ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ


နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ က နဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးဝင်းထိန်ကို ဒီနေ့ နေပြည်တော် အချုပ်ထောင် သီးသန့်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး သူ့ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့လည်း လူချင်းသီးသန့်ပထမဆုံးတွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဦးဝင်းထိန်ကို တရားရုံး တရားခွင်ထဲမှာပဲ သီးသန့်တွေ့ခွင့်ရတာ ဖြစ်ပြီး တရားသူကြီးတွေနဲ့ ဥပဒေအရာရှိတွေ သက်ဆိုင်ရာ အခန်းတွေမှာ ရှိနေချိန် သီးသန့်တွေ့ခွင့်ရခဲ့တာလို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဦးဝင်းထိန်က ဖေဖော်ဝါရီ ၁ ရက် မီဒီယာတွေနဲ့ တွေ့ဆုံစဥ် အကြမ်းမဖက် အာဏာဖီဆန်ရေး ပြောခဲ့တာနဲ့ ပတ်သက်ပြီး နောင်တမရဘူးလို့ ပြောတဲ့ အကြောင်းလည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဦးဝင်းထိန်ကို လက်ရှိမှာ ထောင်ထဲက ၁၀ ပေ ပတ်လည် သီးသန့် အခန်းမှာ ထားရှိထားပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ ပေးပို့ထားတာတွေ ရတယ်လို့လည်း ပြောပါတယ်။

တရားခွင်မှာ တရားလို ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးလူကို စစ်ဆေးတဲ့အခါ ဦးဝင်းထိန်ကို အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံစဥ် ပြောကြားတဲ့ စကားအရ အစိုးရကို မုန်းထားအောင်၊ မလေးမစားရှိအောင်၊ မေတ္တာပျက်အောင်၊ အကြည်ညိုပျက်အောင် လှုံ့ဆော်ခြင်းတွေနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၂၄ က နဲ့ စွဲဆိုခြင်း ဖြစ်တယ်လို့ တရားလိုက အစစ်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီတရားခွင် စစ်ဆေးမှုမှာ တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းတွေကို ကန့်ကွက်ခဲ့တယ်လို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

နောက်ရုံးချိန်းကတော့ ဒီလ ၂၈ ရက် မှာ ပြုလုပ်မှာပါ။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ  ဦးဝင်းထိန်ရုံးထုတ်မှာ ရှေ့နေနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ခွင့်ရ Reviewed by THITHTOOLWIN on 03:05 Rating: 5

No comments:

Powered by Blogger.