

No comments:

Powered by Blogger.