သေဆုံးမှု ပေါက်ကွဲမှုတွေကြား ဆန္ဒပြမှုတချို့ ရှိနေဆဲ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ PDF အလံကိုင်ပြီး ချီတက်ဆန္ဒပြသူများ။ (မေ ၂၉၊ ၂၀၂၁။ ဓာတ်ပုံ-CJ)

ရန်ကုန်၊ အင်းစိန်အရပ်က ပေါက်တောဝမှာ သောကြာနေ့ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်တဦးကို စစ်တပ်ကရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး စစ်ကားနဲ့ လိုက်တိုက်တဲ့အတွက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေကို ကိုးကားပြီး ပြည်တွင်းသတင်းတွေမှာ ရေးထားပါတယ်။

အဲဒီလူငယ်ဟာ ဆုရ မော်ဒယ်သရုပ်ဆောင်တဦးဖြစ်သူ ကိုထက်အောင် ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့၊ ၁၀၇ လမ်း၊ ၅၈ x ၅၉ လမ်းသွယ်ထဲက နေအိမ်တခုမှာ ဒီကနေ့မနက်ပိုင်းကလုပ်တဲ့ မင်္ဂလာဆောင်မှာ လက်ဖွဲ့ထဲမှာ ပါလာတဲ့ဗုံး ပေါက်ကွဲပြီး အမျိုးသားတဦး လက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကပြောတာကို ကိုးကားပြီးတော့လည်း ပြည်တွင်းသတင်းတွေမှာ ရေးထားပါတယ်။

အခုလို သေဆုံးမှုတွေ၊ ပေါက်ကွဲမှုတွေ ရှိနေတဲ့ကြားကပဲ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဒေသခံ ကျောင်းသားပြည်သူ လူငယ်တွေ ဒီကနေ့မနက်ပိုင်းက သပိတ်စစ်ကြောင်းနဲ့ စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့မှာလည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) အလံတွေ ကိုင်ဆောင်ပြီး ဆန္ဒပြကြပါတယ်။ မုံရွာမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူတွေနဲ့ မတရား ဖမ်းဆီးခံရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် နှင်းဆီပန်းတပွင့်စီ ကိုင်ဆောင်ပြီး မုံရွာသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြကြပါတယ်။

မန္တလေးမှာ အောင်မြေသာစံ ကျောင်းပေါင်းစုံ ပညာရေးသပိတ်စစ်ကြောင်းနဲ့ အောင်မြေသာစံ ကျောင်းသားများသမဂ္ဂ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး ဆန္ဒပြကြသလို အမရပူရနဲ့ မိုးကုတ်မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဘက်မှာ အေးမြသာယာ တိုင်းရင်းသားလူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်း ထွက်ခဲ့ကြသလို နေပြည်တော်၊ ပျဉ်းမနားမှာလည်း ပျဉ်းမနား ကျောင်းသားသမဂ္ဂနဲ့အတူ ဝန်းရံသူတွေက ဒီကနေ့မနက်ပိုင်းမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး ဒီမိုကရေစီရေး တောင်းဆိုချက်တွေကို စက္ကူပေါ်မှာ ရေးသားကိုင်ဆောင်ပြီးတော့ မော်လမြိုင်မှာ အိမ်တွင်းသပိတ်၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စက္ကူသပိတ် စသည်ဖြင့် ဆန္ဒပြကြပါတယ်။ ရေနံချောင်းမှာ လူငယ်တွေ စုဝေးဆန္ဒပြကြသလို ထားဝယ်မှာတော့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ထွက်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းယူခဲ့ချိန်ကနေ မနေ့ကအထိဆိုရင် စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတဲ့အတွက် သေဆုံးသူစုစုပေါင်း ၈၃၃ ယောက်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူက ၄,၃၅၀ ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-protests-wrap/5909139.html

သေဆုံးမှု ပေါက်ကွဲမှုတွေကြား ဆန္ဒပြမှုတချို့ ရှိနေဆဲ သေဆုံးမှု ပေါက်ကွဲမှုတွေကြား ဆန္ဒပြမှုတချို့ ရှိနေဆဲ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.