ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ


မေ ၂၁ရက် ၂၀၂၁

ကချင်ပြည် ဗန်းမော်မြို့တွင် ရောက်ရှိနေသည့် သျှမ်းစစ်ရှောင်  (၃၀၀၀ )ကျော် အတွက်  ဆေးဝါး များ အခက်အခဲဖြစ်ကာ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ 

ထိုစစ်ရှောင်များသည် မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဗန်းမော် မြို့နယ် ဘက်သို့ ထွက်ပြေတိမ်းရှောင်လာရပြီး၊ ယခုထိ နေရပ်ကို မပြန်နိုင်သေးကြောင်း စစ်ရှောင်ကူညီပေးနေသူများထံ သိရသည်။

အလားတူ မိုးရာသီဝင်ခါစတွင် စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးများ၊ နေရာထိုင်ခင်း နှင့် အစားအသောက် အခက်အခဲများစွာရှိနေကြောင်းသိရသည်။ 

“ လိုနေတာကတော့ ဆေးဝါးတွေပါ။ ခုက မိုးရာသီထဲရောက်လာပြီးဆိုတော့ နေရတာလဲ သိပ်အဆင်မပြေဘူး။ သူတို့ ဘုန်းကြီးကျောင်းအောက်မှာပဲနေတာဆိုတော့ တစ်ချို့က ဖျားနေတယ်လို့လဲပြောတယ်” ဟု ဗန်းမော်စစ်ဘေးရှောင် ကူညီပေး နေသည့် ပြည်သူတစ်ဦး ကပြောသည်။ 

လက်ရှိမှာ စိုက်ပျိုးထားသည့် သီးနှံများ ရိတ်သိမ်းရန် အတွက် သွားလာမှု မခွင့်ပြုကြောင်း၊ သွားရောက် ရိတ်သိမ်းမည် ဆိုပါက သေနတ်ဖြင့် ပစ်သတ်မည်ဟုလည်း စစ်ကောင်စီ အုပ်စုက ခြိမ်းခြောက်ခဲ့သည်။

သို့သော် စစ်ရှောင်များအနေဖြင့် ဝင်ငွေမရှိပါက နောင်လာမည့် နှစ်အတွက် အခက်အခဲဖြစ်လာနိုင်သဖြင့် မြေပဲများကို ခိုးပြီးသွားနုတ်ရကြောင်း၊ စစ်ကောင်စီနှင့် တွေ့လျှင်လည်း ပုန်းနေရကြောင်း ၎င်း က ပြောသည်။

“ ပြည်သူတွေကတော့ နေ့ဆိုရင် သူတို့စိုက်ထားတဲ့ မြေပဲကိုသွားနုတ်တယ်။ ခိုးသွားနေကြရတာပေါ့။ စစ်ဖြစ်ရင်လည်း ပြန်ပြီးခိုးလာကြရတယ်။  အလုပ်ကမရှိတော့ သူတိုတွေ  အခက်ခဲဖြစ်လာနိုင်တာပေါ့။။ စစ်ကောင်စီကိုလည်း ကြောက်နေရတယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသမီး က ဆိုသည်။

လက်ရှိအချိန်ထိ KIA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မိုးမောက်မြို့နယ်တွင် စစ်ရေးပြင်းထန်းနေလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ မှ ရဟတ်ယာဉ်သုံးကာ လေကြောင်းလိုင်းဖြင့်ပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ် အတွင်း အရပ်သားနေအိမ် များစွာ ပျက်စီးခဲ့ရကြောင်းသိရသည်။ 

ထို့ပြင် မိုးမောက်မြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့်ကျေးရွာ (၅၀)ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်းလာလျက်ရှိကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.