ရန်ကုန်အပါနေရာအတော်များများဗုံးကွဲမှု သေဆုံးဒဏ်ရာရသူများရှိ

Police prepare to search for protesters, who were taking part in a demonstration against the military coup, in downtown Yangon on May 6, 2021. (Photo by STR / AFP)

ရန်ကုန်မြို့အပါအဝင် နေရာတော်တော်များများမှာ ဒီကနေ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ သတို့သမီးသေဆုံးခဲ့ပါတယ်၊ ရန်ကုန်ရွှေပြည်သာမြို့နယ်၊ ပုသိမ်မြို့ မန္တလေးမြို့က လျှပ်စစ်မီတာဆောင်တဲ့ EPC ရုံးတွေမှာလည်း၊ ဒီကနေ့ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ပေါက်ကွဲမှုသတင်းအပြည့်အစုံကို အလိမ္မာ ကပြောပြပေးမှာပါ။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(က)ရပ်ကွက်မှာ မင်္ဂလာဆောင်အခမ်းအနားကျင်းပနေတဲ့ နေအိမ်တအိမ်မှာ ဒီကနေ့ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သတို့သမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့တယ်ပါတယ်။ အဲဒီပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်ပြီးချင်း ရဲနဲ့စစ်တပ်ရောက်လာလို့ အခြေအနေအတိအကျကိုတော့ မသိရသေးဘူးလို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ လက်ဆောင်ပုံး ဖွင့်စဉ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဒီပေါက်ကွဲမှုဖြစ်စဉ်အကြောင်း တက်လာချိန် သတို့သားဖြစ်သူဟာ စစ်ကောင်စီကိုလိုလား ထောက်ခံသူဖြစ်တယ်လို့ တချို့က စွပ်စွဲပြောပေမဲ့ ဒါကိုတော့ ဗီအိုအေက သီးခြားအတည်မပြုနိုင်သေးဘူးလို့ Gen-Z လူငယ်တဦးက VOA ကိုပြောပါတယ်။

“မင်္ဂလာဆောင်မှာ ပါဆယ်ပုံးဖွင့်တဲ့အချိန်မှာ ပေါက်သွားတာ။ သတို့သားက ဆန္ဒပြတဲ့အထဲလည်း တောက်လျှောက်ပါထားတယ် ကြားတယ်။ ဒလံလို့စွပ်စွဲတာက တခြားသူက မလိုလို့ပြောတာလို့လည်း ပြောတယ်။ ညီမတို့လည်း အဲဒါကို လိုက်ဆက်နေတုန်းပဲ၊ အတည်မပြုနိုင်သေးဘူး။”

ဒီဗုံးကွဲမှုနဲ့ပါတ်သက်လို့ သင်္ကန်းကျွန်းရဲစခန်းနဲ့ ရဲမှူးကို ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုခြင်းမရှိပါဘူး။ ရန်ကုန်မြို့နေရာတော်တော်များများမှာ အခုနောက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်နေတာမှာ ဒီနေ့ သင်္ကန်းကျွန်းမှာ ပေါက်ကွဲမှုကတော့ သေဆုံး၊ ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တာပါ။

အလားတူ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ ကားကြီးဂိတ်မှတ်တိုင်နားက EPC ရုံးမှာလည်း ဒီနေ့မီတာဆောင်သူတွေ တန်းစီနေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာတော့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူကပြောပါတယ်။

“မီတာဆောင်နေတုန်းမှာ ပေါက်တာလို့ ကြားတယ်ဗျ။ လူကတော့ အထိအခိုက်မရှိဘူးလို့ ကြားတယ်။ အဲဒီပေါက်တဲ့နေရာက ဟိုတခေါက် စစ်သားတွေနဲ့ ဆန္ဒပြသူတွေ နှစ်ဖက်ပစ်ခတ်ရင်း သေသွားကြတဲ့အရှေ့မှာ - အဲဒီမှာ လျှပ်စစ်ရုံးရှိတယ်။ မနေ့ညလောက်အထိကတော့ အဲမှာ ရဲတွေ၊ စစ်သားတွေကတော့ လှည့်တယ်ဗျ။ စစ်ကားတွေကတော့ တော်ရုံတန်ရုံ မတွေ့တော့ဘူး။ ရဲတွေကတော့ မနေ့ကတော့ တော်တော်ရှုပ်နေကြတယ်။ ဘာတွေရှုပ်နေမှန်းတော့ မသိဘူး၊ ညဘက်တွေလည်း သူတို့တွေသွားနေကြတာပဲ။ ကျောင်းအပ်တဲ့ကိစ္စတွေ ဘာတွေနဲ့ အဲဒီနေ့တွေက ကင်းလှည့်တာရှိတယ်။ ရပ်ကွက်ထဲလည်း လုံခြုံရေးဆိုပြီး ဥက္ကဋ္ဌလူတွေ ကင်းလှည့်တာတော့ရှိတယ်။ ဥက္ကဋ္ဌလူတွေကလည်း ဆိုင်ကယ်တွေနဲ့ ဓားတွေ၊ ဒုတ်တွေနဲ့ ပတ်နေကြတာတော့ တွေ့တာပဲ။”

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဘူတာရုံလမ်းပေါ်မှာရှိတဲ့ EPC လျှပ်စစ်ရုံးမှာလည်း ဒီကနေ့ မီတာဆောင်သူတွေရှိနေချိန် နေ့လည် ၁၂နာရီကျော် ဝန်းကျင်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ မီတာဆောင်သူတွေ များပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ငွေလက်ခံတဲ့ အခန်းထဲမှာဖြစ်လို့ မီတာဆောင်သူတွေနဲ့ဆို မှန်နဲ့ သံဇကာခြားပြီး ဖြစ်ခဲ့တာပါ။ မီတာရုံးရှေ့မှာ ရဲတွေရှိနေချိန် ရုံးထဲပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

“ထိခိုက်မှုကတော့ CDM သမားတွေ မရှိတဲ့နောက်ပိုင်းဝင်တဲ့ မီတာစာရေး ရုံးဝန်ထမ်း အသက် ၂၀ အရွယ် အမျိုးသားပေါ့။ ဖြစ်တာက မီတာကောက်တဲ့ ငွေခန်းထဲမှာဖြစ်တာ၊ လူတွေတန်းစီနေတဲ့နားမှာ ပေါက်တာမဟုတ်ဘူး။ အခုဟာက အဲဒီကောင်လေးကို ပြန်ပြီးစွပ်စွဲတယ်လို့လည်း ကြားတယ်။ ဒီကောင်လေးလက်ထဲမှာ ပေါက်တယ်လို့တော့ပြောတယ်။ သူ့ကိုတော့ တပ်မတော်ဆေးရုံမှာ ပို့ထားတယ်။ သူ့အိမ်ကိုလည်း အခုရှာနေတယ်။ လောလောဆယ် အဲဒီတယောက်ပဲ ထိတာပေါ့။ ကွန်ပြူတာတွေ ပျက်စီးသွားတယ်၊ မှန်တွေကွဲသွားတယ်၊ အဲလောက်ပဲ ဗုံးကတော့။ မီတာရုံးအဝင်ဝမှာက ရဲ ၃ - ၄ယောက် လုံခြုံရေးချပေးထားတာ။ အဲဒီအချိန်မှာ ပေါက်တာဆိုတော့ သူတို့က အတွင်းလူလို့သတ်မှတ်ပြီး အခုထိတဲ့ကောင်လေးရဲ့ အိမ်ကို ကား ၄ စီးနဲ့လာပြီး လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်တွေ ဝင်ရှာနေတယ်။”

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဝါခင်းကုန်းဘုရားအနီးက EPC ရုံးမှာလည်း ဒီနေ့ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပေမဲ့ ကြီးကြီးမားမားမဖြစ်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“မီတာရုံးခြံစည်းရိုး အတွင်းထဲ ကျတာပေါ့။ ဘာမှဆိုးဆိုးရွားရွား မဖြစ်ဘူး။ ထိသွားတဲ့ အမျိုးသမီးကို ခဲလေးတွေစင်တဲ့ ပုံစံမျိုးလေးပဲ။ ဒဏ်ရာအကြီးကြီး မဟုတ်ဘူး။ မီတာလာဆောင်တဲ့သူတွေက တချို့သိတောင်မသိဘူး။ အုံးအုံးကျွတ်ကျွတ်လည်း ဖြစ်မသွားဘူး။ တန်းစီတဲ့သူတွေက တန်းမပျက်ပဲ လုပ်နေကြတာ။”

စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ မီတာခ အပါအဝင် နစက စစ်ကောင်စီကို ပေးရမယ့် အခွန်ငွေတွေ မပေးဆောင်ကြဘဲ ပြည်သူတော်တော်များများ ဆန္ဒပြခဲ့ကြပါတယ်။

ဒါပေမဲ့ တချို့မြို့နယ်တွေမှာ မေလ ၂၅ ရက် ဒီနေ့ နောက်ဆုံးထားပြီး မပေးဆောင်ရင် လျှပ်စစ်ဓာတ်အားဖြတ်တောက် အရေးယူခံရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် တချို့က မီတာခတွေ ပေးဆောင်နေကြချိန် မီတာရုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုတွေနဲ့ပါတ်သက်လို့ ဘယ်သူ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။

စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတချို့ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေက အကြမ်းဖက် တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ 


အလိမၼာ/ VOA Burmese

https://burmese.voanews.com/a/bomb-blast-several-places-in-yangon/5903710.html

ရန်ကုန်အပါနေရာအတော်များများဗုံးကွဲမှု သေဆုံးဒဏ်ရာရသူများရှိ ရန်ကုန်အပါနေရာအတော်များများဗုံးကွဲမှု သေဆုံးဒဏ်ရာရသူများရှိ Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.