တရုတ်ပိုက်လိုင်းစောင့် ရဲသုံးဦး သတ်ဖြတ်မှု ရွာသား ကိုးယောက် အဖမ်းခံရ



Share/Bookmark

တရုတ်ပိုက်လိုင်းစောင့် ရဲသုံးဦး သတ်ဖြတ်မှု ရွာသား ကိုးယောက် အဖမ်းခံရ မြန်မာကနေ တရုတ်နိုင်ငံကို ပို့ဆောင်တဲ့ ဂတ်စ်ပိုက်လိုင်း တစ်နေရာကို ၂၀၁၂၊ ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ရစဉ် /Photo: RFA

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ တောမရွာအနီးမှာ မေလ ၅ ရက်နေ့က တရုတ်ပိုက်လိုင်းစောင့်နေတဲ့ ရဲကင်းကို ဓားတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲသုံးယောက် သေဆုံးခဲ့တာနဲ့ ပတ်သတ်ပြီး၊ ဒေသခံရွာသား ကိုးယောက် ကို ဖမ်းဆီးထားတယ်လို့ မေလ ၁၉ ရက် ဒီကနေ့ထုတ် မန္တလေးလေးနေ့စဉ်သတင်းစာမှာ စစ်ကောင်စီက ဖော်ပြထားပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ပီနံအိတ်စက်ရုံက ကိုဇင်မျိုး ကို မေလ ၁၅ ရက်နေ့က သူအလုပ်လုပ်ရာ ပီနံအိတ်စက်ရုံနဲ့ ကျန် ရှစ်ဦးကို မေလ ၁၆ ရက်နေ့မှာ သူတို့ရဲ့နေအိမ်တွေကနေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဖေါ်ပြထားပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ထွက်ပြေးလွတ်မြောက်နေတဲ့ ဦးဆောင်သူတွေကို အရေးယူနိုင်ဖို့ ပိတ်ဆို့ဆောင်ရွက်နေတယ်လို့လည်း မန္တလေးလေးနေ့စဉ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။

တင်းမရွာသားတစ်ယောက်ကတော့ “ဒီလူ ကိုးယောက်ဟာ အမှန်တကယ် ပစ်မှုကျူးလွန်သူတွေမဟုတ်ဘဲ သံသယနဲ့ ဖမ်းဆီးခံရတာဖြစ်နိုင်တယ်” လို့ RFA ကို ပြောပါတယ်။

စစ်တပ်ဟာ အထက်ကဖိလာရင် အပစ်ရှိရှိ မရှိရှိ နီးရာလူကို သံသယနဲ့ ဖမ်ဆီးတတ်တာမို့ အယုံအကြည် မရှိဘူးလို့ ကျောက်ဆည်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“အထက်ကဖိမှာ ကြောက်တော့ အောက်ကသူတွေက မပေါ်လည်းပေါ်တယ်ဆိုပြီး လုပ်နေကြအကွက် တွေပဲ။ ပြည်သူတွေက တစ်သားတည်းဖြစ်နေတယ်။ စစ်အာဏာရှင်ကို ရွံ့မုန်းနေတာ။ ပြည်သူကိုသစ္စာ မရှိတဲ့ ဝန်ထမ်းတွေ ပြည်သူတွေက မျက်ကွယ်မပြုကြောင်း ထင်ထင်ရှားရှားပြလိုက်တာပဲ။"

မေလ ၅ ရက်နေ့ မနက်ငါးနာရီကျော်လောက်က စဉ်းကိုင်မြို့နယ်၊ တောမရွာအနီးမှာ တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို လုံခြုံရေးယူ ကင်းစောင့်နေတဲ့ ရဲတွေကို၊ အမည်မသိလူ အယောက် ၂၀ လောက်က ဓားနဲ့ဝင်ခုတ်သွားတာပါ။

အဲဒီနေ့က ရဲကင်းမှာ ရဲခြောက်ယောက် တာဝန်ကျပေမယ့် ရဲအရာရှိက နေအိမ်မှာ ပြန်ရောက်နေတာကြောင့်၊ အောက်လက်ငယ်သား ငါးဦး ကင်းစောင့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ငါးဦးကို အမည်မသိ လူတစ်စုက ဓါးနဲ့ဝင်ခုတ်ရာမှာ ရဲသုံးဦး သေဆုံးပြီး ကျန် နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ တောမရွာသားတွေက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/nine-villagers-arrested-suspect-killed-police-05192021080805.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ