မင်းတပ်မြို့မှာ စစ်ကား ၆ စီးကို အရပ်သား ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်၊ မြို့တွင်းမှာတိုက်ပွဲဆက်လက်ဖြစ်ပွား

စစ်ကား ၆ စီးနဲ့ လက်နက်တချို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိ

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံ တော်တော်များများ မြို့ပြင်ထွက်ပြေးတိမ်းရှောင်ကြပြီး တချို့က ထွက်မပြေးနိုင်ဘဲ မြို့ထဲမှာ ပိတ်မိနေကြပါတယ်။ မြို့ထဲမှာ လူစုလူဝေးရှိမယ်ထင်တဲ့နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်နေကြတာကြောင့် လူအများအပြားဟာ ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့အရှေ့ပိုင်းမှာ စစ်ကောင်စီစစ်တပ်နဲ့ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့တို့ ၂ ရက် နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မနေ့ မေလ ၁၄ ရက် ညနေပိုင်းမှာ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့က စစ်ကား ၆ စီးကို ဖမ်းဆီးလိုက်နိုင်ပါတယ်။

စစ်ကားပေါ်ကထွက်ပြေးသွားတဲ့ စစ်သားတော်တော်များများကိုလည်း လိုက်လံပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ နွေဦးဇလပ်က ဘီဘီစီကို ပြောပါတယ်။ စစ်ကောင်စီစစ်သား အကျအဆုံးများတယ်လို့ ဆိုပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မင်းတပ်မြို့အဝင် ကာကွယ်ရေးအဖွဲ့ရဲ့ ဒုတိယစည်းရှိရာကို စစ်ကောင်စီဘက်က စစ်ကား ၃ စီးထိုးဖောက်ဝင်ရောက်လာရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းချေမှုန်းလိုက်တဲ့အတွက် နောက်ထပ် စစ်ကား ၃ စီးက ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ထပ်မံဝင်ရောက်လာတဲ့ စစ်ကား ၃ စီးအပါအဝင် ကား ၆ စီးစလုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်တချို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်နိုင်ပါတယ်။

မင်းတပ်မြို့အနောက်ဘက်ခြမ်းမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားပြီး မြို့နဲ့ ၁၇ မိုင်အကွာအထိ စစ်ကောင်စီတပ်တွေက ဆက်လက်ချီတက်နိုင်ခဲ့ပါတယ်။ မိုင် ၂၀ မှာ ခုခံနေတဲ့ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့က ၃ မိုင်ထပ်ဆုတ်ပေးခဲ့ရပါတယ်။

စစ်ကောင်စီက မတူပီကနေ စစ်ကားတွေနဲ့ ထပ်မံပြီး တပ်ကူစေလွှတ်ခဲ့ပါတယ်။ မင်းတပ်မြို့ရောက်ဖို့ မိုင် ၉၀ အလို၊ မတူပီကနေ မိုင် ၃၀ အကွာမှာ မိုးရွာတောင်ပြိုလမ်းပိတ်သွားတဲ့အတွက် တညလုံးယန္တရားအသုံးပြုပြီး လမ်းရှင်းခဲ့ကြရပါတယ်။ မနက်လင်းမှ ဆက်လက်ချီတက်လာနိုင်တယ်လို့ မင်းတပ်ဒေသခံတဦးက ဆိုပါတယ်။

စစ်ကားနဲ့လာတဲ့ တပ်ကူတွေ လမ်းပိတ်နေတဲ့အတွက် စစ်ကောင်စီက ရဟတ်ယာဉ်တွေ အသုံးပြုပြီး မင်းတပ် ၂၄၇ တပ်ထဲကို စစ်သားတွေလာရောက်ပို့ဆောင်ခဲ့ပါတယ်။ ရဟတ်ယာဉ်နဲ့ပို့ဆောင်တဲ့ စစ်သားတွေက မြို့ထဲဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး အရပ်သားတချို့ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မြို့တွင်းမှာပစ်ခတ်မှုတွေအပြင် ရဟတ်ယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေရှိ

"ဖမ်းမိထားတဲ့ပြည်သူ ၁၅ ယောက်ကို ရှေ့ကနေ လူသားဒိုင်းသဘောမျိုး အကာအကွယ်လုပ်ပြီးတော့မှ မြို့တွင်းကို ဖြည်းဖြည်းချင်းဝင်လာကြတယ်။ သူတို့အဲသလို ဝင်လာပြီကြားကတည်းက မြို့ထဲမှာရှိတဲ့လူငယ်ယောက်ျားတွေအားလုံး မြို့ပြင်ထွက်ရှောင်လာကြတယ်" လို့လည်း နွေဦးဇလပ်က ဆိုပါတယ်။

ဒီနေ့ မေလ ၁၅ ရက်မနက်ပိုင်း ၆ နာရီကျော်ကျော်အချိန်မှာ စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ ဗုံးကြဲတိုက်ခိုက်မှုတချို့လည်း ပြုလုပ်ခဲ့ပါတယ်။

မင်းတပ်မြို့အနောက်ဖက် ၁၄ မိုင်မှာ ဗုံး၂ လုံးကျပြီး၊ တောင်ပုလုဘုန်းကြီးကျောင်းနဲ့ စံမင်းသီရိစေတီကုန်းတို့အနီးမှာ ဗုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ မင်းတပ်မြို့မှာ စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပါရှိကြောင်း စွပ်စွဲပြောဆိုထားပြီး အဲဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ မြေပြင်နဲ့ ဝေဟင်ကနေ အင်အားအလွန်အကျွံသုံးနေတာတွေကို ရပ်တန့်ဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ စစ်ခုံရုံးတွေကိုပါ တိုင်ကြားသွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

မင်းတပ်မြို့သူမြို့သားအများအပြားထွက်ပြေးတိမ်းရှောင်


BBC Burmese

https://www.bbc.com/burmese/burma-57127285

မင်းတပ်မြို့မှာ စစ်ကား ၆ စီးကို အရပ်သား ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်၊ မြို့တွင်းမှာတိုက်ပွဲဆက်လက်ဖြစ်ပွား  မင်းတပ်မြို့မှာ စစ်ကား ၆ စီးကို အရပ်သား ကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းသိမ်းပိုက်၊ မြို့တွင်းမှာတိုက်ပွဲဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.