မိုးကုတ်နဲ့ ရှမ်းမြောက်မှာ ရေကြီးရေလျှံမှုဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်မှာ တောင်ကျရေကျဆင်းတာကြောင့် မျောပါသွားတဲ့ ကိုရင် တစ်ပါးကို ရှာဖွေ ကယ်ဆယ်ပေးနေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - Myanmar Fire Services Department - မေ ၁၉၊ ၂၀၂၁)

မြန်မာနိုင်ငံအတွင်းက မြို့နယ်တချို့မှာ ဒီကနေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့သလို ရှမ်းပြည်နယ်က သီပေါနဲ့ ကျောက်မဲမြို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်းက ဗမွန်းကျေးရွာအတွင်းမှာ ဒီကနေ့မနက်ပိုင်းက တောင်ကျရေတွေကြောင့် ဆွမ်းခံထွက်လာတဲ့ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ မိုးကုတ်မြို့နယ် မီးသတ်တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

“ကျနော်တို့က ရေကြီးတာမဟုတ်ဘူးခင်ဗျာ။ တောင်ကျရေ ဟိုဟာပေါ့... အရပ်က ကျတဲ့ ရေတွေ ရေမြောင်းထဲကိုကျတော့ ရေနည်းနည်းများတာပေါ့။ အဲဒီရေမြောင်းလေးမှာ ကိုရင်က ဆွမ်းခံထွက်ရင်းနဲ့ ခြေထောက်ဆေးတာ ချော်ပြီးတော့ ရေမြောင်းထဲ ပါသွားတာဗျာ။”

ဒါအပြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်အတွင်းမှာလည်း ဒီကနေ့ မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တမြို့လုံး ရေကြီးရေလျှံတာတွေ ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်သေဆုံး ပျက်စီးတာတွေ မရှိဘူးလို့လည်း ကျောက်မဲမြို့နယ် ဇိဝိတလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

“အခုနောက်ပိုင်းမှာကျတော့ မြို့ပတ်ဝန်းကျင်မှာ ရှိတဲ့ သစ်တောတွေ အကုန်လုံးပြုန်းလာတယ်။ တောင်ယာတွေ ခုတ်ကြတယ်။ သစ်တောတွေ မရှိတော့ဘူး။ နောက်တစ်ခါ မြို့ကလည်း လူအင်အား ကြပ်လာတယ်။ ကြပ်လာတော့ ရပ်ကွက်တွင်းလမ်းတွေ နောက်မြို့ရွာအတွင်းမှာ ရှိတဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ တမန်တလင်းတွေ ခင်းလာတယ်။ ဆိုတော့ မြို့က သူ့သဘာဝ အတိုင်းသွားနေတဲ့ ရေစီးရေလာ အနှောင့်အယှက်ဖြစ်သွားတာပေါ့။ ဆိုတော့ မိုးနည်းနည်းကြီးရင် ရေကြီးလာတယ်။ ဒီမနက်လည်း မိုးက သဲသဲမဲမဲ ရွာတယ်ပေါ့။ ရွာချိန်က ခဏပါပဲ နာရီပိုင်းလောက်ပဲကြာတယ်။ သို့သော် မိုးနည်းနည်းရွာတာနဲ့ ကျနော်တို့ မြို့က ဒယ်အိုးလို ဖြစ်နေတာ။ မြို့ပတ်လည်မှာ ရှိတဲ့ တောင်ကုန်းတောင်တန်းတွေက ရေတွေက မြို့ထဲဝင်ပြီး မြို့ထဲမှာ ရှိတဲ့ ချောင်းထဲကို ဝင်လာတော့ ရေလျှံတာပေါ့။ အဲဒါနဲ့ပဲ မြို့က နေရာတော်တော်များများမှာ ရေမြုပ်တာပေါ့။ အခုတော့ ကျသွားပါပြီ။”

တချို့မြို့နယ်တွေမှာ မိုးရွာသွန်းမှုတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ အပူအချိန်မြင့်မားမှုတွေလည်း ရှိနေတာပါ။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်း အပူချိန်က ၄၆.၅ နဲ့ တစ်နိုင်ငံလုံးမှာ အမြင့်ဆုံးဖြစ် အထိရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနတာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မုန်တိုင်းဖြစ်ပွားမယ့်အခြေအနေမရှိပေမဲ့လည်း အိန္ဒိယနိုင်ငံမှာ တိုက်ခတ်နေတဲ့ တောက်တဲ့မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးရွာသွန်းမှုတွေ အနည်းငယ်ရှိနိုင်တယ်လို့လည်း မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒုတိယညွန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“မုန်တိုင်းက ရှိမှမရှိတာ။ ဒါပေမဲ့ မနေ့ကလား ပြီးခဲ့တဲ့ ရက်က အိန္ဒိယနိုင်ငံကို ဝင်သွားတဲ့ တောက်တဲ့ မုန်တိုင်းက အန္ဒိယနိုင်ငံအနောက်မြောက်ဘက်ကို ဆက်သွားတော့ အဲဒီဘက်က လက်ရှိမှာတော့ အနောက်လေတွေက အားကောင်းနေတာပေါ့။ အနောက်လေဆိုတော့ အရှေ့ဘက်ကို အဲဒီဘက်က တိမ်တွေကို သယ်လာတာတော့ ရှိတာပေါ့လေ။ အဲဒ့ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းတွေမှာ ပြန်ရွာလာတာတွေ ရှိတယ်။ ဒါတွေကတော့ တစ်ခုခုနဲ့ တစ်ခုခု ဆက်စပ်တာပေါ့လေ။ အပူကြောင့် ဖြစ်တဲ့ တိမ်တွေ အားကောင်းတာတွေကြောင့် ဒါမျိုးတွေကကတော့ ရွာလေ့ရွာထ ရှိပါတယ်။ တောက်တဲ့က ကုန်းပေါ်ရောက်သွားပြီးတော့ တစ်ဖြည်းဖြည်း အားပျော့သွားမှာလေ။ အကြွင်းအကျန်တွေကတော့ အနောက်လေတွေနဲ့ ရောက်လာမှာဆိုတော့ သက်ရောက်မှုက ဒီလောက်ပဲရှိတာ။ အများကြီးတော့ မရှိပါဘူး။ ”

မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်းဆိုသလို မုတ်သုံအဝင်ကာလနဲ့ မိုးဦးကလာတွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေကြီးရေလျှံတာတွေ ဖြစ်လေ့ရှိတာကြောင့် အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/moe-goke-shan-water-flood/5896292.html

မိုးကုတ်နဲ့ ရှမ်းမြောက်မှာ ရေကြီးရေလျှံမှုဖြစ် မိုးကုတ်နဲ့ ရှမ်းမြောက်မှာ ရေကြီးရေလျှံမှုဖြစ် Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.