နန်စီပွန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုမှာ တပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီပြေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်ထဲက နန်စီပွန်နယ်မြေရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) က မနေ့ မေလ ၂၂ ရက်တုန်းက ဝင်တိုက်ခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေပြီး နောက်ထပ် ရဲ ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ မေလ ၂၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာ သတင်းဖော်ပြလာပါတယ်။

မနေ့က စခန်းအတိုက်ခံရချိန်မှာ ရဲဘယ်နှဦးအထိ ပျောက်ဆုံးနေတယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာမျိုးမရှိပါဘူး။

ဒေသခံတွေရဲ့အပြောအရဆိုရင် နန်စီပွန်ဒေသမှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီတွေမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ နေရာနှစ်ခုကို KIA က မေ ၂၂ ရက်မနက် ၄ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ KIA ဟာ သာလွန်အင်အားနဲ့ လေးဘက်လေးတန် ဝိုင်းပြီး တိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတွေအပြောအရဆိုရင် ပစ်ခတ်ခံခဲ့ရတဲ့နေရာဟာ ရဲတပ်ရင်း ၁၆ ရဲ့ ရဲကင်းနေရာဖြစ်ပြီး အဲဒီလိုတိုက်ခိုက်ခံရအပြီးမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ကျောက်မျက်ကုမ္ပဏီတစ်ခုရဲ့ ကားဝပ်ရှော့ဆောင်မီးလောင်ခဲ့သလို အနီးနားမှာရှိတဲ့ နန်စီပွန်ရွာထဲမှာလည်း မီးခိုးတွေ တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

နန်စီပွန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုမှာ တပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီပြေ  နန်စီပွန်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုမှာ တပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီပြေ Reviewed by THITHTOOLWIN on 19:40 Rating: 5

No comments:

Powered by Blogger.