ဗုံး၊ မီး၊ ဓားမြှောင်တွေနဲ့ အတိုက်ခိုက်ခံနေရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ

လူမှုကွန်ရက်ပေါ်မှာ လောလောဆယ် တပတ်လောက်အတွင်း အများဆုံးတွေ့ရတဲ့စာသားတခုက “အသံအကျယ်ကြီး ကြားလိုက်ရတယ်” ဆိုတဲ့စာသားပါ။ မြို့တော်တော်များများ နေရာတော်တော်များများကနေ တက်လာတာတွေပါ။

မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ပေါက်ကွဲမှုတွေ မကြုံစဖူးလောက်အောင် များပြားနေပါတယ်။

အဲဒီပေါက်ကွဲမှုတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ တော်တော်များများ ပါနေသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တိုက်ခိုက်ကြတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုတိုက်ခိုက်မှုများ

မေလ ၆ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဟာ လမ်းပေါ်မှာ ဆိုင်ကယ်နဲ့သွားနေစဥ် ဆိုင်ကယ်ချင်းကပ်ပြီး ဓားနဲ့အထိုးခံရပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးညိုပု ဟာ ကျီးကန်ကျေးရွာသုသာန်နားမှာ မေလ ၄ ရက်နေ့က ဦးခေါင်းပြတ်သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ် ဝိတုတ်ကျေးရွာမှာလည်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ရဲ့ နေအိမ်ကို မေလ ၄ ရက် မနက် ၁ နာရီကျော် အချိန်မှာ လူတချို့က တူးမီးသေနတ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။ ဦးသန်းမြင့်က ဒဏ်ရာရလွတ်မြောက်သွားပေမဲ့ သမီးဖြစ်သူ ဒေါ်ဝင်းသူဇာနဲ့ မြေးမောင်မင်းခန့်နိုင်ဆိုသူတို့ သေဆုံးသွားခဲ့ပါတယ်။

ရန်ကုန် သာကေတမြို့နယ်မှာတော့ မေလ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က နေ့ခင်းကြောင်တောင်ကြီးမှာ လူ ၃ ယောက်က ဧည့်စာရင်းတိုင်မယ်လို့ပြောပြီး သာကေတ ၇ အနောက်ရပ်ကွက် ဥက္ကဋ္ဌ ဦးသက်ပိုင်ကို ဓားနဲ့ထိုးသတ်သွားခဲ့ပါတယ်။ နေ့ခင်းကြောင်တောင်ကြီး ရပ်ကွက်ထဲမှာ ဓားနဲ့ထိုးသတ်သွားတာဖြစ်ပေမဲ့ ရဲကတရားခံကို မဖမ်းနိုင်ခဲ့ပါဘူး။

ဥက္ကဋ္ဌဦးသက်ပိုင်ဟာ ငါ့ရပ်ကွက်ထဲမှာ သံပုံးတီးတဲ့သူမရှိစေရဘူးလို့ ကြွေးကြော်ထားသူတယောက်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။

လှိုင်သာယာမြို့နယ်မှာ ဧပြီလဆန်းပိုင်းတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက် အရိုက်ခံခဲ့ရပါတယ်။

လှိုင်မြို့နယ် အုတ်ကျင်းဘူတာရုံလမ်းရှိ အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာလည်း မေလ ၅ ရက် မနက် ၅ နာရီကျော်က ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပါတယ်။

မေလ ၂ ရက်နေ့တုန်းကတော့ ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးရုံး မီးလောင်ကျွမ်းမှု၊ ဗုံးပေါက်ကွဲမှုတွေက တော်တော်များပါတယ်။ မြန်မာ့အသံရုပ်မြင်သံကြား ကြေညာချက်ထဲမှာ ဖော်ပြတာတွေတောင် တော်တော်များများရှိနေပြီး နေ့တိုင်းလိုလို ပါဝင်နေပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့မှာ လုံခြုံရေးတင်းကျပ်ထား

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးဖိအားပေးမှုများ

ဧပြီလ ၂၉ ရက်နေ့မှာ ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ရပ်ကွက်နဲ့ ကျေးရွာ ၁၃ ရွာက အုပ်ချုပ်ရေးမှူးဟောင်း ၂၇ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှ ပြန်လွှတ်ပေးခဲ့ပါတယ်။ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သလား ဘယ်လိုပတ်သက်သလဲဆိုတာကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ရပ်ကွက်နေပြည်သူတွေက ရွေးကောက်တင်မြှောက်ခံထားရတဲ့သူတွေ ဖြစ်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးအပြောင်းအလဲကို စစ်ကောင်စီကစတင်

ရပ်ကျေးအုပ်ချုပ်ရေးကို စတင်ပြောင်းလဲဖို့ကြိုးစားသူဟာ စစ်ကောင်စီကိုယ်တိုင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်ကခန့်ထားခဲ့တဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သက်တမ်းကုန်ဆုံးပြီမို့ အုပ်ချုပ်ရေးမှူဟောင်းတွေကို ရာထူးဖျက်သိမ်းတယ်လို့ ကြေညာခဲ့တာပါ။

အုပ်ချုပ်ရေးမှူးဟောင်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်က ရွေးကောက်တင်မြှောက်ခဲ့တဲ့လူတွေ ဖြစ်လို့ အောက်ခြေအဆင့်မှာ အာဏာဟောင်းရဲ့ လက်ကျန်တွေရှိနေသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် အာဏာဟောင်းကို ဖျက်သိမ်းပြီး စစ်အုပ်စုလိုလားသူတွေရဲ့ အာဏာသစ်နဲ့ အစားထိုးဖို့ကြံရွယ်ခဲ့တာ ဖြစ်ပုံရပါတယ်။

စစ်ကောင်စီအတွက် အဟောင်းကို ဖျက်တာကသိပ်မခက်ပေမဲ့ အသစ်ပြန်တည်ဖို့က အခက်ကြီးခက်နေပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတွေက သူတို့ကို ရာထူးဖြုတ်လိုက်တာနဲ့ ပတ်သက်ပြီး အသာတကြည်လက်ခံလိုက်ကြပါတယ်။ ရပ်ကွက်ကျေးရွာ ပြည်သူတွေကလည်း ပြင်းပြင်းထန်ထန် မကန့်ကွက်ကြပါဘူး။ ဒါပေမဲ့ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်ခန့်အပ်မှာကိုတော့ ကျေးရွာ၊ ရပ်ကွက်ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။

ရပ်ကွက်ရုံးတွေကို သော့ခတ်ပိတ်ဆို့ထားခဲ့ကြ

ပထမဆုံးအဆင့်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကို ပြည်သူတွေက သော့ခတ်ထားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ သန်းနဲ့ချီလမ်းပေါ်ထွက်နေကြတဲ့အချိန်ဆိုတော့ စစ်တပ်ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ခတ်ထားတဲ့သော့ကို ဖြုတ်ဖို့တောင် တော်တော်ခက်ခဲခဲ့ပါတယ်။

ချောက်မြို့မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို သော့ခတ်ထားရုံသာမက “မည်သည့်ထွေအုပ်စာရေး၊ မည်သည့် ရပ်ကွက်လူကြီးမှ အလိုမရှိ၊ ကိုယ်ပိုင်အုပ်ချုပ်မည်၊ ပုံဒေသခံများ” ဆိုတဲ့ စာတန်းတွေကို ရပ်ကွက်ရုံးတွေမှာ ချိတ်ဆွဲထားခဲ့ပါတယ်။

ခတ်ထားတဲ့သော့တွေကို ရဲနဲ့စစ်တပ်က လာဖြုတ်တော့လည်း လူအများအပြားက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။

အုပ်ချုပ်ရေးမှူးအသစ်တွေကို ဆန္ဒပြကန့်ကွက်ကြ

ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို ပိတ်ထားတဲ့ကြားက အုပ်ချုပ်ရေးမှူးအသစ်တွေကို စစ်ကောင်စီက ဇွတ်တိုး ခန့်အပ်ခဲ့ကြပါတယ်။ အများစုက ကြံ့ခိုင်ရေးပါတီဝင်နဲ့ စစ်တပ်လိုလားသူတွေ ဖြစ်ကြပါတယ်။

အသစ်ခန့်တဲ့အုပ်ချုပ်ရေးမှူးကို ဆန္ဒပြသပိတ်မှောက် ကန့်ကွက်မှုတွေ နေရာအနှံ့အပြားမှာ ဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အုပ်ချုပ်ရေးမှူးအသစ်ကို ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ သံပုံးတီးကန့်ကွက်ခဲ့ကြတဲ့ အတွက် စစ်တပ်က သေနတ်ပစ်ဖောက်လူစုခွဲခဲ့ရပါတယ်။ သေနတ်ပစ်ဖောက်လူစုခွဲပြီးနောက်မှာ လမ်းထဲမှာတွေ့သမျှအိမ်ကလူတွေကို တအိမ်တက်ဆင်းလိုက်လံဖမ်းဆီးတဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်ထဲက အုပ်ချုပ်ရေးရုံးတရုံးပိတ်ထားစဥ်

တနိုင်ငံလုံးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူသန်းနဲ့ချီပါဝင်တဲ့ဆန္ဒပြပွဲကြီးတွေ မြို့တော်တော်များများမှာ ဖြစ်ပွားနေချိန်က ရပ်ကွက်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာလည်း ငြိမ်းချမ်းတဲ့အသွင်နဲ့ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကို စစ်ကောင်စီရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူငယ်အများအပြားဟာ ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်အစရှိတဲ့နေရာတွေမှာ သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေမှာ လူဦးရေ တော်တော်နည်းပါးသွားခဲ့ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေ အစား ပစ်ခတ်မှုတွေ ဖောက်ခွဲမှုတွေကို နေရာအနှံ့မှာ ကြားလာကြရပါတယ်။

ဆန္ဒပြပွဲတွေနေရာမှာ ပစ်ခတ်၊ ဖောက်ခွဲ၊ မီးရှို့မှုတွေက အစားထိုးနေရာယူလာတာနဲ့အညီ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကန့်ကွက်မှုဟာလည်း ငြိမ်းချမ်းတဲ့အသွင်ကနေ တိုက်ခိုက်၊သတ်ဖြတ်၊မီးရှို့၊ ဖောက်ခွဲတဲ့ လှုပ်ရှားမှုတွေ အသွင်ပြောင်းလဲဖြစ်ပေါ်လာပါတယ်။

အုပ်ချုပ်ရေးမှူးအဟောင်းတချို့ကိုပြန်လည်ခန့်ထားဖို့ကြိုးစားပေမဲ့မအောင်မြင်

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို အသစ်အစားထိုးမှု မအောင်မြင်တဲ့အတွက် အောက်ခြေအဆင့်အုပ်ချုပ်ရေးဟာ လုံးဝပျက်ပြားခဲ့ပါတယ်။ အဲဒါကြောင့် တချို့နေရာတွေမှာ အုပ်ချုပ်ရေးမှူးအသစ် အစားထိုးခန့်ထားလို့ မရရင် အဟောင်းကို ပြန်ခန့်ဖို့ကြိုးစားခဲ့ပါတယ်။

ကလေးမြို့မှာ ရပ်ကွက်က တင်မြှောက်ခဲ့ဖူးတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတွေကိုပဲ ပြန်ခန့်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ရပ်ကွက်ပြည်သူတွေက လက်မခံကြပါဘူး။

“ရွေးကောက်ထားတဲ့အုပ်ချုပ်ရေးမှူးတွေကို မကြိုက်လို့ မဟုတ်ပေမဲ့ စစ်ကောင်စီက ခန့်ထားတာမို့ လက်မခံနိုင်ဘူးလို့ ရပ်ကွက်ထဲက လူတွေက ပြောပါတယ်။ အုပ်ချုပ်ရေးမှူးတွေကို အသိအမှတ်မပြုကြပါဘူး” လို့ ကလေးမြို့က ဒေါ်အေးက ဘီဘီစီကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဟောင်းတွေကလည်း လူထုရဲ့သဘောထားကို မလွန်ဆန်ရဲတဲ့အတွက် စစ်ကောင်စီရဲ့ခန့်အပ်မှုကို လက်မခံကြပါဘူး။

အုပ်ချုပ်ရေးမှူးသစ်များဟာ စစ်တပ်လိုလားသူအများစုဖြစ်

ဧပြီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆန်အိတ် ၃၃၃၃၃ အိတ်နဲ့အတူ ဆီနဲ့ပဲတွေကို ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေမှာ လှူဒါန်းခဲ့စဥ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး အများအပြားလာရောက်တွေ့ဆုံခဲ့ကြပါတယ်။

သူတို့ဟာ စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်ထားကြတဲ့ အုပ်ချုပ်ရေးမှူး အသစ်တွေပါ။ အသစ်ဆိုပေမဲ့ သူတို့ဟာ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ လူဟောင်းတွေဖြစ်ကြပါတယ်။ အများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်ကြတယ်လို့ ရွှေပြည်သာမြို့နယ်ဒေသခံ ကိုအောင်က ဘီဘီစီကို ပြောပါတယ်။

တနိုင်ငံလုံးနေရာအနှံ့အပြားမှာလည်း အုပ်ချုပ်ရေးမှူးအသစ်တွေဟာ ကြံ့ခိုင်ရေးပါတီဝင် သို့မဟုတ် ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူ၊ စစ်တပ်ကိုလိုလားသူတွေက များပါတယ်။

မုံရွာ၊ မြင်းခြံနဲ့ မြစ်ငယ်မြို့က ဒေသခံတချို့နဲ့ ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ချဲထီ၊ နှစ်လုံးထီ၊ လောင်းကစားဒိုင်လုပ်တဲ့သူတွေလည်း အုပ်ချုပ်ရေးမှူးအသစ်တွေထဲမှာ ပါဝင်ကြတယ်လို့ ဆိုပါတယ်။

“တချို့လောင်းကစားဒိုင်သမားတွေ၊ အရက်ဆိုင်ဖွင့်တဲ့သူတွေက သူတို့ကိုယ်တိုင်ကိုက လိုလိုလားလားနဲ့ စစ်တပ်ကလူတွေကို သွားတွေ့ပြီး အုပ်ချုပ်ရေးမှူး အသစ်လုပ်ချင်တယ်ဆိုပြီး သွားတောင်းဆိုတဲ့လူတွေရှိတယ်ဗျ။ အုပ်ချုပ်ရေးမှူးဖြစ်သွားရင် သူတို့လုပ်ငန်းအတွက် အများကြီး အထောက်အကူဖြစ်တာပေါ့ဗျာ” လို့ မုံရွာမြို့က ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖွင့်ဖို့ ကြိုးစားစဥ်

အုပ်ချုပ်ရေးမှူးများထွက်ပြေးတိမ်းရှောင်

ဒါပေမဲ့ အဲသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးအလုပ်ကို တက်တက်ကြွကြွ လုပ်ချင်တယ်ဆိုတဲ့သူတချို့ရှိတာဟာလည်း စောစောပိုင်းကာလကသာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးခွဲ၊ မီးရှို့တာတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်တဲ့သတင်းတွေကို ခပ်စိပ်စိပ်ကြားလာရတဲ့အတွက် အုပ်ချုပ်ရေးမှူးတော်တော်များများဟာ အလုပ်မလုပ်ဘဲ ရှောင်ရှားနေကြပါတယ်။

တော်တော်များများဟာ ရပ်ကွက်ပြည်သူတွေရဲ့ ငြိုငြင်မှုမခံရအောင် တိမ်းရှောင်ပြီး ပါးပါးနပ်နပ်နေထိုင်ကြတာကို တွေ့ရတယ်လို့ ရွှေပြည်သာမြို့နယ်ကကိုအောင်က ဆိုပါတယ်။

“ရွှေပြည်သာမြို့နယ်မှာဆိုရင် တခြားနေရာတွေမှာထက် တော်တော်များများကကြောက်ပြီး ဧည့်စာရင်းတိုင်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဧည့်စာရင်းလိုက်စစ်တာတော့ တခါမှ မကြားဖူးသေးပါဘူး။ သူတို့ညမှာ လိုက်မစစ်ရဲဘူးထင်ပါတယ်။ ရဲကလည်း ဧည့်စာရင်းစစ်တာကို လုံခြုံရေးပေးနိုင်လောက်အောင် များများစားစားမရှိဘူး ထင်ပါတယ်။” လို့ ကိုအောင်က ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးများကိုဖိအားပေး

တချို့နယ်မြို့တွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အလုပ်လုပ်အောင် အမျိုးမျိုး ဖိအားပေးလာကြပါတယ်။ မြစ်ငယ်မြို့မှာဆိုရင် ရဲတွေရပ်ကွက်ထဲကိုလာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လာရှာကြပါတယ်။ တွေ့ရင် လူစာရင်းတွေကို စစ်ဆေးဖို့ ဧည့်စာရင်းစစ်ဖို့ခိုင်းတယ်လို့ ဆိုကြောင်း မြစ်ငယ်မြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။

မြင်းခြံမြို့မှာလည်း ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်တပ်နဲ့ဆင်းလာပြီး လိုက်လံရှာဖွေတယ်လို့ ဆိုကြပါတယ်။

“ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ စစ်တပ်လာပြီဆိုရင် အကုန်လုံးလိုလိုက ထွက်ပြေးကြတာပဲ။ စစ်တပ်နဲ့တွေ့ရင် သူတို့ကို အတင်းခိုင်းမှာကြောက်လို့ ရှောင်ကြတာ။ စစ်တပ်က အဲသလိုမတွေ့ရင် နီးစပ်တဲ့သူကို ဖုန်းနံပါတ်ပေးခဲ့တယ်။ ပြန်လာရင် ဒီဖုန်းနံပါတ်ကိုဆက်၊ မဆက်ရင်ဖမ်းမယ်လို့ ပြောတယ်။ တချို့လည်း ပြန်ဆက်တယ်။ တချို့လည်း ပြန်မဆက်ဘူး။ ကြောက်လို့ ပြန်ဆက်တဲ့သူတွေကို ဆိုရင် အလုပ်လုပ်ခိုင်းတယ်။” လို့ မြင်းခြံမြို့ခံတယောက်က ဆိုပါတယ်။

ဘာတွေခိုင်းသလဲ

“အခုနောက်ပိုင်းမှာ သူတို့က ဧည့်စာရင်းထက် နေစာရင်းဆိုပြီးတောင်းတယ်။ ရပ်ကွက်မှာ နေထိုင်တဲ့သူစာရင်းကို တောင်းတယ်။ အဲဒီနေထိုင်တဲ့သူထဲက ဘယ်သူတွေ ပျောက်နေသလဲဆိုတာကို စစ်ခိုင်းတယ်။ အခုအချိန်မှာ လူတချို့က လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ သင်တန်းသွားတက်နေတာရှိတယ်။ တချို့က ပြည်တွင်းမှာတွင် ရှောင်နေတာရှိတယ်။ တချို့က ဆန္ဒပြပွဲမှာပါနေတာတွေ ရှိတယ်။ အဲဒီလူတွေရဲ့စာရင်းကို သူတို့က သိပ်လိုချင်တယ်။ နောက်ပြီးတော့ ရပ်ကွက်ထဲမှာ ကြံ့ခိုင်ရေးပါတီဝင်တွေတို့၊ ထောက်လှမ်းရေးဟောင်းတို့၊ အရင်ရဲသတင်းပေးတို့ လုပ်တဲ့သူတွေရှိတယ်။ အဲဒီလူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက အကူအညီပေးခိုင်းတယ်” လို့ ရွှေပြည်သာက ကိုအောင်က ဆိုပါတယ်။

“ဒါပေမဲ့ အုပ်ချုပ်ရေးမှူးတွေက ရုံးမထိုင်ရဲကြဘူး။ တချို့ သူတို့ အရေးတကြီး သတင်းအချက်အလက် လိုချင်တဲ့ ရပ်ကွက်တွေ ဆိုရင်တော့ ရုံးမှာ ရဲတွေ အစောင့်အကြပ်နဲ့ ထားတယ်။ ဒါပေမဲ့ ရဲတွေ ပြန်သွားရင် သူတို့ရုံးမထိုင်ရဲကြတော့ဘူး။ သာကတေဘက်၊ ရွှေပြည်သာဘက်၊ သံလျင်ဘက်တွေမှာတော့ သူတို့စစ်ကောင်စီ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေတောင် မလုပ်ရဲလို့ ထွက်ပြေးကုန်တာတွေရှိတယ်။ မြို့ထဲက လသာ၊ ပန်းဘဲတန်း၊ ကျောက်တံ့တားမြို့နယ်တွေမှာလည်း အဲသလိုပဲလို့” ကိုအောင်က ဆက်ပြောပါတယ်။

အင်းစိန်မြို့နယ်ထဲက ကြို့ကုန်းရပ်ကွက်တချို့မှာတော့ “ရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်မည့်သူမရှိ၍ စစ်တပ်ကတိုက်ရိုက် အုပ်ချုပ်နေသည်” လို့ ရုံးတချို့မှာ စာရေးသားထားပါတယ်။

“သူတို့က အဲသလိုရေးထားတယ်ဗျ။ အဲဒါခြိမ်းခြောက်တဲ့သဘောလည်းပါတယ်။ သိတယ်မဟုတ်လား။ ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်မဲ့လူမရှိတော့ရင် စစ်တပ်ကပဲ အုပ်ချုပ်သွားတော့မယ်ပေါ့ဗျာ” လို့ အရှေ့ကြို့ကုန်းနေ ပြည်သူတယောက်က ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ အုပ်ချုပ်ရေးမှူး သုံးပုံတပုံလောက်ပဲရှိတော့မယ်လို့ စုံစမ်းစစ်တမ်းကောက်ယူနေတဲ့ အဖွဲ့တဖွဲ့က ဆိုပါတယ်။ မာရှယ်လော ကြေညာထားတဲ့မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများများရှိပြီး မာရှယ်လောကြေညာမထားတဲ့ မြို့နယ်တွေမှာတော့ သိပ်မရှိကြတော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးကို ပြန်လည် အသက်သွင်းနိုင်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။ အတိုက်အခံအင်အားစုတွေကလည်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးပေါ်ပေါက်မလာအောင် ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

အထွေထွေအုပ်ချုပ်ရေးရုံးတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန လက်အောက်ကနေ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ပြန်လည်ရွှေ့ပြောင်းဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးရုံးတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ပြည်ထဲရေးအောက်မှာပဲ ရှိပါတယ်။ အုပ်ချုပ်ရေးအားလုံးဟာ စစ်တပ်လက်အောက်မှာရှိနေတယ်ဆိုပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ပြည်ထဲရေးအောက်ကထွေအုပ်ကို ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအောက် ပို့ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာ မြန်မာ့နိုင်ငံရေးတခုလုံးဟာ ဘာဖြစ်လာမယ်ဆိုတာ သေသေချာချာ မသိနိုင်သလို၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတွေ ဘာဖြစ်လာမယ်ဆိုတာကလည်း ရေရေရာရာမရှိသေးတဲ့ အခြေအနေဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-57034357

ဗုံး၊ မီး၊ ဓားမြှောင်တွေနဲ့ အတိုက်ခိုက်ခံနေရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ  ဗုံး၊ မီး၊ ဓားမြှောင်တွေနဲ့ အတိုက်ခိုက်ခံနေရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ Reviewed by THITHTOOLWIN on 18:47 Rating: 5

No comments:

Powered by Blogger.